သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာချီလိတ်ရဲစခန်းနဲ့ မုံရွာ လမ်းဖွင့်ပွဲအခမ်းအနားမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွား


ရှမ်းပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တချို့ (ဓာတ်ပုံ- AFP)
ရှမ်းပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တချို့ (ဓာတ်ပုံ- AFP)

ရှမ်းပြည်နယ် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် ရဲစခန်းမှာ ဒီနေ့ ဇန်နဝါရီလ ၁၄ ရက် နေ့လည်ပိုင်းလောက်က ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲပါတယ်။ မုံရွာမြို့မှာလည်း စစ်ကောင်စီက လမ်းဖွင့်ပွဲအခမ်းအနားလုပ်ခါနီး ပေါက်ကွဲမှုတစ်ခုကြောင့် ပွဲဖျက်ခဲ့ရပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ အများဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ဒေသကြီးက ဒေသတစ်ချို့မှာတော့ လူအင်အားအများအပြားပါတဲ့ ဆန္ဒပြပွဲတချို့ ပြန်ရှိလာပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

ရှမ်းပြည်နယ် တာချီလိတ်မြို့က ဝမ်ကောင်းရပ်ကွက်က တာချီလိတ်မြို့မရဲစခန်းမှာ ဒီနေ့ ဗုံး ၂ လုံး ဆက်ဆိုက်ပေါက်ကွဲခဲ့ပါတယ်။ အသေးစား ပေါက်ကွဲမှုတွေအတွင်း အဆောက်အဦး အနည်းငယ်ျက်စီးခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ရဲစခန်း အနီးဝန်းကျင်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ ဒီနေ့ဗုံးကွဲမှုနဲ့ဆို တာချီလိတ်မှာ အခုတပါတ်အတွင်း ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ခဲ့ပြီးတော့ လူ ၁၀ ဦးဝန်းကျင် ဖမ်းဆီးခံထားရတယ်လို့ သူက ပြောပါတယ်။

“ဗုံးပေါက်တာက အဲ့ရဲစခန်းကလေ ကုန်းပေါ်မှာလိုမျိုးဖြစ်နေတာ၊ အဲ့တိုက်ရဲ့ အနောက်မှာ လမ်းလေးရှိတာ၊ အဲ့လမ်းကြားကနေ ရဲစခန်းရှိတဲ့ အဲ့တိုက် နောက်နားလေးကို ပစ်လိုက်တာ။ အရင်နေ့တွေကလဲ ဗုံးပေါက်သေးတယ်။ အဲ့လို ပေါက်ပြီးကတည်းကကို တစ်ချို့နေရာတွေမှာ ဖုန်းတွေ စစ်တယ်။ ပြီးတော့ သူတို့ မထင်ရင် မထင်သလို ဖမ်းထားတာ လူငယ်တွေ ၁၀ ယောက်လောက် ရှိပြီ။”

စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း ပေ ၈၀ လမ်းနဲ့ အောင်သပြေလမ်း ၂ လမ်း ဖွင့်ပွဲအခမ်းအနားတွေ ကျင်းပနေတဲ့ မနက် ၉ နာရီခွဲ ဝန်းကျင်လောက်မှာ အောင်သပြေလမ်းနားမှာ ပေါက်ကွဲသံတွေ ကြားရတဲ့အတွက် ဖွင့်ပွဲ ၂ ခုလုံးကို ဆက်မကျင်းပနိုင်ခဲ့ကြဘူးလို့ မုံရွာမြို့က အဲ့ဒီလမ်းတွေရဲ့ အနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။ ပေါက်ကွဲတဲ့အသံတွေ ကြားရပေမဲ့ ဘယ်နားမှာ ဘယ်လို ပေါက်ကွဲတယ်ဆိုတာ အတိအကျကိုတော့ မြို့ခံတွေ မပြောနိုင်ကြပါဘူး။

စစ်ကိုင်းတိုင်းထဲမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း အခုရက်ပိုင်းမှာ အင်အား ပြန်လည်ကောင်းလာပါတယ်။ မုံရွာ ပင်မသပိတ်ဦး ဆောင်ကော်မတီအဖွဲ့ဝင်တွေနဲ့ ကနီ၊ ပုလဲ၊ ယင်းမာပင် စတဲ့ ဒေသတွေက ဆန္ဒပြသူတွေ ပူးပေါင်းပြီး ထောင်ချီအင်အားနဲ့ ဇန်နဝါရီလ ၈ ရက်နေ့ထဲက ဆန္ဒပြပွဲတွေ ပုံမှန် ပြန်လုပ်နေကြပါတယ်။ လုံခြုံရေးတင်းကြပ်တဲ့ကြားက ရွာပေါင်းစုံသပိတ်တွေက ဆန္ဒပြသူတွေနဲ့ ပူးပေါင်း ဆန္ဒပြနေတယ်လို့

မုံရွာပင်မသပိတ်ဦးဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦးက VOA ကို ခုလိုပြောပါတယ်။

“ကျွန်တော်တို့ သွားတဲ့ ကနီတို့ ပုလဲတို့ ယင်းမာပင်တို့ဖက်မှာက လက်နက်ကိုင်လမ်းစဉ် ပိုပြီးတော့ အားကောင်းတယ်။ ကျွန်တော်တို့က ယင်းမာပင် လူထုသပိတ်နဲ့ ပူးပေါင်းပြီးတော့ ဒီနိုင်ငံရေးအင်အား လှုပ်ရှားမှုကလည်း အင်အတန်အားကောင်းတာကို ကျွန်တော်တို့ ပြတယ်။ ပြီးတော့ လက်နက်ကိုင် လမ်းစဉ်နဲ့ ကျွန်တော်တို့ လှုပ်ရှားမှုကလဲ အားကောင်းတယ်ဆိုတာကို ပြတယ်။ ကျွန်တော်တို့က အာဏာရှင်ကို ဒီ ၂ ခုနဲ့ဟန်ချက် ညီညီ တော်လှန်နေတယ်၊ ဒီလိုမို့လို့ တော်လှန်ရေးက ဒီနေ့အချိန်မှာ ဒီလို အခြေအနေထိ ရောက်လာတယ်ဆိုတဲ့ အခင်းအကျင်းမျိုးကို ကျွန်တော်တို့ ပုံဖော်ပြီးတော့ ပြချင်လို့ ဒီနေ့လို သပိတ်တွေကို ဖော်ဆောင်တာ ဖြစ်ပါတယ်ဗျ။"

"စစ်ကောင်စီကတော့ ဒီဖက်နယ်မြေတွေကို စိုးမိုးလို့ နယ်မြေအုပ်ချုပ်လို့ မရသေးတာပေါ့။ ဒါပေမယ့်လဲ သူတို့ အနေနဲ့(စကစ) သတင်းတွေရလို့ ရွောတွေကို ဝင်ရောက်စီးနင်းတဲ့ အခြေအနေမျိုးဆိုရင်တော့ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ပြည်သူတွေက အနည်းငယ် စစ်ဘေးရှောင်ရတာ ပြည်သူတွေ ကြောက်လန့်ပြီး ပြေးရတာမျိုးတွေတော့ ရှိတာပေါ့လေ။ ကျွန်တော်တို့က သူတို့တွေ (စကစ) ဝင်ပြီးတော့ စစ်ကြောင်းထိုးတဲ့အချိန်လောက်ပဲ ကြောက်ရတာ၊ သူတို့ ပြန်ထွက်သွားရင်တော့ ပုံမှန်အခြေအနေအတိုင်းပဲ ပြည်သူတွေရဲ့ စိုးမိုးထားတဲ့ နယ်မြေအခြေအနေအတိုင်းပဲ ရှိပါတယ်ဗျ။”

အင်အားပြန်ကောင်းလာတဲ့ ဆန္ဒပြသူတွေကို ပျောက်ကြားတပ်ဖွဲ့၊ မုံရွာ သံမဏိအဖွဲ့၊ စသဖြင့် အဲ့ဒီ အနီးဝန်းကျင်မှာ ရှိကြတဲ့ ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက လိုက်ပါစောင့်ရှောက်ပေးကြတယ်လို့ မုံရွာပင်မသပိတ်ဦးဆောင်ကော်မတီ အဖွဲ့ဝင်က ပြောပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှု အားကောင်းကြတဲ့ ယင်းမာပင်မြို့နယ်က တစ်ချို့ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မနေ့က လေကြောင်းကနေ ပစ်ခတ်တာတွေ ရှိတာကြောင့် တစ်ချို့ရွာတွေ ရွာလုံးကျွတ် ရှောင်နေကြရတယ်လို့ ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်သူက VOA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဖက်မှာလဲ စစ်ကြောင်းထိုးတယ်။ ကျွန်တော်တို့ ရွာတွေဆိုရင် မီးရှို့သွားတာတွေ ရှိတယ်။ ဒီလို မကြာခဏ ထိတွေ့မှုတွေဖြစ်နေတာမှာ ကျွန်တော်တို့က လုံခြုံမယ်ထင်တဲ့ နေရာတွေမှာ စုဝေးပြီးတော့ လှည့်လည်ပြီး ချီတက် ဆန္ဒပြတယ်ပေါ့။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ သပိတ်တွေကတော့ ယင်းမာပင်နဲ့ ပုလဲနယ်စပ်က ရွာတွေပေါ့။ ပြောရရင်တော့ မနေ့က ကျွန်တော်တို့ သပိတ်လုပ်ခဲ့တဲ့ ရွာတွေပေါ့၊ လေယာဉ်နဲ့ ဝင်ပစ်သွားတာတွေ တွေ့တာပေါ့လေ၊ လောလောဆယ် ကျွန်တော်တို့ သပိတ်မှော်ခဲ့တဲ့ ရွာတွေကတော့ တိမ်းရှောင်နေရတာပေါ့။ မနေ့က အခြေအနေဆိုလို့ရှိရင်ပေါ့လေ။ အရင်တစ်ရက်နှစ်ရက်က ကျွန်တော်တို့ သပိတ်မှောက်ခဲ့တဲ့ ရွာတွေပေါ့။ ယင်းမာပင်ထဲကဆိုရင် ယင်ပေါင်တိုင်၊ ပုလဲနယ်ဖက်ကဆိုရင် ပုထိုးသားတို့ စသဖြင့်ပေါ့။ လောလောဆယ်မှာ သပိတ်မှောက်ခဲ့တဲ့ ရွာတွေက လေကြောင်းနဲ့ပစ်ပြီး လေကြောင်းနဲ့ စကစတွေလာချသွားတဲ့အတွက် အဲ့ဒီရွာသားတွေကတော့ တိမ်းရှောင်နေကြရတယ်ဗျ။ လက်ရှိအခြေအနေကတော့။”

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲက တချို့ရွာတွေမှာ လက်ရှိအချိန်ထိ ရွာလုံးကျွတ် စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ ဒီကြားထဲကပဲ လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲတွေ လုပ်နေကြတာဖြစ်ပါတယ်။

............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)












XS
SM
MD
LG