[[Zawgyi/Unicode]]
အမေရိကန်နဲ့ ရုရှားတို့ရဲ့ ထိပ်တန်းသံတမန်တွေဟာ အမေရိကန် စံတော်ချိန် အင်္ဂါနေ့မှာ ဖုန်းနဲ့ ဆွေးနွေးကြဖို့ ရှိပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယူကရိန်းကို သွားပြီး သမ္မတ Volodymyr Zelenskiy နဲ့ ဆွေးနွေးဖို့ ရှိပါတယ်။
ခုလို ဆွေးနွေးကြတာတွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ နှစ်နိုင်ငံကိုယ်စားလှယ်တို့ တွေ့ဆုံကြအပြီး နောက်တရက်မှာ စကားပြောကြတာ ဖြစ်ပါတယ်။ ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေ တိုးချထားတဲ့အပြင် တိုက်ခိုက်ရေးတပ်တွေနဲ့ တာတိုပစ် ပဲ့ထိန်းတပ်ဒုံးကျည်ပစ်တပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ် အစရှိတဲ့တပ်တွေအပါအဝင် အထူးတပ်တွေ ချထားနေတာ ကို အထောက်အထားအဖြစ် ယူဆပြီး ရုရှားက ယူကရိန်းကို ကျူးကျော်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန်၊ နေတိုးနဲ့ ယူကရိန်းတို့က ပြောဆိုခဲ့ကြတာပါ။
ဒါပေမဲ့ ဒီစွပ်စွဲချက်ကို ရုရှားက ငြင်းဆိုထားပါတယ်။ သူ့ရဲ့နယ်မြေအတွင်းမှာ တပ်တွေကို ရွှေ့ပြောင်းချထားတာသာ ဖြစ်တယ်လို့ဆိုပါတယ်။ နေတိုးတပ်တွေ ကို အရှေ့ဘက်ကို တိုးချလာတဲ့အတွက် ရုရှားဘက်က လုံခြုံရေးအရ စိုးရိမ်ခဲ့တာကိုတော့ အစည်းအဝေးမှာ မဆွေးနွေးဘူးလို့ ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ကြီးက ဆိုပါတယ်။ မိမိတိုင်းပြည်နဲ့ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ အစီအစဉ်ကို မိမိတို့ကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အချုပ်အခြာအာဏာ ယူကရိန်းမှာရှိပြီး မူဆိုင်ရာကိစ္စတွေမှာ ညှိုနှိုင်းဆွေးနွေးဖို့ အကြောင်းမရှိဘူးလို့ ယူကရိန်း သံအမတ်ကြီး Sergiy Kyslytsya က လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ နေတိုး မဟာမိတ်တိုင်ငံတွေက ယူကရိန်းကို လက်နက်ထောက်ပံ့ ကြပြီး ဘောလတစ်တိုင်းပြည်တွေမှာ ဗြိတိန်တပ်တွေကို ၂ ဆတိုး ချထားဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။
=============
[[Unicode]]
=============