(Zawgyi / Unicode)
အိန္ဒိယအခြေစိုက် Adani ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်လီမိတက် APSEZ ဟာ အမေရိကန်က ဒဏ်ခတ်မှု ချမှတ်ထားတဲ့ မြန်မာနိုင်ငံမှာ သူ့ရဲ့ တည်ဆောက်နေဆဲ ကုန်သေတ္တာအတင်အချ ဆိပ်ကမ်းလုပ်ငန်း စီမံကိန်းကို ဝယ်ယူမယ့်သူ လိုက်ရှာနေတာ ဖြစ်ပြီး ဝယ်မယ့်သူရှာဖို့ အခက်တွေ့နိုင်တယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
ကုမ္ပဏီအမှုဆောင်အရာရှိချုပ် Karan Adani ကတော့ ရန်ကုန်တိုင်းမှာ သူတို့တည်ဆောက်နေတဲ့ ဒီစီမံကိန်းအတွက် ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး ဒီစီမံကိန်းကို ဖျက်သိမ်းမှာမဟုတ်ဘဲ ဝယ်မယ့်သူကို လိုက်ရှာနေတာ ဖြစ်ကြောင်းနဲ့ အခုဘဏ္ဍာရေးနှစ်မကုန်ခင် ရောင်းချနိုင်မယ်လို့ မျှော်လင့်ကြောင်း ကုမ္ပဏီရဲ့ ဒုတိယ ၄ လပတ် အစီရင်ခံစာ တင်သွင်းဖို့ လုပ်နေချိန်မှာ ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံတွင်း တည်ဆောက်ဆဲ ဒီလုပ်ငန်းဟာ သွင်းကုန်ထုတ်ကုန်လုပ်ငန်း စိတ်ဝင်စားသူတွေအတွက် နေရာသစ်တခုဖြစ်သလို ဒါကို မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ဒါမှမဟုတ် အမေရိကန် ဒဏ်ခတ်မှုကို မစိုးရိမ်တဲ့ တရုတ်ကုမ္ပဏီတွေက စိတ်ဝင်စားနိုင်ကြောင်းလည်း ပြောပါတယ်။ Adani လုပ်ငန်းအဖွဲ့ထဲမှာ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေပါ ပါဝင်နေတာကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆက်လက်လုပ်ကိုင်မယ်ဆိုရင် သူတို့အတွက် ထိခိုက်မှုတွေ ရှိလာနိုင်တာပါ။
ဒီစီမံကိန်းပါ ကုန်တင်ကုန်ချဆိပ်ကမ်းဟာ အိန္ဒိယ အရှေ့နဲ့ တောင်ဘက်ကမ်းရိုးတန်းတွေက ဆိပ်ကမ်းတွေနဲ့လည်း ဆက်နွှယ်နေတာကြောင့် တောင်အာရှဒေသတွင်း သယ်ယူပို့ဆောင်ရေးအတွက် အရေးပါလာနိုင်သလို အိန္ဒိယအစိုးရအတွက်လည်း တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းနဲ့ ပါကစ္စတန်နဲ့ သီရိလင်္ကာနိုင်ငံ ဆိပ်ကမ်းတွေက ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပထဝီနိုင်ငံရေးအရ ထိန်းနိုင်မယ့် နေရာတခုလည်း ဖြစ်လာနိုင်တာပါ။
-------------------
(Unicode)