သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် မြေစာပုံပြိုကျမှု ပျောက်ဆုံးသူတွေ ရှာဖွေဆဲ


ဖားကန့် ကျောက်စိမ်းလုပ်ကွက် မြေစာပြိုကျတဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၁။ ဓာတ်ပုံ - CJ)
ဖားကန့် ကျောက်စိမ်းလုပ်ကွက် မြေစာပြိုကျတဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၁။ ဓာတ်ပုံ - CJ)

(Zawgyi / Unicode)

ကချင်ပြည်နယ်၊ ဖားကန့်မြို့က ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တခုရဲ့ မြေစာပုံပြိုကျမှုကြောင့် လူအနည်းဆုံး ၅ ဦးသေဆုံးနိုင်တယ်လို့ ဖားကန့်ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူက ဗွီအိုအေ ကိုပြောပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းတွေကို မြေစာပုံဘေးက နွံကန်ထဲမှာ တနလာၤနေ့ ညနေပိုင်းအထိ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေခဲ့ကြပါတယ်။ မြန်မာပြည်တွင်းကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုရဲမွန်က ပြောပြပေးမှာပါ။

ဖားကန့်မြို့နယ်၊ ဆိုင်းဂျာဘွမ်ကျေးရွာနားက ကျောက်စိမ်းမြေစာပုံဟောင်းတခု ဒီဇင်ဘာလ ၁၉ ရက်မှာပြိုကျခဲ့တဲ့အတွက် ဒီမြေစာပုံပေါ်မှာ ကျောက်ရှာနေတဲ့သူတချို့ ပျောက်ဆုံးနေပါတယ်။ မြေစာပုံဘေးမှာရှိတဲ့ နွံအိုင်ထဲကို ပြိုကျခဲ့တာဖြစ်လို့ ပျောက်ဆုံးတဲ့သူတွေကို အဲဒီကန်ထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြတာပါ။ တနလာၤနေ့ ညနေပိုင်းအထိ ပျောက်ဆုံးတဲ့သူတွေကို ရှာလို့မတွေ့သေးဘူးလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တချို့က ပြောပါတယ်။ ဒီမြေစာပုံပြိုကျချိန်က ကျောက်ရှာနေသူ လေးငါးယောက်လောက်ပဲရှိကြောင်း ဖားကန့်မြို့နယ် ကြက်ခြေနီအဖွဲ့ရဲ့ တာဝန်ခံ ကိုထွန်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ ရှာကြည့်တယ်၊ ချိတ်တွေနဲ့ဆွဲကြည့်တယ်၊ မတွေ့ဘူးတယောက်မှ။ အားလုံးက ၅ ဦးပါတယ်။ လှိုင်းရိုက်ပြီးမှ အကုန်ပါသွားတာ ငါးယောက်လောက်။ သူတို့ မြေစာကျတဲ့အချိန် ရေလှိုင်းက ဟိုးဘက်ကမ်းကိုရိုက်ပြီးမှ ဒီဘက်ကမ်းကိုပြန်အလာမှာ မြေတွေအကုန်ပြိုကျတာ။ ကျနော်တို့ မှော်ဝိုင်းကြီးရေကန်မှာ အရင်တုန်းက ဆယ်တဲ့ပုံစံလို တန်း ၃ တန်းနဲ့ ငါးမျှားချိတ်လုပ်ပြီးမှ လှေနဲ့ဆယ်တာ။”

ပုံမှန်အတိုင်းဆို အဲဒီနေရာမှာကျောက်ရှာတဲ့သူ အနည်းဆုံး အယောက် လေးငါးဆယ်လောက် ရှိတတ်ပေမဲ့၊ မြေစာပုံပြိုချိန် ကျောက်ရှာသူ များများ စားစား မရှိသေးဘူးလို့ ရေမဆေးကျောက်ရှာဖွေသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ပျောက်ဆုံးနေသူတွေထဲမှာ သူ့နဲ့သိသူတွေလည်း ပါပါတယ်။

“ ရှာတုန်းပဲ ကျနော်တို့ မတွေ့သေးဘူးခင်ဗျ၊ ကျနော်တို့ ဆိုင်းဂျာဘွမ်က ၂ ယောက်၊ မက်လင်ချောင် တယောက်၊ ကုမ္ပဏီက ၂ယောက် အဲဒါပဲကြားသေးတာ။ ကားစချိန်ဆိုတော့ နည်းနည်းတော့နည်းတယ် ခင်ဗျ။ တော်တော်များများ ကံကောင်းသွားတာပေါ့ ခင်ဗျ။”

မနှစ်က အခုလိုအချိန်မှာလဲ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာနားက မြန်မာသူရ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ဟောင်းရဲ့ မြေစာပုံပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာနေသူ သုံးဦး သေဆုံးခဲ့ပြီး တချို့ဒဏ်ရာရခဲ့ပါတယ်။

ဖားကန့်က ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေမှာ ခုလိုမြေစာပုံအဟောင်းတွေ မကြာခဏပြိုကျလေ့ရှိပြီး အသက်ဆုံးရှုံးမှုတွေလည်း အများအပြားရှိပါတယ်။ အဲဒီအထဲမှာ ၂၀၂၀ ဇူလိုင်လ ၂ရက်က ဖြစ်ခဲ့တဲ့ ဝှေခါး ကျေးရွာက မြေစာပုံပြိုကျမှုက အဆိုးရွားဆုံးဖြစ်ပြီး ရေမဆေးကျောက်ရှာသူ ၁၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒေသခံတွေကတော့ အဲဒီတုန်းက အယောက် ၂၀၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)

ဖားကန့ျ မွစောပုံပွိုကမြှု ပြောကျဆုံးသူတှေ ရှာဖှဆေဲ








XS
SM
MD
LG