ကာဗွန်အခြေခံပြီးတည်ဆောက်ထားတဲ့ လူသားတွေနေထိုင်ရာလောကကြီးအတွက် ထူးခြားတဲ့ သိပ္ပံဆိုင်ရာ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်တဲ့ ဂရက်ဖင်း Graphene ကိုရှာဖွေတွေ့ရှိခဲ့သူ နှစ်ဦးကို နိုဗယ်ကော်မတီက ၂၀၁၀အတွက် ရူပဗေဒနိုဗယ်ဆုကြီး ချီးမြှင့်ခဲ့ပါတယ်။
သူတို့ကတော့ ဗြိတိန်နိုင်ငံ မန်ချက်စတာတက္ကသိုလ်က ရုရှားပါမောက္ခ နှစ်ဦးဖြစ်တဲ့ အန်ဒရေဂိုင်းနဲ့ ကွန်စတန်တင် နိုဗိုစလော့ဗ် တို့ပါ။ ကာဗွန်အနုမြူမှုန် တခုအဖြစ်ရှိနေတဲ့ ဂရက်ဖင်းကို သီးသန့် ခွဲထုတ် နိုင်တာကို သူတို့နှစ်ဦးက မမျှော်လင့်ပဲ တွေ့ရှိခဲ့ ကြတယ်လို့ အမေရိကန်နိုင်ငံ အိုဟိုင်းရိုး တက္ကသိုလ်က နာနိုရူပဗေဒ ပါမောက္ခ ဒေါက်တာစောဝေလှက ပြောပါတယ်။ ငွေကုန်ကြေးကျခံပြီး သုတေသနလုပ်ခဲ့တာ မဟုတ်ပဲ အများသုံးခဲတံပေါ်က ခဲသားကို တိတ်Tape နဲ့ ကပ်လိုက်ခွါလိုက်လုပ်ရင်းတွေ့ခဲ့တာပါ။ စာရွက် တရွက်ရဲ့ အထူလောက်ရှိတဲ့ နေရာမှာ ဂရက်ဖင်းအလွှာက သုံးသိန်းလောက်နေရာယူနိုင်ပါတယ်။
ဂရက်ဖင်းဟာ အလွှာတလွှာထဲရှိတဲ့ အနုမြူမှုန်တမှုန်ဖြစ်တာမို့ အသေးငယ်ဆုံးဖြစ်ပြီး ဒီဂရက်ဖင်းမှုန်မှာ သိပ္ပံ ပညာရပ်အတွက် ထူးခြားချက်တွေကို သွားတွေ့ခဲ့ပါတယ်။ ဒီဂရက်ဖင်းအလွှာမှာ အီလက်ထရွန်မြူမှုန် ရွေ့လျှား နိုင်မှုဟာ လက်ရှိသုံးနေတဲ့ ပစ္စည်းအားလုံးမှာထက် အမြန်ဆုံးဖြစ် နေတာမို့ သူ့ကိုသုံးပြီး ထုတ်လုပ်မယ့် လျှပ်စစ်ပစ္စည်းဟာ အားလုံးထက် အမြန်ဆုံးဖြစ်မယ်လို့ဆိုပါတယ်။ အလင်းရောင် ရွေ့လျှားနှုံးနီးပါး မြန်တာပါ။ တကယ်လို့ ကွန်ပြူတာမှာသုံးရင် ဂရက်ဖင်းသုံးတဲ့ ကွန်ပြူတာဟာ လက်ရှိ ဆီလီကွန်သုံး ကွန်ပြူတာထက် ဆက်သွယ်မှု ပိုမြန်မှာ ဖြစ်တဲ့အပြင် ဂရက်ဖင်းကို ကွန်ပြူတာ မှန်သားပြင်မှာပါ ဖေါက်ထွင်းမြင်နိုင်ပါတယ်။
ဒီလို လျှပ်စစ်ပစ္စည်းတွေတင်မကပဲ သူ့ကို ပလပ်စတစ်နဲ့ရောလိုက်ရင် ရလာမယ့် ပစ္စည်းအသစ်ဟာ အပူဒဏ်ကို ထူးထူးခြားခြား ခံနိုင်ရည်ရှိမှာ ဖြစ်တဲ့အပြင် ပိုမိုမာကျောပြီး ပျော့ပြောင်းမှုလည်း ပိုရှိမှာပါ။ ဒီဂုဏ်သတ္တိရှိတဲ့ ဂရက်ဖင်းကို ရှာဖွေတွေ့ရှိခဲ့ သူနှစ်ဦးကို ရူပဗေဒနိုဗယ်ဆု ချီးမြှင့်ခဲ့တာပါ။