သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာသန်းခေါင်းစာရင်း ကောက်ယူမှု အခြေအနေ


Census enumerators collect information during a national census in Naypyidaw on October 1, 2024. Census takers guarded by police and soldiers took to the streets of Myanmar on October 2 for a national survey that anti-junta groups have urged people to boycott.
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ စစ်ကောင်စီ ရုံးစိုက်တဲ့ နေပြည်တော်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ စာရင်းကောက်သူတွေက အချက်အလက်တွေ စုဆောင်းနေကြတဲ့ မြင်ကွင်း မှတ်တမ်း ဓာတ်ပုံ။ ဓာတ်ပုံ AFP

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မြို့ပေါ်ရပ်ကွက်တချို့မှာ သန်းခေါင်စာရင်းတွေ ကောက်ခံနေပါပြီ။ မုံရွာ ဝန်းကျင်နဲ့ ကျေးရွာတွေမှာတော့ ကောက်ခံတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ သန်းခေါင်စာရင်း ကောက်ခံသူတွေဟာ လက်နက်ကိုင် ဆောင်ထားသူတွေနဲ့ လာရောက် ကောက်ယူကြတာ လို့လည်း ပြောပါတယ်။

မုံရွာမှာ သန်းခေါင်စာရင်း ကောက်ခံနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မုံရွာမြို့က မြို့ပေါ်ရပ်ကွက်တချို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကစပြီး သန်းခေါင်စာရင်း လိုက်လံကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့ထဲမှာ အမျိုးသမီး၊ အမျိုးသားနဲ့ လက်နက်ကိုင်ဆောင်ထားသူ စုစုပေါင်း ၁၅ ယောက်ထက်မနည်း ပါဝင်တယ်လို့ မုံရွာမြို့ခံတဦးက ပြောပါတယ်။

"ဘုရားကြီးရပ်ကွက်ကို ပြီးခဲ့တဲ့လကုန် ၃၀ ရက်နေ့ကနေ စပြီးတော့ သန်းခေါင်စာရင်းစစ်တာ။ မနေ့က မုံရွာအလယ်ရပ် ရောက်တယ်။ အိမ်ဘယ်လောက်ရှိတယ်၊ စီးပွားရေးအခြေအနေက ဘယ်လိုရှိတယ်ပေါ့လေ။ ဒါတွေကအစ အကုန်မေးတယ်။ လူတွေဘာတွေ ဘယ်နှစ်ယောက် အလုပ်ရှိတုန်း၊ ဆိုင်ကယ်ဘယ်နှယ်စင်း ရှိတုန်း၊ ကားရှိလား၊ ဘာညာပေါ့။ အိမ်က ဘယ်လိုအိမ်တုန်း၊ အဲဒါမျိုးမေးတယ်။ အမျိုးသမီး ၁၀ ယောက်လောက် ပါတယ်ဗျ။ အမျိုးသားက ၅ ယောက်လောက်ပါတယ်။ စုစုပေါင်း ၁၄ - ၁၅ ယောက်လောက်တော့ ပါတယ်။ သူတို့အုပ်စုတွေကတော့ အနောက်ကနေ အရပ်ဝတ်တွေနဲ့ ဝိုင်းရံပြီးတော့ လှည့်တာပေါ့လေ။ လက်နက်ကိုင် ၁၀ ယောက်လောက်ကတော့ သူတို့နောက်မှာ အမြဲတမ်းပါတယ်။ နှစ်ဖွဲ့ခွဲပြီးတော့ လှည့်တယ်။"

မုံရွာမြို့ပေါ်မှာ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တော်တော်များများ ဖမ်းဆီးခံရတာ ရှိခဲ့သလို၊ အခု သန်းခေါင်စာရင်း ကောက်ယူချိန်မှာလည်း ဆိုင်ကယ်စီးလာတဲ့ လူငယ် ၂ဦး ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။

"သန်းခေါင်စာရင်းကောက်ရင်း လမ်းမှာတွေ့တဲ့ အလယ်ရပ်ထဲက ၃၀ ရက်နေ့က ၂ ယောက်ပါသွားတယ်။ ဆိုင်ကယ်တွေလည်း ပါသွားတယ်။ ပြန်တော့ မရသေးဘူးဗျ။ သန်းခေါင်စာရင်း လာကောက်ရင် မြို့ပေါ်ဆိုတာတော့ ပေးရတဲ့ ဝတ္တရားတော့ ရှိတာပေါ့။ ရှောင်လို့ကလည်း မလွယ်ဘူး။ ကိုယ့်အိုး ကိုယ့်အိမ် ပစ်ထားလို့ကလည်း မလွယ်ဘူး။"

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူတဲ့အစီအစဉ်မှာ တတ်နိုင်တဲ့ဘက်ကနေ မပါဝင်ဖို့ကို အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သူတွေက တောင်းဆိုထားကြပါတယ်။ စစ်ကောင်စီအင်အား ကောင်းတဲ့နေရာမှာ ရှိနေသူတွေကတော့ ဒီအစီအစဉ်ကို ရှောင်လွှဲဖို့ခက်ပြီး၊ နေရာစုံသွားပြီး သန်းခေါင်စာရင်း အပြည့်အဝ ကောက်ယူနိုင်ဖို့ကတော့ မဖြစ်နိုင်ဘူးလို့ တချို့ကလည်း သုံးသပ်ပါတယ်။

"အခု လောလောဆယ်ကတော့ ကျနော်တို့ အမြင်ကတော့ သူတို့နိုင်နင်းတဲ့ ရပ်ကွက်တွေကိုပဲ လှည့်လုပ်နေတယ်။ ကျန်တဲ့ဘက်တွေက သူတို့လူ သိပ်မရှိဘူး။ သိပ်မရှိတော့ ကောက်ချင်လည်း ကောက်မယ်၊ ကောက်ချင်မှလည်း ကောက်မယ်လို့ ထင်တယ်။ နယ်တွေ၊ ရွာတွေဘက်နဲ့ ဒီမြို့ပေါ်တွေလည်း သူတို့နိုင်နင်းတဲ့ ရပ်ကွက်ပဲလေ။ အင်အားကတော့ သိပ်မရှိဘူး။"


စစ်ကိုင်းတိုင်းအပါအဝင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ တခြားနေရာတွေမှာလည်း စစ်ကောင်စီရဲ့ လက်နက်ကိုင်ဆောင် ထားသူတွေပါ သန်းခေါင်စာရင်းအဖွဲ့အတူ လိုက်လံနေတယ်လို့ သိရပါတယ်။ သန်းခေါင်စာရင်းကို အခု အောက်တိုဘာ ၁ရက်ကနေ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံတွင်း နေထိုင်သူအားလုံးကို ကောက်သွားမှာဖြစ်ပြီးတော့ ပထမဆုံး လူဦးရေစာရင်းကို လာမယ့် ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပါတယ်။

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG