သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံအဖြေရှာတဲ့အပေါ် အမေရိကန်ထောက်ခံ


အာဆီယံ−အမေရိကန် ထိပ်သီး ညီလာခံကျင်းပနေစဉ် (အောက်တိုဘာ ၁၁၊ ၂၀၂၄)
အာဆီယံ−အမေရိကန် ထိပ်သီး ညီလာခံကျင်းပနေစဉ် (အောက်တိုဘာ ၁၁၊ ၂၀၂၄)

မြန်မာနိုင်ငံပြဿနာအတွက် အာဆီယံအဖွဲ့က အားထုတ်အဖြေရှာနေတဲ့အပေါ် ကြိုဆိုတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။ ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးကို မြှင့်တင်ဖို့ ကြိုးစားနေတဲ့ မလေးရှားနိုင်ငံက ရှေ့နှစ် ၂၀၂၅ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့်အပေါ် ထောက်ခံကြောင်း အမေရိကန်ပြည်ထောင်စုနဲ့ မလေးရှား နှစ်နိုင်ငံ အဆင့်မြင့် အရာရှိတွေရဲ့ ၆ ကြိမ်မြောက် ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံရဲ့ အချက်အခြာကျမှုနဲ့ မြန်မာ့အရေးအာဆီယံက ဖြေရှင်းဖို့ ကြိုးစားတဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ထောက်ခံတယ်လို့ ပြောကြားထားပါတယ်။ မလေးရှားနဲ့ အမေရိကန်ကြား အလုံးစုံ မိတ်ဘက် ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂ ဘက်အဆင့်မြင့်တာဝန်ရှိသူတွေ မလေးရှားနိုင်ငံ Putrajaya မှာ အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ့အရေးအပြင် အင်ဒိုပစိဖိတ်ဒေသအရေး ကိစ္စတွေမှာ အာဆီယံက အဓိကနေရာက ဖြေရှင်းကိုင်တွယ်မယ့် မျှော်မှန်းချက်တွေကို ထောက်ခံတဲ့အကြောင်း အောက်တိုဘာ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာ အရေးကိစ္စတွေမှာ တက်တက်ကြွကြွ ဆွေးနွေးဖြေရှင်းကြဖို့ လိုအပ်တာကို ကြေညာချက်မှာ ထောက်ပြထားပြီး ဂါဇာဒေသ ပဋိပက္ခ တင်းမာမှုတွေ လျော့ပါးရေးမှာ သံတမန်ရေးအရ အဖြေရှာနိုင်အောင် တိုးမြှင့်လုပ်ဆောင်ဖို့ လိုတယ်ဆိုတာကိုလည်း နှစ်နိုင်ငံ ဆင့်မြင့် အရာရှိတွေရဲ့ အစည်းအဝေး ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်နိုင်ရေး ကြိုးပမ်းချက်တွေကို အမေရိကန်ပြည်ထောင်စုက တစိုက်မတ်မတ် ထောက်ခံခဲ့ပါတယ်။ မြန်မာ အပါအဝင် နိုင်ငံတချို့ဟာ ကုလသမဂ္ဂနဲ့ အာဆီယံရဲ့ ပဋိညာဉ်စာတမ်းပါ အခြေခံမူတွေကို ချိုးဖောက်နေတယ် ဆိုပြီး မကြာသေးခင်က လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ−အမေရိကန် ထိပ်သီး ညီလာခံမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG