Man-yi ဟာ လာမယ့် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာတော့ နိုင်ငံရဲ့ လူဦးရေအများဆုံးကျွန်းလည်း ဖြစ်၊ အဓိက စီးပွားရေး လုပ်ငန်းတွေလည်း ရှိတဲ့ Luzon ကို စူပါတိုင်ဖွန်း ဒါမှမဟုတ် တိုင်ဖွန်းမုန်တိုင်း အဖြစ် ဆက်လက် တိုက်ခတ်ဖို့ ရှိပြီး တနင်္လာနေ့မှာတော့ မနီလာမြို့တော် မြောက်ဘက်က တဆင့် တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်ဝင်ရောက်ဖို့ ရှိနေပါတယ်။
စနေနေ့မှာတော့ Man-yi မုန်တိုင်းဟာ ၁ နာရီမှာ အမြင့်ဆုံးလေတိုက်နှုန်း ၁၉၅ ကီလိုမီတာ (၁၂၁ မိုင်) နှုန်းနဲ့ လူနေကျဲပါးတဲ့ Catanduanes ကျွန်းကို စူပါတိုင်ဖွန်း မုန်တိုင်းအဖြစ် ဝင်ရောက်ခဲ့တာပါ။ နောက်ဆက်တွဲ လေတိုက်နှုန်းက ၁ နာရီမှာ ၃၂၅ ကီလိုမီတာ (၂၀၁ မိုင်) အထိရှိကြောင်း ဖိလစ်ပိုင် တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းကြောင့် ၁၄ မီတာ (၄၆ ပေ) မြင့်တဲ့ လှိုင်းလုံးကြီးတွေဟာ Catanduanes ကမ်းရိုးတန်းကို ရိုက်ခတ်ခဲ့ပြီး မြို့တော် မနီလာနှင့် အခြား ထိခိုက်လွယ်တဲ့ ကမ်းရိုးတန်းဒေသတွေမှာ လာမယ့် ၄၈ နာရီအတွင်း ၃ မီတာကျော်အထိ မုန်တိုင်းဒီရေလှိုင်း အန္တရာယ်ကျရောက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
တိုင်ဖွန်းမုန်တိုင်းကြောင့် ခရီးအသွားအလာ များတဲ့ Bicol ဒေသနဲ့ အရှေ့မြောက်ဘက် Camarines Sur တွေမှာ လေပြင်းတွေ ကျရောက်နေပြီး "လူ့အသက်နှင့် အိုးအိမ် ပိုင်ဆိုင်မှုတွေ ခြိမ်းခြောက်မှု ပြင်းထန်နိုင်တယ်" လို့ မိုးလေဝသ ခန့်မှန်းသူတွေက ပြောပါတယ်။ မု န်တိုင်းမတိုင်မီကတည်းက Catanduanes ဒေသမှာ လျှပ်စစ်ဓာတ်အားတွေ ဖြတ်တောက်ထားပြီး ကယ်ဆယ်ရေး စခန်းတွေမှာတော့ ဓာတ်အားအတွက် မီးစက်တွေကို အသုံးပြုထားကြပါတယ်။ ဖိလစ်ပိုင်မိုးလေဝသအေဂျင်စီ PAGASA က Catanduanes ဧရိယာအတွက် မုန်တိုင်း သတိပေးချက် အမြင့်ဆုံး ဖြစ်တဲ့ အဆင့် ၅ သတိပေးချက် ထုတ်ပြန်ထားရပါတယ်။
Man-yi ဟာ သီတင်းနှစ်ပတ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်သည့် စတုတ္ထမြောက် တိုင်ဖွန်းဖြစ်သလို ၁ လ အတွင်း ၆ ခု မြောက် ဝင်ရောက်တဲ့ အဓိက မုန်တိုင်းတခု ဖြစ်ပါတယ်။ မကြာသေးမီ ရက်သီတင်းပတ်တွေ အတွင်းက ဝင်ရောက်ခဲ့တဲ့ မုန်တိုင်း ၅ ခု ဒဏ်ကြောင့် ဖိလစ်ပိုင်မှာ အနည်းဆုံး လူ ၁၆၃ ဦး သေဆုံးခဲ့ကာ ထောင်နဲ့ချီတဲ့ လူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသလို ကောက်ပဲသီးနှံနဲ့ တိရစ္ဆာန်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ရာသီဥတုပြောင်းလဲနေမှုကြောင့် မုန်တိုင်းတွေရဲ့ ပြင်းအား တိုးမြင့်လာနေပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ လေပြင်းတိုက်ခြင်းတွေ ပိုပြီး ဖြစ်ပေါ်စေတယ်လို့ ကျွမ်းကျင်သူတွေ သတိပေထားပါတယ်။
Forum