ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ ဒီကနေ့မနက်မှာ ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်မှာတွေ့ဆုံပြီး ပြည်သူလူထုနဲ့သက်ဆိုင်တဲ့ အချက် ခြောက်ချက်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရေးအတွက် အဓိက ဆွေးနွေးခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။ ဒီကနေ့ KNU နဲ့ အစိုးရ ကိုယ်စားလှယ်အကြား ဆွေးနွေးပွဲ အခြေအနေကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
ဒီကနေ့ဆွေးနွေးပွဲဟာ KNU ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အကြား ပထမဆုံး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာတော့ ဒီနှစ် ဇန်နဝါရီလတုန်း က KNU က တင်ပြထားတဲ့အချက် ၁၁ ချက်ထဲက အဓိက အချက်ခြောက်ချက်ကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
KNUအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ အဓိက ဆွေးနွေးတဲ့အကြောင်းအရာတွေကို အခုလို ပြောပြပါတယ်။
“အဓိက ကတော့ ပြည်သူလူထုနဲ့ပတ်သက်တဲ့ကိစ္စ၊ monitoring ကိစ္စ၊ Code of Conduct ကိစ္စတွေ၊ အဲဒါ တွေကို ဆွေးနွေးပါတယ်။ အပစ်အခတ်ရပ်စဲရေးကိစ္စပြီးလို့ရှိရင် နှစ်ဘက်လိုက်နာရမယ့်စည်းကမ်းတွေ ဒါကို ကျနော်တို့ ဆွေးနွေးကြမှာပါ။ ဒါပေမယ့် နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီးတော့ သဘောတူညီချက်တွေကို နောက်မှ ပြန်ပြီးတော့ တွေ့ဆုံပြီးတော့ ဆုံးဖြတ်ဖို့ အစီအစဉ်ရှိပါတယ်။ အဓိကအချက်ကတော့ ကြောက်ရွံ့မှု ကင်းတဲ့ ပြည်သူလူထုရဲ့ ဘဝကို ဖန်တီးဖို့၊ နောက်ပြီးတော့ ပြည်သူလူထုရဲ့ ယုံကြည်မှုရရှိဖို့ အတွက် ပြည်သူလူထုရဲ့ အပစ်အခတ်ရပ်စဲမှုလုပ်တဲ့အခါမှာ လူထုအတွက် အကျိုးရှိမယ်ဆိုတဲ့ဥစ္စာကို ကျနော်တို့ ဖော်ဆောင်ရမှာကိုး။ ပြည်သူလူထုကို အကျိုးမရှိစေတဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်မှုဟာ ကျနော်တို့ မလိုလားဘူး။ ဒါကိုလည်း ဆုံးဖြတ်ချက်ချတယ်လေ။ ဒါကို လုပ်ဆောင်ဖို့လို့”
ဒီကနေ့ ဆွေးနွေးတဲ့အချက်တွေထဲမှာ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ပြီး ဒီအချက်ကိုတော့ တဖြည်းဖြည်း အကောင်အထည်ဖော်ဆောင်သွားဖို့ သဘောတူခဲ့တယ်လို့ ပြောပါတယ်။
KNU နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက် ကိုးနာရီ လောက်မှာ စတင်ဆွေးနွေးပြီး ညနေငါးနာရီကျော် လောက်မှာ ဆွေးနွေးဆုံးဖြတ်ချက်တွေကို မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နှစ်ဘက်တွေဆုံဆွေးနွေးပွဲရဲ့သဘောတူညီ ချက်တွေကို သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ဆွေးနွေးပွဲကို KNU ငြိမ်းချမ်းရေးအဖွဲ့ဘက် အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး တို့က ဦးဆောင်ပြီး ၂၁ ဦး တက်ရောက်ခဲ့သလို မြန်မာအစိုးရ ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဘက်ကတော့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ အပါ အဝင် ပြည်ထောင်စုဝန်ကြီး ၇ ဦး တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ ဆွေးနွေးပွဲအပေါ်မှာ အားရကျေနပ်မှုရှိပြီး ယုံကြည်မှုလည်း ပိုမိုရခဲ့ကြတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ဒီနေ့ဆွေးနွေးမှု တော်တော် အားရပါတယ်။ ကျနော်တို့တင်ပြတဲ့အချက်တွေကို ပြည်ထောင်စု အဆင့် ဆွေးနွေးရေးအဖွဲ့ ကိုယ်စားလှယ်တွေကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်။ အဖြေရှာကြ တယ်။ ကျနော်တို့ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့တယ်။ ဒါကို ကျနော်တို့ အားရတယ်လို့ ပြောလို့ ရနိုင်ပါတယ်။ ယုံကြည်မှုပိုမိုရရှိလာတယ်လို့ ပြောလို့ရနိုင်ပါတယ်”
မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဘက်က သဘောထားကို သိနိုင်ဖို့ မီးရထားဝန်ကြီး ဦးအောင်မင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ သတင်းမီဒီယာတွေကို တယ်လီဖုန်းက တဆင့်ဖြေကြားဖို့ အစီအစဉ်မရှိကြောင်း သူ့ရဲ့ကိုယ်ရေးအရာရှိဖြစ်သူက တုံ့ပြန်ပါတယ်။
KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန်မှာ ရန်ကုန်မြို့မှာရှိတဲ့ ကရင်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး တနင်္ဂနွေနေ့မှာတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ နောက်ရက်တွေမှာတော့ ပဲခူးတိုင်း၊ ကျောက်ကြီးဘက်ကို သွားရောက်ဖို့ ပြင်ဆင်ထားသလို ပဲခူးတိုင်းဒေသကြီးက အစိုးရအဖွဲ့အပါအဝင် စစ်တိုင်းမှူးနဲ့လည်းတွေ့ဆုံမှာ ဖြစ်ပါတယ်။
KNU ကိုယ်စားလှယ်နဲ့ မြန်မာအစိုးရရဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့ဟာ ဒီလ ၄ ရက် နေ့ကလည်း ကရင်ပြည်နယ်၊ ဖားအံမြို့မှာ ဒုတိယအကြိမ်တွေ့ဆုံပြီး အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာ နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ်တွေချမှတ်ရေး၊ အပစ်အခတ်ရပ်ဆိုင်းရေးကို စောင့်ကြည့်ရေးအဖွဲ့ ထားရှိရေး၊ ဆက်ဆံရေးရုံးတွေကို လိုအပ်တဲ့ဒေသတွေမှာ ဖွင့်လှစ်ရေးအပါအဝင် အပစ်အခတ်ရပ်ဆိုင်းရေး ဆိုင်ရာ အသေးစိတ်အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
KNU အဖွဲ့ဟာ မြန်မာအစိုးရအဆက်ဆက်ကို ၆၃ နှစ်ကြာ တော်လှန်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အပစ်အခတ်ရပ်စဲဖို့အတွက် ပြည်နယ်အဆင့်နဲ့ လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။