[[Zawgyi/Unicode]]
ရခိုင်မှာ လူသားချင်းစာနာမှုအရ မြန်မာစစ်တပ်နဲ့ နှုတ်အားဖြင့် အပစ်ရပ် (AA)
ရခိုင်ပြည်သူတွေ လတ်တလောကြုံရတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ လူသားချင်းစာနာမှုအရ မြန်မာစစ်တပ်နဲ့ နှုတ်အားဖြင့် အပစ်အခတ်ရပ်စဲရေးယူထားတာဖြစ်တယ်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ဒါပေမဲ့လို့ ရခိုင်မြောက်ပိုင်း မြို့နယ် ၈ ခုမှာ ပြည်တွင်းပြည်ပအကူအညီပေးရေးအဖွဲ့တွေ သွားလာမှုကို စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်ပြီး ရန်ကုန်-စစ်တွေ ကားလမ်းကိုလည်း ပိတ်ထားဆဲဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။
စစ်ကောင်စီနဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ သောင်းနဲ့ချီတဲ့ဒေသခံတွေအိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသလို စစ်ကောင်စီက ရခိုင်ဒေသတွင်း ခရီးသွားမှုနဲ့ ကုန်စည်ဆေးဝါး သယ်ယူခွင့်တွေကို ပိတ်ထားတာကြောင့် ရခိုင်ပြည်သူတွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါ့ကြောင့် ရခိုင်ပြည်သူတွေရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲဖို့ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ပြီးခဲတဲ့ရက်ပိုင်းက ရက် အကန့်အသတ်မရှိ နှုအားဖြင့် သဘောတူ ခဲ့တယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြော ခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။
“ဘာကြောင့်လဲဆိုလို့ရှိရင် အခုလောလောဆယ်မှာ ရခိုင်ပြည်သူတွေအတွက် အခြေခံအကျဆုံး စားနပ်ရိက္ခာဆေးဝါးတွေ အများကြီးလိုအပ်နေပါတယ်။ နောက် အခုရာသီက စပါးရိတ်သိမ်းတဲ့ရာသီဖြစ်တာကြောင့် ပြည်သူတွေအတွက် အလေးအနက်ထားပြီးတော့ Humanitarian ceasefire လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲရေးကို ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်။ ကျန်တာကတော့ ဘာမှမပြောင်းပါဘူး။ နဂို နိုင်ငံရေးရပ်တည်ချက်အတိုင်းပါပဲ။”
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ရခိုင်မြောက်ပိုင်းကစစ်ဘေးဒုက္ခသည်တွေနဲ့ မွတ်ဆလင်ဒုက္ခသည်တွေ အများဆုံးရှိနေတဲ့ မြို့နယ် ၈ ခုမှာ ပြည်တွင်းပြည်ပ လူသားချင်းစာနာမှုဆိုင်ရာ ကူညီပေးရေးအဖွဲ့တွေကို သွားရောက်ခွင့် ပိတ်ထားတာကြောင့် ဒုက္ခသည်တွေ အငတ်ဘေးကြုံတွေ့နေရတယ်လို့လည်း AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဒီနေ့Online ကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်လို ပြောခဲ့ပါတယ်။
“ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စတဲ့ မြို့နယ် ၈ ခုကို နိုင်ငံတကာအဖွဲ့အစည်းတွေ NGO တွေ၊ INGO တွေနဲ့ CSO တွေက သွားရောက် ကူညီခွင့်လည်း စစ်ကောင်စီကပိတ်ထားကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ အငတ်ဘေးဆိုက်မယ့် အခြေအနေကို ရောက်နေပြီ။”
အလားအလာအခြေအနေတွေကိုတော့ ပုံသေပြောလို့မရသေးဘဲ သူတို့အနေနဲ့ စောင့်ကြည့်နေဆဲရှိတယ်လို့လည်း AA ပြောခွင့်ရက ရခိုင်ဘာသာစကားနဲ့ အခုလို ပြောပါတယ်။
“ ကြိုပြီးတော့ ပြောလို့မရဘူးဗျာ။ ကျနော်တို့ အပစ်ရပ်တာက တရက်ပဲရှိပါသေးတယ်-ဆိုတော့ ရှေ့မှာဘာဖြစ်မှာလဲ၊ ဘယ်လိုဖြစ်မလဲဆိုတာကတော့ ပြောလို့မရဘူး။ ကျနော်တို့လည်း ဆက်ပြီးတော့ စောင့်ကြည့်မယ်။ ပြည်သူတွေလည်း စောင့်ကြည့်နေကြအုံးမယ်လို့ ထင်တယ်။ တဘက်နဲ့ တဘက် ဘာဖြစ်လာမလဲဆိုတာကတော့ နှစ်ဘက်လုံးရဲ့ လုပ်ဆောင်မှုနဲ့ ကတိတည်မှုအပေါ်မှာ မူတည်ပါလိမ့်မယ်။”
လက်ရှိ အပစ်ရပ်ထားတဲ့ရခိုင်မှာ ပစ်ခတ်သံတွေ မကြားရတော့ပေမယ့် ဒေသခံပြည်သူတွေရဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးသယ်ယူခွင့်နဲ့ ခရီးသွားလာခွင့်တွေကို စစ်ကောင်စီကပိတ်ဆို့ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
===============
[[Unicode]]