သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ဒေါ်စု နိုင်ငံတကာနဲ့ ပိုဆွေးနွေးသင့်


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ။ (မတ် ၁၄-၂၀၁၂)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ။ (မတ် ၁၄-၂၀၁၂)

ရခိုင်ပြဿနာနဲ့ပါတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ပိုလုပ်သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell က တိုက်တွန်း လိုက်ပါတယ်။ Bangladesh နိုင်ငံဘက် ထွက်ပြေးနေကြသူတွေ တနေ့တခြားပိုပြီး တိုးလာနေချိန်မှာ ဒီပြဿနာကို ဘယ်လိုကိုင်တွယ်သင့်သလဲဆိုတာ အမေရိကန် အသံလွှင့်ဌာနတခုဖြစ်တဲ့ npr မှာဆွေးနွေးစဉ်မှာ သံအမတ်ကြီးဟောင်း Mitchell ကခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီပြဿနာအပေါ် အမေရိကန်အစိုးရရဲ့ တုံ့ပြန်ပုံကစလို့ မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်ဝါဒအခြေခံတဲ့ အန္တရာယ်ရှိလာနိုင်တဲ့ အခြေအနေတွေကို ဆွေးနွေးထားတဲ့ အစီအစဉ်ကနေ မစုမြတ်မွန်က ကောက်နှုတ်တင်ပြပါမယ်။

Bangladesh နိုင်ငံဘက်ကိုထွက်ပြေးနေတဲ့ ရိုဟင်ဂျာ သိန်းနဲ့ချီရှိနေပြီလို့ ကုလသမဂ္ဂက ပြောနေချိန်မှာ ဒီပြဿနာကြီးကို ဘယ်လိုကိုင်တွယ်သင့်သလဲ ဆိုတာကို အမေရိကန်မှာ သြဇာညောင်းတဲ့ National Public Radio, npr, ရေဒီယို အသံလွှင့်ဌာနရဲ့ အစီအစဉ် တခုမှာ ဆွေးနွေးခဲ့ပါတယ်။ ဒီလူတွေဟာ သူတို့ကိုသူတို့ ရိုဟင်ဂျာလို့ခေါ်ပေမဲ့ မြန်မာဘက်ကတော့ ဘင်္ဂါလီ ဒါမှမဟုတ် ရခိုင်ပြည်နယ်က မူဆလင်တွေလို့ပဲ သတ်မှတ်ပါတယ်။

ရခိုင်ပြည်နယ်ထဲက ပြဿနာအတွက် ရေရှည်ခံတဲ့ အဖြေရရှိနိုင်ဖို့ အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အရင်ထဲက တွန်းတွန်းတိုက်တိုက် ကြိုးစား လုပ်လာခဲ့တယ်လို့ ပင်တိုင်ဆွေးနွေးသူတယောက်ဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell ကပြောပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ထဲကပြဿနာတွေကို ပြည်ပကနေဝင်ရောက် ဖြေရှင်းရမှာ မဟုတ်ဘဲ ပြည်တွင်းမှာ သူတို့ဘာသာ အဖြေရှာရမှာဖြစ်တယ်ဆိုတာကို သံအမတ်ကြီးဟောင်းက ထောက်ပြပြောခဲ့ပါတယ်။ ရိုဟင်ဂျာပြဿနာနဲ့ပါတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ရပ်တည်ခြင်းမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ နိုင်ငံတကာမှာထွက်ပေါ်နေပါတယ်။ ဒါနဲ့ပါတ်သက်လို့ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell ကသူ့ရဲ့သဘောထားကို ခုလိုပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျင့်တရားနဲ့ သူ့ရဲ့ယုံကြည်ချက်အတိုင်း စွဲစွဲမြဲမြဲလုပ်တတ်တဲ့အပေါ်မှာ ကျွန်တော်သံသယဖြစ်စရာဘာမှ မရှိပါဘူး။ နိုင်ငံထဲမှာ သူဘယ်လိုအခြေအနေရင်ဆိုင်နေရသလဲဆိုတာကို သဘောပေါက်ထားဖို့လိုတယ်လို့ ထင်ပါတယ်။ သူရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေက သိပ်ကိုကြီးမားပါတယ်။ သူ့အနေနဲ့က နိုင်ငံရေးသမားတယောက်အနေနဲ့။ ခေါင်းဆောင်တယောက်အနေနဲ့။ စဉ်းစားဆုံးဖြတ်နေရပါတယ်။ ကျွန်တော့်အထင်တော့ သူ့အပေါ် ဝေဖန်ပြစ်တင်နေကြတာ သိပ်များတယ်လို့ထင်ပါတယ်။ အရင်အစိုးရတွေလက်ထက်က ဖြစ်ခဲ့ပြီး အခုပိုဆိုးလာတဲ့ ကိစ္စတွေအတွက် သူဝေဖန်ခံနေရပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆက်သွယ်ဆွေးနွေး တိုင်ပင်တာတွေ ပိုလုပ်သင့်တယ် ထင်ပါတယ်။ ရိုဟင်ဂျာတွေဖက်က စာနာတဲ့အမြင်နဲ့ ဆွေးနွေးသင့်ပါတယ်။ အဲဒီလို မလုပ်ရင် ဒါကိုသူ့ဘက်က ဂရုမစိုက်ဘူးဆိုပြီး လူတွေက ကောက်ချက်ချကြပါလိမ့်မယ်။ သူ့ဖက်က ဂရုမစိုက်ဘူးဆိုတာတော့ လုံးဝမဟုတ်ဘူးဆိုတာ ကျွန်တော်အသေအချာပြောနိုင်ပါတယ်။ ဒါပေမဲ့ သူ့လိုဆွေးနွေးပြောနိုင်စွမ်းရှိသူတယောက်က လက်ရှိမှာတော့ ဆွေးနွေးပြောတဲ့အပိုင်းမှာ အားနည်းနေပါတယ်။"

ရိုဟင်ဂျာတွေဟာ ဖိနှိပ်ခံနေရတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ နိုင်ငံတကာက မြင်နေချိန်မှာ အမေရိကန်အစိုးရရဲ့ တုံ့ပြန်မှု အားနည်းတယ်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါကိုလည်း npr အစီအစဉ်မှာ ဆွေးနွေးပါတယ်။ ဒါနဲ့ပါတ်သက်လို့ The Atlantic မဂ္ဂဇင်းက သတင်းထောက် Julia Ioffe ကသူ့ရဲ့အမြင်ကို ခုလိုဆွေးနွေးပါတယ်။

"ကမ္ဘာတဝန်းက လူ့အခွင့်အရေးအခြေအနေတွေကို သိပ်အဓိကမထားတဲ့ အမေရိကန်အစိုးရလက်ထက်မှာ အခုဖြစ်နေတာပါ။ အမေရိကန်အရေးက ပထမဦးစားပေးဖြစ်တယ်။ တခြားအစိုးရတွေက သူ့ပြည်သူတွေကို ဘာလုပ်နေသလဲဆိုတာ ဂရုမစိုက်ဘူး။ နောက်တချက်က အကျိုးစီးပွားတွေ သဘောတူညီချက်တွေက ပထမ။ လူ့အခွင့်အရေးကိစ္စက အဲဒီနောက်ကမှ လိုက်နေပါတယ်။"

NBC သတင်းဌာနက အမျိုးသားလုံခြုံရေးနဲ့ စစ်ရေးဆိုင်ရာ သတင်းထောက် Courtney Kube ကတော့ သမ္မတ Donald Trump ဟာ အစ္စလာမ်ဘာသာနဲ့ မွတ်ဆလင်တွေကို မကြိုက်သူဖြစ်တယ်ဆိုတဲ့ အချက်ကို ထောက်ပြဆွေးနွေးသွားပါတယ်။ အခုဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာကို အိမ်နီးချင်း Bangladesh အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ပါတ်သက်လို့တော့ သံအမတ်ကြီးဟောင်း Mitchell ကခုလိုသုံးသပ်ဆွေးနွေးပါတယ်။

"ဘင်္ဂလားဒေရှ့်အစိုးရဘက်က ကိုင်တွယ်ပုံက သိပ်ကျေနပ်စရာမရှိလှပါဘူး။ သူ့တို့ဘက်ကလည်း ဒုက္ခသည်တွေကို လက်မခံချင်ပါဘူး။ သူတို့ကို ဒုက္ခသည်တွေအဖြစ် နိုင်ငံတကာအဖွဲ့အစည်းတွေ။ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သတ်မှတ်နေတာကို မလိုလားပါဘူး။ Bangladesh လိုမဖွံ့ဖြိုးတဲ့ နိုင်ငံတခုအတွက်လည်း ဒီပြဿနာကြီးက ကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုးကြီးဖြစ်ပါတယ်။ နယ်စပ်မှာ ၁ သိန်း ၂ သိန်း ၃ သိန်းလောက်ရောက်နေတာ သူတို့အတွက်လည်း သိပ်ကိုခက်ခဲစေပါတယ်။ နောက် Bangladesh နိုင်ငံထဲမှာလည်း အစွန်းရောက်အဖွဲ့တွေပြဿနာစိုးရိမ်စရာရှိနေတော့ ဒီလိုအခြေအနေကနေ အစွန်းရောက်သမားတွေကို အားကျတာမျိုးဖြစ်လာနိုင်ပါတယ်။"

ရိုဟင်ဂျာမွတ်ဆလင်တွေ Bangladesh နိုင်ငံဘက်ကို ထွက်ပြေးနေရတဲ့ အကြောင်းအရင်းတော်တော်များများရှိပေမဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေမှာတော့ စစ်တပ်ကြောင့်ဖြစ်တယ်လို့ Mr. Mitchell ကပြောပါတယ်။ မြန်မာနယ်စပ်က လုံခြုံရေးစခန်းတွေအပေါ် ရိုဟင်ဂျာအကြမ်းဖက်သမားတွေဖက်က အရင် ဝင်တိုက်ခဲ့တဲ့အတွက် စစ်တပ်က အင်အားသုံး တုံ့ပြန်တာကြောင့်ဖြစ်တယ်လို့ ဆွေးနွေးပါတယ်။

ခုလို မြန်မာနိုင်ငံမှာ ဘာသာကိုးကွယ်သူ လူနည်းစုတွေအပေါ် ဖိနှိပ်နေမယ်ဆိုရင် အဲဒီသူတွေနဲ့ သူတို့အပေါ် သနားစာနာသူတွေ အစွန်းရောက်စိတ်တွေဖြစ် လာနိုင်တယ်ဆိုတာကို ဆွေးနွေးပွဲအစီအစဉ် ထုတ်လွှင့်နေချိန်မှာ သောတရှင် တယောက်က မှတ်ချက်ပေးပို့ခဲ့ပါတယ်။ ဒီအချက်ကို Derek Mitchell က ခုလို တုံ့ပြန်ဆွေးနွေးသွားပါတယ်။

"ဒီကိစ္စဟာ သိပ်ကိုစိုးရိမ်စရာကိစ္စကြီးဖြစ်ပါတယ်။ ကျွန်တော်မြန်မာနိုင်ငံမှာရှိနေတုန်းက အစွန်းရောက်မှုတွေဖြစ်လာနိုင်တယ်ဆိုတာ မြန်မာအစိုးရကို ရှင်းရှင်းပဲ သတိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် စစ်သွေးကြွတွေရဲ့အန္တရာယ် မရှိသေးပေမဲ့ ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် အရှေ့အလယ်ပိုင်းမှာ ဖြစ်သလို အစွန်းရောက်ဝါဒကို အားကျသူတွေကို အားပေးသလိုဖြစ်သွားပါလိမ့်မယ်။ နောက်တချက် ကျွန်တော်တို့ သိထားသင့်တာက မြန်မာဟာ IS စစ်သွေးကြွတွေရဲ့ အန္တရာယ် စိုးရိမ်စရာတိုးလာတဲ့ အရှေ့တောင်အာရှဒေသထဲမှာ ရှိပါတယ်။ ဖိလစ်ပိုင်တောင်ပိုင်းမှာ ဆိုရင် IS နဲ့ဆက်နွယ်တဲ့ စစ်သွေးကြွတွေ ခေါင်းထောင်လာတယ်။ တခြားနိုင်ငံတွေမှာ တိုက်ခိုက်ခဲ့သူတွေက သူတို့နေရပ်တွေပြန်လာနေကြတယ်။ တိုက်ရေးခိုက်ရေး သင်တန်းတွေ သူတို့ရလာခဲ့ကြပါတယ်။ မြန်မာနိုင်ငံကိစ္စက မြန်မာနိုင်ငံထဲမှာပဲ နေမှာမဟုတ်ပါဘူး။ တခြားနိုင်ငံတွေဆီကိုပါ ကူးစက်ပါတယ်။"

၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ Derek Mitchell ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ အမေရိကန်အခြေစိုက် ငြိမ်းချမ်းရေး Institute, USIP, ရဲ့အာရှအစီအစဉ်ဆိုင်ရာ အကြီးတန်းအကြံပေးတာဝန်ကို ယူထားပါတယ်။ ပထဝီအနေအထားအရ အရေးပါတဲ့နေရာမှာတည်ရှိနေတဲ့ မြန်မာနိုင်ငံမှာ ရခိုင်ပြည်ပြဿနာကိုဖြေရှင်းနိုင်ပြီး ဒီမိုကရေစီစနစ်ခိုင်မာ တည်ငြိမ်မယ်ဆိုရင် ဒေသတွင်းနဲ့ အမေရိကန်အတွက် အကျိုးရှိတယ်လို့ Mr. Mitchell ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG