သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာချီလိတ်မှာ နောက်တကြိမ်ရေကြီးနေ


ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ရေကြီးနေတဲ့လမ်းတွေပေါ် သွားလာနေကြသူများ (စက်တင်ဘာ ၁၀၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ရေကြီးနေတဲ့လမ်းတွေပေါ် သွားလာနေကြသူများ (စက်တင်ဘာ ၁၀၊ ၂၀၂၄)

ထိုင်း- မြန်မာနယ်စပ်တလျှောက်စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်း ရေလျှံပြီး တာချီလိတ်မြို့ထဲ ရေဝင်တာကြောင့် ရပ်ကွက် ၉ ခုလောက် မနေ့ အောက်တိုဘာ ၂ ရက်ထဲက ရေလွှမ်းနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။ ရာဂီမုန်တိုင်းဒဏ်ကြောင့် ပထမရေကြီးတဲ့ ဒဏ်ခံထားရလို့ သန့်ရှင်းရေးနဲ့ ပြန်လည်ထောင်ရေးတွေ လုပ်နေချိန်မှာ နောက်တကြိမ် ထပ်ပြီး ရေကြီးနေတာပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

စက်တင်ဘာလက ရာဂီမုန်တိုင်းဂယက်ကြောင့် စံချိန်တင် ရေကြီးခဲ့တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မှာ မနေ့က မယ်ဆိုင်ချောင်းရေ ထပ်တက်လာတာကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်တွေထဲ ရေဝင်နစ်မြှုပ်နေတယ်လို့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။ မြေနိမ့်ပိုင်း ရပ်ကွက် ၉ ခုလောက် ရေကြီးရေလျှံနေပြီး တချို့နေရာမှာ ခါးလောက် ရေဝင်ရောက်လာတယ်လို့ ခုလို ပြောပါတယ်။

“မြို့တွင်းဆိုလို့ရှိရင် မယ်ခေါင်၊ ဆန်ဆိုင်း၊ မကာဟိုခမ်း၊ ပြီးရင် မေဖလားဝါးကွင်း၊ တာလော့၊ ပုန်းထွန်၊ မြို့အပြင်မှာဆိုရင် လွယ်တော်ခမ်း၊ မိုင်းဖုန်း၊ မယ်ဟုတ်၊ မယ်ယန်း။ အခုက တောင်ကျရေလည်း များလို့ပေ့ါ မနေ့ညကလည်း တညလုံးမိုးရွာတယ်ဆိုတော့လေ အဲ့ဒါ တောင်ကျရေများလို့ အဲ့ဒါအဓိက တက်လာတာပေါ့၊ အခု ဒီတခေါက်ကကျတော့လေ။ (ရေတက်တာ)တနေရာနဲ့ တနေရာမတူဘူးပေါ့၊ တချို့ရပ်ကွက်တွေ ခါးလောက်ထိ ရေဝင်တယ်။ အနိမ့်ပိုင်းရပ်ကွက်တွေတော့ တချို့ရပ်ကွက်တွေလည်း ဘောင်လောက် ဒူးလောက်ပေါ့ အဲ့လိုမျိုး။”

မြစ်ချောင်းအနီးဖြစ်တဲ့ မေဖလားဝါးကွင်း၊ တာလော့ နဲ့ ပုန်းထွန်ရပ်ကွက်တွေမှာ ခါးလောက်၊ ရေဝင်တာ တချို့နေရာမှာ ဘောင်လောက် ရေဝင်နေပြီး မယ်ခေါင်ရပ်ကွက် တိုင်းရင်းသား နှစ်ခြင်းခရစ်ယာန်အသင်းတော်ကျောင်းမှာ မြို့ခံ အယောက် ၅၀ လောက် ဘေးလွတ်ရာပြောင်းနေကြရပါတယ်။ ဒီနေ့ နေ့လည် ၂ နာရီကျော်အထိ မိုးတိတ်နေပေမယ့် ရေပြန်မကျသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မိုးကြီးတာနဲ့ တောင်ကျရေ စီးဆင်းလာတာကြောင့် မြို့ထဲ နောက်တခေါက် ရေကြီးတာလို့ တာလော့ရပ်ကွက်အုပ်ချုပ်မှူးက ဗွီအိုအေကို ပြောပါတယ်။ တာချီလိတ်မြို့ ရပ်ကွက်အလိုက် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ ပေါင်းစည်းပြီး ကယ်ဆယ်ရေး လုပ်ငန်းလုပ်နေတယ်လို့ တာလော့ရပ်ကွက်အုပ်ချုပ်မှူးက ဆိုပါတယ်။ တာချီလိတ်မှာ ပထမကြိမ်ရေကြီးခဲ့တဲ့ တချို့နေရာတွေမှာ ရေအကုန်ပြန် မကျသေးပါဘူး။ ရေပြန်ကျသွားတဲ့နေရာတွေမှာ သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်နေချိန် နောက်ထပ် ရေကြီးမှုတွေ ထပ်ကြုံရတာလို့ မြို့ခံက ပြောပါတယ်။

“အရင် ရှေ့တခေါက်က ရေတောင်မကုန်သေးဘူး။ ရှေ့တခေါက် ရေကြီးတာလည်း မြို့ထဲမှာ ရေကမကုန်သေးဘူး၊ နွံကလည်း ကျန်သေးတယ်ဆိုတော့ လူတွေက ပြန်ပြီးတော့ ပစ္စည်းတွေ နေရာချပြီး နေတာထိုင်တာမျိုးမရှိသေးဘူး။ နွံတွေလည်း ရှင်းလင်းတုန်းဆိုတော့ တာလော့ဈေးဘက်ဆိုလို့ရှင်ရင် တဈေးလုံးပျက်သွားတယ် ရပ်ကွက်တခုလုံးလည်း နွံတွေက အခုထိရှိသေးတယ်။”

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ရေကြီးနေတဲ့လမ်းတွေပေါ် သွားလာနေကြသူများ (စက်တင်ဘာ ၁၀၊ ၂၀၂၄)
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ရေကြီးနေတဲ့လမ်းတွေပေါ် သွားလာနေကြသူများ (စက်တင်ဘာ ၁၀၊ ၂၀၂၄)

စက်တင်ဘာ ၁၄ ကနေ ၁၈ ရက်နေ့အထိ တာချီလိတ်မြို့မှာ စံချိန်တင် ရေကြီးခဲ့တာမှာ တချို့ဆို အိမ်ခေါင်မိုးပေါ်အထိ တက်နေပြီး ဘေးလွတ်အောင် နေခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ရေကြီးမြေပြိုမှုကြောင့် ဆယ်ဂဏန်းနဲ့ချီ သေဆုံးရပြီး တမြို့လုံးနီးပါး ရေဘေးဒုက္ခရောက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရေဘေးကြောင့် ရွှံ့နွံတွေ ခါးလောက် တင်ကျန်နေခဲ့ပြီး သန့်ရှင်းရေးနဲ့ ပြန်လည်ထောင်ထူးရေး လုပ်ငန်းတွေလည်း အလုံစုံမလုပ်နိုင်သေးပါဘူး။

ရေဘေးနောက်ဆက်တွဲ ကယ်ဆယ်ကူညီရေးလုပ်ငန်းနဲ့ပတ်သက်လို့ စစ်ကောင်စီအနေနဲ့ ထိထိရောက်ရောက် လုပ်ဆောင်တာမရှိဘဲ မြို့ခံတွေနဲ့ ပရဟိတအဖွဲ့တွေ ကိုယ်ထူကိုယ်ထစနစ်နဲ့သာ လုပ်ဆောင်နေရတာလို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG