မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေးမဟာမိတ် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်လာတဲ့ အထောက်အထားတွေ ပိုတွေ့လာရတာအတွက် အမေရိကန်က စိုးရိမ်လာပြီး ဒါဟာ ယူကရိန်းကျူးကျော်စစ်ပွဲကို တိုးမြှင့်တိုက်ခိုက်ဖို့ ရုရှားက လုပ်နေတယ်လို့လည်း မြင်ပါတယ်။
အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားဟာ ဒီလ အစောပိုင်းမှာ သူ့ရဲ့ အထူးတပ်သား ၁,၅၀၀ ကို ရုရှားအရှေ့ဖျားက Vladivostok ကို စေလွှတ်ခဲ့ သလို နောက်ထပ်လည်း ထပ်ပို့ဖို့ စီစဉ်နေတယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့တာပါ။
တောင်ကိုရီးယား ထောက်လှမ်းရေးဌာန NIS က ဉာဏ်ရည်တု နည်းပညာ AI ရဲ့ မျက်နှာသွင်ပြင် အနေထား မှတ်သားတဲ့ ဆော့ဖ်ဝဲသုံး ဆန်းစစ်မှုကနေ မြောက်ကိုရီးယား အထူးတပ်သားတွေ ဖြစ်နေတာကို သိရှိခဲ့ရကြောင်းနဲ့ သူတို့ဟာ ရုရှားစစ်ဝတ်စုံတွေနဲ့ စစ်ပစ္စည်းတွေအပြင် မှတ်ပုံတင်ကပ်တွေပါ ကိုင်ဆောင်ထားကြောင်း ပြောပါတယ်။
ယူကရိန်း အရာရှိတွေကလည်း သောကြာနေ့မှာပဲ ရုရှားက ဆာဂျီဗ်စကီ လေ့ကျင့်ရေးစခန်းမှာ မြောက်ကိုရီးယား တပ်သားပုံစံ တွေ့နေရသူတွေပါတဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး သူတို့ကို တပ်နေရာချထားဖို့ ပြင်နေတယ်လို့ ပြောပါတယ်။
တကယ်လို့ ဒါတွေသာ အမှန်ဖြစ်နေတယ်ဆိုရင် မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ သိသိသာသာ တိုးလာတာဖြစ်ပြီး ဒါဟာစိုးရိမ်စရာဖြစ်ကြောင်း သမ္မတအိမ်ဖြူ အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရ Sean Savett က VOA ကို ပြောပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားကြား စစ်ရေးဆက်ဆံမှု တိုးလာနေတယ်လု့ိ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အရာရှိတွေက လအတော်ကြာကတည်းက သတိပေးထားတာ ဖြစ်ပါတယ်။ ဒီနှစ် အစောပိုင်းမှာ ယူကရိန်းက Kharkiv ဒေသမှာ တိုက်ခိုက်တာအပါအဝင် နေရာအတော်များများမှာ မြောက်ကိုရီးယားလုပ် မစ်ဇိုင်းဒုံးကျည်တွေနဲ့ ရုရှားက ပစ်ခတ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးအေဂျင်စီက မေလတုန်းက ဓါတ်ပုံတွေနဲ့တကွ ဆန်းစစ်ချက် ထုတ်ပြန်ထားတာပါ။
Forum