နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမယ့် APEC လို့ အတိုကောက်ခေါ်တဲ့ အာရှ-ပစိဖိတ် စီးပွားရေးကော်ပိုရေးရှင်း ထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ့် ကမ္ဘာတဝှမ်းက နိုင်ငံ့ခေါင်းဆောင်တွေ ရောက်လာကြပါပြီ။ ဒီအချိန်မှာ ဆန္ဒထုတ်ဖော်ကြတဲ့သူတွေလည်း ရောက်နေပြီး ဒီထဲမှာ မြန်မာတွေလည်း ပါဝင်တာပါ။ ဆန္ဒပြရတဲ့ အကြောင်းအရင်းနဲ့ APEC အစည်းအဝေးအကြောင်းကို မအိသန့်စင်က တင်ဆက်ပေးထားပါတယ်။
အဖွဲ့ဝင် ၂၁ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ် စီးပွါးရေးကော်ပိုရေးရှင်း APEC အစည်းအဝေးပွဲကိုတက်ဖို့ ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်တွေက ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ကို ရောက်နေကြပါပြီ။ ဒီမှာ မြန်မာစစ်ကောင်စီကို လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ APEC အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ စင်ကာပူအပါအဝင် တခြားနိုင်ငံတွေကို မြန်မာစစ်ကောင်စီကို လက်နက်ရောင်းတာတွေ ရပ်တန့်ဖို့တောင်းဆိုဖို့အတွက် မြန်မာဆန္ဒပြသူတွေလည်း ရောက်နေကြပြီဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့တုန်းက ဆန္ဒပြခဲ့ကြတဲ့ မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချတာတွေကို တားမြစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဦးကိုကိုလေးကတော့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု မဟာမိတ်အဖွဲ့ဝင်တယောက်ပါ။
“ဒီနေ့ ကျနော်တို့စုစည်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ APEC leaders တွေဖြစ်တဲ့ - အထူးသဖြင့် တရုတ်၊ စင်ကာပူ၊ ထိုင်လန်၊ အိန္ဒိယ- သူတို့တွေက ကျနော်တို့ဗမာပြည်ကို လက်နက်တွေရောင်းချနေတာဖြစ်ပါတယ်။ အရောင်းချဆုံးနိုင်ငံကတော့ ရုရှားဖြစ်ပါတယ်။ ဒုတိယ ချိုင်းနား၊ တတိယက စင်ကာပူဖြစ်တယ်။ ပြီးရင်း ထိုင်းလန်းဖြစ်တယ်၊ ပြီးရင် အိန္ဒိယဖြစ်တယ်၊ သူတို့တွေက ဒီလိုရောင်းချနေတဲ့လက်နက်တွေနဲ့ အဲဒီလက်နက်တွေနဲ့ စစ်ကောင်စီက ဗုံးတွေကြဲနေတာ။ ဗုံးတွေကြဲနေတာ လူပေါင်း ၄,၀၀၀ ကျော် သေခဲ့ပြီးပြီ။ ရွာတွေ ၈၀,၀၀၀ ကျော် မီးရှို့ခဲ့ပြီးပြီ။ လူတွေဟာ သေနေတယ်၊ သောင်းနဲ့ချီပြီး အဖမ်းခံရတယ်။ အဲဒီအတွက်ကြောင့် လက်နက်တွေရောင်းနေခြင်းဟာ ပြည်သူလူထုကို သတ်နေခြင်းဖြစ်တယ်။ ဒီအတွက်ကြောင့် ဒီမှာလာတဲ့ခေါင်းဆောင်တွေက သူတို့ရဲ့လက်နက်ရောင်းတာတွေကိုရပ်ဖို့ စစ်ကောင်စီနဲ့အဆက်အသွယ်တွေဖြတ်ဖို့၊ ပြည်သူလူထုဘက်က ရပ်တည်ဖို့အတွက်ကို သူတို့ကို ကျနော်တို့က ရှင်းလင်းတဲ့ message ပေးတာဖြစ်ပါတယ်။”
များပြားလှတဲ့ ကမ္ဘာ့ပဋိပက္ခတွေကြားမှာ မြန်မာ့အရေးကိုလည်း မမေ့သွားဖို့ မြန်မာအသိုင်းအဝိုင်းနဲ့အတူ ဆန္ဒထုတ်ဖော်တာဖြစ်ကြောင်း ဆန္ဒပြကျောင်းသူ Rebecca ကလည်း ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ attention ကလည်း လူတွေတော်တော်များများက မြန်မာနိုင်ငံဆိုရင် သိပ်ပြီးတော့ ဘယ်ဟာမှန်းမသိကြဘူးပေါ့နော်၊ ဒီမှာက-။ အဲဒါကြောင့်မို့လို့ ညီမတို့က မြန်မာနိုင်ငံရဲ့ issue အစစ်ကိုထုတ်ပြဖို့အတွက် မြန်မာကွန်မြူနတီနဲ့ မြန်မာကျောင်းသားတွေနဲ့ပေါင်းပြီးတော့ ဒီပွဲကိုလာဖြစ်တာပေါ့နော်။”
မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေက အပစ်မဲ့အရပ်သားတွေကိုပါမရှောင် တိုက်ခိုက်နေတာတွေကို တားဆီးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း Burma Act ဥပဒေမှာပါတဲ့အချက်တွေအတိုင်း အမြန်ဆုံးအကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ နောက်ပြီးတော့ လူသားချင်းဆိုင်ရာအကူအညီတွေ ပေးသွားဖို့ကိုလည်း မြန်မာ့အရေး ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာပါ။ မြန်မာတွေသာမက တရုတ်၊ ရုရှား၊ ယူကရိန်း၊ အရှေ့အလယ်ပိုင်းအရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ အလုပ်ခွင့်အခြေအနေ တိုးတက်ကောင်းမွန်ရေးတွေနဲ့ပတ်သက်ပြီးတော့လည်း လူမှုအသင်းအဖွဲ့ပေါင်း ၁၀၀ ကျော်က ဆန္ဒပြခဲ့ကြတာပါ။
နိုဝင်ဘာလ ၁၂ ရက်နေ့ ချီတက်ဆန္ဒပြပွဲတွေမှာတော့ ဂါဇာဒေသကပြည်သူတွေအတွက် အပစ်ရပ်ပေးဖို့ ပါလက်စတိုင်းထောက်ခံသူ ကျောင်းသူ Sarah H က တောင်းဆိုခဲ့ပါတယ်။
“အခုချက်ခြင်း လူမျိုးတုံးသတ်ဖြတ်မှုကိုရပ်ပေး၊ အပစ်အခပ်ရပ်စဲမှုလုပ်ဖို့ ဂျိုးဘိုင်ဒန်ကို တောင်းဆိုချင်ပါတယ်။ လူသားမဆန်တဲ့လုပ်ရပ်ဖြစ်ပြီးတော့ တရားမျှတမှုကင်းမဲ့ပါတယ်။ ဒီနေ့လာခဲ့ရတဲ့အကြောင်းရင်းကလည်း ဂါဇာဒေသက ကျမတို့ရဲ့ပြည်သူတွေကို ကူညီဖို့ ဆန္ဒထုတ်ဖော် တောင်းဆိုဖို့ ဖြစ်ပါတယ်။”
ဒီနှစ်အစည်းအဝေးပွဲကို ရုရှားသမ္မတ Vladimir Putin ကတော့ တက်ရောက်မှာမဟုတ်ပါဘူး။ APEC ညီလာခံရဲ့ဘေးပန်းမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီကျင့်ပင်တို့က နိုဝင်ဘာလ ၁၅ ရက်နေ့ကျရင် တွေ့ဆုံမယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါက အမေရိကန်နဲ့တရုတ်သမ္မတနှစ်ယောက် ဒီနှစ်အတွင်းမှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံကြမှာလည်းဖြစ်ပါတယ်။ အားလုံးအတွက် ကြံ့ကြံ့ခံနိုင်မှု၊ ရေရှည်တည်ဆောက်နိုင်တဲ့ အနာဂတ်ဖန်တီးရေးဆိုတဲ့ခေါင်းစဥ်ကို အိမ်ရှည်အမေရိကန်ပြည်ထောင်စုက ရွေးချယ်ထားတာဖြစ်ပြီး အမေရိကန်လုပ်သားတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေအတွက် အကျိုးရှိစေမယ့် လွတ်လပ်မျှတတဲ့ စီးပွါးရေးမူဝါဒတိုးမြှင့်ပြီး ချမှတ်နိုင်ရေး ရှေးရှုပြီးတော့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ APEC အဖွဲ့ဝင် ၂၁ နိုင်ငံကတော့ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလျား၊ မက္ကဆီကို၊ ရုရှား၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဘရူနိုင်း၊ ပါပူဝါနယူးဂီနီ၊ ချီလီနဲ့ ပီရူးနိုင်ငံတွေ ဖြစ်ကြပါတယ်ရှင်။