ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က တရုတ်၊ မြန်မာနယ်စပ် ကုန်သွယ်ရေးဌာန ဖြစ်တဲ့ ၁၀၅ မိုင်ဂိတ်မှာ ဒီကနေ့ မနက်အစောပိုင်းက ဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် လူဝင်မှုကြီးကြပ်ရေးက အရာရှိတယောက် သေဆုံးသွားပါတယ်။ ဒီဗုံးပေါက်ကွဲမှုဟာ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတဲ့ဗုံးဖြစ်တယ်လို့ တရုတ် မြန်မာ နယ်စပ်က ဒေသခံတွေက ပြောဆိုပေမဲ့ မူဆယ်ရဲစခန်းက တာဝန်ရှိသူတွေကတော့ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တစုံတရာ အတည်ပြုချက် မပေးပါဘူး။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
တရုတ်၊ မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အခြာ နေရာတခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ဂိတ်မှာ ဒီမနက် ငါးနာရီ မိနစ်၂၀ လောက်မှာ ဗုံးပေါက်ကွဲခဲ့တာပါ။ ဒီပေါက်ကွဲမှုမှာ လူတယောက်သေဆုံးခဲ့တယ်လို့ မူဆယ် ဒေသခံ အမျိုးသမီးတယောက် က ပြောပါတယ်။
"၁၀၅ မိုင်မှာတဲ့။ တောင်ခြေမှာတဲ့ ။ တယောက်တော့ သေသွားတယ်လို့ ပြောတာပဲ။"
အခြားဒေသခံတယောက်ကတော့ သေဆုံးသူဟာ လူဝင်မှုကြီးကြပ်ရေးက အရာရှိဖြစ်တယ်လို့ အခုလို ပြောပါတယ်။
"စစ်ဆေးရေးဂိတ်မှာပဲတဲ့။ ၁၀၅ မိုင်၊ ဗုံးကွဲတယ်။ ဖြစ်တဲ့နေရာမှာလဝက အရာရှိ တယောက် ပွဲချင်းပြီး သေသွားတယ်ပြောတယ်။"
တရုတ်၊ မြန်မာနယ်စပ်ဒေသက စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော ကတော့ ဒီဗုံးဟာ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတာဖြစ်နိုင်ကြောင်း အခုလို ပြောပါတယ်။
"၁၀၅ မိုင် check point က ကားကြီးပေါ့။ cargo truck တွေ check လုပ်တဲ့နေရာမှာ မနက် ၅ နာရီခွဲ လောက်မှာ ကိုကြည်ထွန်း၊ အဲဒီသေသွားတဲ့ ဒု-လက်ထောက် လ.ဝ.က မှူးပေါ့။ သူက ထွက်လာတဲ့ အချိန်မှာ ဘေးမှာ ကပ်လျက်မှာ ခုံနားလေးမှာ ကပ်ထားပုံ ရတယ် ဗုံးက။ သူလည်း ရောက်လာရော ကြည့်ရတာ remote နဲ့ နှိပ်ပြီးခွဲတယ်နဲ့ တူတယ်။ သူအဲဒီမှာတင် ပွဲချင်းပြီးသွားတယ်။ သူ့ဘေးနားမှာ ရပ်ထားတဲ့ light truck တခုကတော့ ဘော်ဒီပိန်တာနဲ့ မှန်တွေ ကွဲထွက်ကုန်တာပေါ့။"
သေဆုံးသူ ဦးကြည်ထွန်းဟာ လ.ဝ.က ဌာနက တပွင့်နဲ့ အရာရှိဖြစ်ပြီး အသက် ၄၀ ဝန်းကျင်အရွယ်ဖြစ်တယ် လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မူဆယ်မြို့က မြို့နယ်ရဲစခန်းကို ဆက်သွယ်ကြည့်ရမှာတော့ တာဝန်ကျ ရဲဝန်ထမ်းက အခုလို ပြန်ကြားပါတယ်။
"ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ လူကြီးတွေ သွားနေတယ်ခင်ဗျ။ ပြန်လာမှ ကျနော်တို့ သိရမှာပါ။"
တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနကတော့ ဒီဗုံးပေါက်ကွဲမှုဟာ အချိန်ကိုက်ဗုံး ဖြစ်နိုင်ကြောင်း ဒေသခံတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။ ညနေ လေးနာရီ အထိကတော့ ဒီဗုံးဖောက်ခွဲတဲ့ လက်သည်တရားခံ ဘယ်သူ ဆိုတာ ထုတ်ဖော်နိုင်တာ မရှိသေးသလို ဖမ်းဆီးနိုင်တာလည်း မရှိသေးပါဘူး။ ဒီလ ၁၄ ရက်၊ သင်္ကြန် အကျက်နေ့ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထွက် မီးရထားသံလမ်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှုမှာတော့ သံလမ်းဇလီဖားတုံး သုံးတုံးလောက် ပျက်စီးခဲ့ပေမယ့် အထိအခိုက် မရှိခဲ့ပါဘူး။