[[Zawgyi/Unicode]]
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးအပါအဝင် ဒေသတွင်းတရုတ်နိုင်ငံရဲ့ သြဇာလွမ်းမိုးမှုကိစ္စ၊ ကိုဗစ် -၁၉ နဲ့ တခြား ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် အာရှ ၃ နိုင်ငံခရီးစဉ်ရဲ့ ပထမခရီးတထောက်အဖြစ် အင်ဒိုနီးရှားနိုင်ငံကို ဒီကနေ့ ရောက်သွားပြီ ဖြစ်ပါတယ်။ ဝန်ကြီး Blinken ဟာ အင်္ဂလန်မှာ ကျင်းပတဲ့ G-7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထိပ်သီးစည်းဝေးပွဲကနေ အာဆီယံအဖွဲ့ဝင် ၃ နိုင်ငံကို ခရီးဆက်တာ ဖြစ်ပါတယ်။
ဝန်ကြီး Blinken ဟာ အင်ဒိုနီးရှားသမ္မတ Joko Widodo ၊ နိုင်ငံခြားရေးဝန်ကြီး Ratno Marsudi တို့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပေမယ့် မြန်မာနိုင်ငံအရေးကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုမှုရှိမရှိ အတိအကျ မသိရသေးပါဘူး။
ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၂ ရက်နေ့အထိ ဗြိတိန်နိုင်ငံ၊ Liverpool မြို့မှာ ကျင်းပခဲ့တဲ့ G-7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ ထိပ်သီး စည်းဝေးပွဲမှာတော့ ဒေါ်အောင်ဆန်းစုကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ် ချမှတ်လိုက်တာအပါအဝင် လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် အထူးစိုးရိမ်မိကြောင်း အိမ်ရှင် ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Elizabeth Truss က အဖွဲ့ကိုယ်စား ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အာဆီယံရဲ့ အခြေခံမူဘောင် ၅ ချက်ကို ထောက်ခံကြောင်း၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်ပေးရေး၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ လက်ရှိ ပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းရေးတို့အတွက်ပါ ထည့်သွင်း တောင်းဆိုထားပါတယ်။
G-7 နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေပြုလုပ်တဲ့ စည်းဝေးပွဲကိုတော့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားခြင်း မရှိပါဘူး။
သမ္မတဘိုင်ဒန်အစိုးရက “လွတ်လပ်ပွင့်လင်းတဲ့ အာရှပစိဖိတ်ဒေသ” ဖြစ်ပေါ်လာရေးဆိုတဲ့ အာရှတိုက်ရဲ့ အချက်အခြာကျမှုကိုအခြေခံတဲ့ မဟာဗျူဟာချ ဆောင်ရွက်နေတာမှာ အရှေ့တောင်အာရှတိုက်အတွင်းမှာရှိတဲ့ အာဆီယံအဖွဲ့ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာပါ။ အထူးသဖြင့် တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်တို့ရဲ့ စစ်ရေးတည်ဆောက်လာနေမှုကို တန်ပြန်ဆောင်ရွက်နိုင်ဖို့ ဒီဗျူဟာကို အမေရိကန်က ချမှတ် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
ဝန်ကြီး Blinken ဟာ မနက်ဖြန် အင်္ဂါနေ့မှာ မလေးရှားနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ကြာသပတေးနေ့မှာ အမေရိကန်ကို ပြန်လာမှာ ဖြစ်ပါတယ်။
===========
[[Unicode]]
#USIndonesia #AntonyBlinken #VOABurmese
===========