သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေလက်ခံဖို့ ဘင်္ဂလားဒေ့ရ်ှကို HRW ဖိအားပေး


မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်မောင်းထုတ်နေတာတွေ ရပ်တန့်ဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို ထပ်မံ တိုက်တွန်း နေပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာမှာ နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့တော့ ကိုင်တွယ်တာမရှိသေးတဲ့အကြောင်း ဘန်ကောက်မြို့ကနေ သတင်းထောက် Danielle Bernstein က သတင်းပေးပို့ထားပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပါမယ်ရှင်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နယ်စပ်ဂိတ် တွေ ဖွင့်ပေးပြီး အကူအညီတွေပေးဖို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ Human Rights Watch က မနေ့က ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လှေတွေနဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင် တွေက တားမြစ်ပြီး ပြန်လည်နှင်ထုတ်တာတွေ အကြိမ်ကြိမ် လုပ်ခဲ့တဲ့အကြောင်း လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ပြောပါတယ်။

ခုလို လုပ်ရပ်တွေကို သူတို့အဖွဲ့က ကိုယ်စားလှယ်တွေက စောင့်ကြည့်လေ့လာမှုတွေ လုပ်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်ညွန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းစောင့်တပ်တွေဟာ သတင်းထောက်တွေနဲ့ တခြားသူတွေကို ရိုဟင်ဂျာတွေနဲ့ တွေ့လို့ မရအောင် ဟန့်တားထားတယ်။ ဒုက္ခသည်တွေကို ပြန်ပြီး နှင်ထုတ်တဲ့အထဲမှာ ကလေးငယ်တွေ၊ အမျိုးသမီးတွေ ပါပါတယ်။ သူတို့ကို ပြန်နှင်ထုတ်လိုက်ပြီးတဲ့နောက် ဒီလူတွေ ဘယ်ကိုရောက်သွားပြီး ဘာဖြစ်သွားလဲဆိုတာ သေချာ မသိရပါဘူး။ ဒါက တကယ့်မေးခွန်းပါ။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ အနေနဲ့ ဖြေရမယ့်ကိစ္စပါ။”

မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်လာနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာအစိုးရအနေနဲ့ အကာအကွယ်ပေးဖို့နဲ့ ပဋိပက္ခတွေ ဖြစ်နေတဲ့ဒေသကို လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ လာရောက် လေ့လာခွင့်ပြုဖို့ကိုလည်း Phil Robertson က တောင်းဆိုပါတယ်။ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်ပစ် ထွက်ပြေးနေရတဲ့ ဒုက္ခသည် ၉ သောင်း လောက် ရှိမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ခန့်မှန်းထားသလို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဒီအထဲက ဒုက္ခသည် ၆ သောင်း ၆ ထောင်ကျော်ထံကို WFP က အကူအညီတွေ ပေးပို့ခဲ့ပါတယ်။

ဒီလအစောပိုင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ရခိုင် ဗုဒ္ဓဘာသာ အမျိုးသမီးငယ်တဦးကို ရိုဟင်ဂျာ မူဆလင် ၃ ယောက်က အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်အပြီး ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒီ အကြမ်းဖက် သတ်ဖြတ်ခဲ့ကြတဲ့ မူစလင်သုံးယောက်ထဲက နှစ်ယောက်ကို ရုံးတင်စစ်ဆေးခဲ့ပြီး သေဒဏ်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ ကျန်တစ်ယောက် ကတော့ ထောင်ထဲမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၅၀ လောက်ရှိပြီး ဒဏ်ရာရသူတွေလည်း အများ အပြား ရှိတဲ့ အကြောင်း မြန်မာအစိုးရ သတင်းတွေက ဆိုပါတယ်။ အခုလို ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီသီတင်းပတ် သူ့ရဲ့ ဥရောပခရီးစဉ်အတွင်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။ နိုင်ငံမဲ့ဖြစ်နေသူတွေ၊ ခန့်မှန်းချေ လူဦးရေ ၈ သိန်းလောက်ရှိတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ခုကိစ္စမှာ နိုင်ငံသားအဖြစ် စိစစ်မှုတွေ လုပ်ဖို့ အရေးကြီးတဲ့အကြောင်းကို ထောက်ပြ ပြောဆိုသွားခဲ့တာပါ။

“ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့ဆီက လူတွေ မဟုတ်ဘူးလို့ပြောတယ်၊ မြန်မာဘက်ကလည်း ဒီလိုပဲ သူတို့ဆီက မဟုတ်ဘူးလို့ ပြောတယ်။ သနားစရာကောင်းတဲ့ ဒုက္ခသည်တွေက ကြားမှာ ခံနေရတယ်။ ဆိုတော့ ကျမတို့မှာ ဥပဒေ စိုးမိုးမှု ရှိဖို့လိုနေတယ်။ ဥပဒေကို နားလည်ရမယ်၊ ဥပဒေအတိုင်း မှန်မှန်ကန်ကန် အကောင်အထည် ဖော်တာမျိုးဖြစ်အောင် လုပ်ရမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာတွေဟာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရပါ တယ်။ မြန်မာ နိုင်ငံမှာ တရားဝင်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိတဲ့အထဲမှာ ရိုဟင်ဂျာ ဆိုတာ မပါပါဘူး။ ၁၉၈၃ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်းမှာလည်း ရိုဟင်ဂျာတွေကို နိုင်ငံခြား သားတွေအဖြစ် သတ်မှတ် ထားတာပါ။ နောက်တကြိမ် သန်းကောင်းစာရင်း ပြုစုဖို့ ရှိတာမှာလည်း ဒီအတိုင်း ပဲ ပြောင်းလဲမှာမဟုတ်ဘူးလို့ ၂၀၁၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုတွေကို အဓိက ကြီးကြပ်မယ့် မြန် မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အကြီးတန်းအရာရှိ ဦးမြင့်ကြိုင်က ပြောပါတယ်။

“နိုင်ငံထဲမှာရှိတဲ့သူ ဘယ်သူမဆို နိုင်ငံသားပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲဖြစ်ဖြစ် ကျနော်တို့ စာရင်းကောက်မှာပါ။ ရိုဟင်ဂျာ အနေနဲ့တော့ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ သူတို့ကို နိုင်ငံခြားသား၊ ဒါမှမဟုတ် တခြား လူမျိုး စသဖြင့် သတ်မှတ်နိုင်ပါ တယ်။”

လေ့လာသုံးသပ်သူတွေကတော့ ရိုဟင်ဂျာကိစ္စလိုမျိုး လူမျိုးရေး ပဋိပက္ခတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာက မြန်မာ အစိုးရအတွက် အဓိက စမ်းသပ်မှုတခု ဖြစ်တယ်လို့ ပြောနေကြတာပါ။ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ် ပြုခံရတဲ့ နိုင်ငံရေးဖြေရှင်းမှုမျိုးကို သူတို့အဖွဲ့ ထောက်ခံတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က မြန်မာ့အရေး သုံးသပ်သူ Benjamin Zawacki က ပြောပါတယ်။

“လွန်ခဲ့တဲ့တနှစ်လောက်က ပြုပြင် ပြောင်းလဲမှုတွေ စလုပ်လာတဲ့ အချိန်ကတည်းက လူ့အခွင့်အရေးနဲ့ ပတ်သက်လို့တော့ ချီးကျူးလောက်စရာ တိုးတက်မှုတွေနဲ့ မြန်မာနိုင်ငံသားတွေ မတွေ့ကြုံရသေးပါဘူး။ လူတစ်ယောက်က ကျနော်တို့ကို ပြောဖူးတယ်၊ အခု ပြုပြင် ပြောင်းလဲမှုတွေက တခြား သူတွေအတွက်ပဲလိုပါပဲတဲ့။ သူတို့အတွက်တော့ မဟုတ်ပါဘူးတဲ့။ ဆိုတော့ ကျနော် ထပ်ပြောချင်တာက ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် လက်ခံဖို့အတွက် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်သင့်တယ် ဆိုတာပါပဲ။”

မြန်မာနိုင်ငံမှာ အများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေက ရိုဟင်ဂျာ မူစလင်တွေကို နိုင်ငံသားအဖြစ် လက်မခံတဲ့အတွက် ကြောင့် တိုင်းရင်းသားအဖွဲ့တွေ မျှော်လင့်အားကိုးရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား အတိုက်အခံ လွှတ်တော် အမတ်တွေအကြားမှာလည်း အခုကိစ္စက နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ ဆက်ပြီးဖြစ်လာစေတယ်လို့ လေ့လာ သုံးသပ်သူတွေက ပြောနေကြပါတယ်ရှင်။

XS
SM
MD
LG