အာဖရိကဒေသမှာ ကူးစက်ပြန့်ပွါးနေတဲ့ mpox ခေါ် မျောက်ကျောက်ရောဂါအတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သြဂုတ်လလယ်မှာ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေနေ ကြေညာခဲ့ပါတယ်။ ကူးစက်မှုအဆိုးဝါးဆုံး ဖြစ်နေတဲ့ ကွန်ဂိုနိုင်ငံမှာ ဒီမျောက်ကျောက် ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇ ပြောင်းလဲရှင်သန်မှုဟာ ထင်တာထက် ပိုမြန်နေတာတွေ့ရပြီး ပိုးမျိုးစိတ်သစ် နဲ့ ပတ်သက်လို့ မသိတာတွေ များနေသေးတာကြောင့် မှန်းပြီး ကုသနေရတယ်လို့လည်း WHO က သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
Mpox လို့ လူသိများတဲ့ မျောက်ကျောက်ရောဂါ ကူးစက်ပြန့်နှံ့မှု အခြေနေဟာ စိုးရိမ်စရာ ဖြစ်လာတဲ့ အတွက် ကို သြဂုတ်လ ၁၄ ရက်နေ့မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ Tedros Adhanom Ghebreyesus က ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေနေ အဖြစ် ကြေညာခဲ့ပြီး နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့ ပန်ကြားလိုက်ပါတယ်။
" ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ mpox - မျောက်ကျောက် မျိုးစိတ်သစ် ကူးစက်ပြန့်ပွါးမှု သိပ်မြန်နေတာကို တွေ့ရပါတယ်။ အရင်က mpox ကူးစက်မှု မရှိခဲ့တဲ့ သူ့ရဲ့ အိမ်နီးချင်း နိုင်ငံတွေမှာပါ ကူးစက်တာကို တွေ့နေရပါတယ်။ ဒါဟာ အာဖရိက တိုက်နဲ့ တခြားဒေသ တွေကိုပါ ကူးစက် ပြန့်နှံ့ နိုင်ခြေရှိနေတာကြောင့် စိုးရိမ်စရာပါ။ ဒီရောဂါ ပြန့်နှံ့ ဖြစ်ပွါးမှုကို တားဆီးဖို့နဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ နိုင်ငံတကာကနေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။."
ကွန်ဂိုနိုင်ငံမှာ ကူးစက်ပြန့်ပွါးနေတဲ့ mpox မျိုးစိတ်သစ်နဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ လေ့လာတဲ့ အခါမှာ ဒီပိုးမျိုးစိတ်သစ်ရဲ့ ပြောင်းလဲရှင်သန်မှုဟာ မျှော်မှန်းထားတာထက် သိပ်ကို မြန်နေတာ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒါကို လေ့လာဖို့ ပစ္စည်းကရိယာ ကောင်းကောင်း မရှိတဲ့ အပြင် သုတေသန အတွက် အထောက်အပံ့လည်း ကောင်းကောင်း မရတဲ့ အတွက် မှန်းပြီးပဲ ကုသပေးနေရတဲ့ အနေထားဖြစ် နေတယ်လို့ နီဂျေး ဒယ်လ်တာ တက္ကသိုလ် ဆေးရုံက ကူးစက်ရောဂါ အထူးကုဆရာဝန်ကြီး ဖြစ်တဲ့ WHO ရဲ့ mpox အရေးပေါ် ကော်မတီ ဥက္ကဌ ဒေါက်တာ ဒီမီ အိုဂိုနာ DIMIE OGOINA ကပြောပါတယ်။
" အာဖရိကမှာ ဒီရောဂါနဲ့ ပတ်သက်ပြီး ကျနော်တို့က မှန်းပြီး ကုသနေရတဲ့ သဘောပါ။ mpox ရဲ့ သဘာဝ လက္ခဏာတွေ၊ ကူးစက်နိုင်စွမ်းတွေ၊ အန္တရာယ်ရှိတဲ့ အချက်တွေကို သိဖို့ လိုပေမယ့် မသိပဲ ဖြစ်နေပါတယ်။ နောက်ပြီး တကယ် အရေးကြီးတာက ကိုယ်လုပ် နိုင်တဲ့ အတိုင်းအတာကို ကိုယ်သိဖို့ လိုပါတယ်။ ရောဂါ တခုကို တိုက်ဖျက်ဖို့ ကြိုတင်ကာကွယ်ရေး နည်းစံနစ်ချတဲ့ နေရာမှာ ဖြစ်စေ၊ ပုံစံဆွဲတဲ့ အခါမှာ ဖြစ်စေ ဒီရောဂါ အကြောင်းကို နားလည်ထားဖို့ လိုပါတယ်။ အခု နားမလည်သေးတာဟာ ဒီရောဂါတိုက်ဖျက်ရေး အတွက် ကြီးမားတဲ့ အားနည်းချက် ဖြစ်နေတဲ့အတွက် ကျနော်တို့ အနေနဲ့ ဒီရောဂါကို ပိုနားလည်လာအောင် သူ့အကြောင်း သိလာအောင် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လိုနေပါတယ်။."
ဟုတ်ပါတယ်။ ဒီ ဗိုင်းရပ်စ်ပိုး နဲ့ ပတ်သက်ပြီး မသိသေးတဲ့ အချက်အလက်တွေက သိပ်များနေတာပါ။ ဒီဗိုင်းရပ်စ်ပိုး သက်ရောက်မှုက ဘယ်လောက် ပြင်းထန်တယ်၊ ဘယ်လို ကူးစက်တယ် ဆိုတာတွေကို သေသေချာချာ မသိသေးတဲ့ အတွက် သူ့ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားရာမှာ အခက်အခဲ ဖြစ်နေတယ်လို့ အာဖရိက၊ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုက သိပ္ပံပညာရှင် ဒါဇင်ဝက်လောက်က ပြောကြားကြောင်း ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။
မျောက်ကျောက်လို့ အများသိကြတဲ့ Mpox ရောဂါဟာ အာဖရိက တိုက်က နိုင်ငံတချို့မှာ ၁၉၇၀ နှစ်တွေ ကတည်းက လူထုကျန်းမာရေး ဆိုင်ရာ ပြဿနာ တရပ်အဖြစ် ရှိခဲ့တာပါ။ ဒါပေမယ့် ၂၀၂၂ နိုင်ငံအတော်များများမှာ ကူးစက်ဖြစ်ပွါး လာတဲ့ အချိန်အထိ ကမ္ဘာက သိပ် ဂရုမစိုက်ပဲ ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က လည်း WHO က ကမ္ဘာ့ကျန်းမာရေး ဆိုင်ရာ အရေးပေါ် အခြေနေ ကြေညာခဲ့တာ ဖြစ်ပြီး နောက် ၁၀ လအကြာမှာ ဒီအရေးပေါ် အခြေနေကို ရုတ်သိမ်းခဲ့တာပါ။ ဒါပေမယ့် အာဖရိက ဒေသမှာတော့ ဒီရောဂါ ဖြစ်ပွါးမှုက ဆက်ပြီး တိုးနေခဲ့ပါတယ်။
အခုတော့ ဒီရောဂါ ဖြစ်ပွါးစေတဲ့ ဗိုင်းရပ်စ်ဟာ မျိုးစိတ်သစ် တခုဖြစ်တဲ့ clade Ib အဖြစ် ပြောင်းလဲလာပြီး ကွန်ဂိုနိုင်ငံမှာ အလျင်အမြန် ကူးစက်ခဲ့တဲ့ အပြင် အိမ်နီးချင်း နိုင်ငံတွေကိုပါ ကူးစက်စေခဲ့တာကြောင့် WHO က အရေးပေါ် အခြေနေ ထပ်ကြေညာရတာ ဖြစ်ပါတယ်။
အခုမျိုးစိတ်သစ်ကို clade I လို့ နာမည်ပေးထားပါတယ်။ ကွန်ဂို နိုင်ငံမှာတော့ မျောက်ကျောက်ရောဂါ ဖြစ်ပွါးနေတဲ့ တိရိစ္ဆာန်တွေနဲ့ ထိတွေ့ မိရာကနေ ဒီရောဂါ ကူးစက်ဖြစ်ပွါးနေတာ ဆယ်စုနှစ်နဲ့ချီ နေပါပြီ။ Mpox ရောဂါ ဖြစ်ပွါးသူမှာ အဖျားတက်တဲ့ လက္ခဏာမျိုး တွေ့ရသလို အနာတွေဖြစ်ပြီး၊ ပြည်တည်နာတွေကနေ တခြားလူကို သေစေတဲ့ ရောဂါတွေပါ ဝင်လာတတ်တာပါ။
ကွန်ဂိုမှာ clade I အမျိုးစားရော clade Ib အမျိုးစားပါ ပြန့်နှံ့ခဲ့တာဖြစ်ပြီး လူပေါင်း ၁ သောင်း ၈ ထောင်ကျော် အကူးစက်ခံရပြီး ဒီနှစ်ထဲမှာပဲ သေဆုံးရသူက ၆၁၅ ယောက် ရှိနေတယ်လို့ WHO က ကြေညာပါတယ်။ ပြီးခဲ့တဲ့ လထဲမှာပဲ တခြား အာဖရိက ၄ နိုင်ငံမှာ clade Ib ဖြစ်ပွါးသူ ၂၂၂ ယောက် ရှိကြောင်း အတည်ပြုခဲ့ပြီး ဆွီဒင်နဲ့ ထိုင်းနိုင်ငံတွေမှာတော့ တယောက်စီ တွေ့ခဲ့တာပါ။ ဒီ လူ ၂ ယောက်ကလည်း အာဖရိက ကနေ ခရီးသွားသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီရောဂါ ကူးစက်မှု မကြုံရသေးပေမယ့် ဖြစ်လာရင် ကုသဖို့ ဝေဘာဂီ ဆေးရုံမှာ ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒီမျောက်ကျောက် ရောဂါ ဟာ လိင်ဆက်ဆံရာကနေ ကူးစက်နိုင်တယ်လို့ ၂၀၁၇ မှာ ပထမဆုံး သတိပေးခဲ့သူက ဒေါက်တာ ဒီမီ အိုဂိုနာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး သေသေချာချာ မသိရသေးတဲ့ အတွက် အာဖရိကမှာ မှန်းပြီး ကုနေရချိန်မှာပဲ ဒီပိုး ရှင်သန်ပြောင်းလဲမှုက သိပ်မြန်တဲ့ အတွက် စိတ်ပူစရာဖြစ်နေတယ်လို့ ပြောပါတယ်။
" Mpox ရဲ့ ပြောင်းလဲရှင်သန်နှုန်းက သိပ်ကိုမြန်နေပါတယ်။ clade 2 b ဗိုင်းရပ်စ် တုန်းက မျိုးစိတ်သစ် ဖြစ်လာဖို့ ၅ နှစ်လောက်ကြာပေမယ့် အခု clade 1 ကတော့ မျိုးစိတ်သစ် ဖြစ်တာ သိပ်မြန်ပါတယ်။ နောက်ထပ် ဘာ မျိုးစိတ်သစ် ထပ်ဖြစ်လာမယ်၊ နောက်မျိုးစိတ်သစ်တွေမှာ ဘာတွေ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာနိုင်မယ် ဆိုတာ မှန်းလို့ မရပဲ ဖြစ်နေပါတယ်။."
နိုင်ဂျီးရီးယားမှာ တွေ့ရတဲ့ ပိုးဟာ clade 2 b ဖြစ်ပြီး နောက်ထပ် အသွင်ပြောင်းဖို့ အတွက် ၅ နှစ် ကနေ အထက် အချိန်ကြာခဲ့တာပါ။ သူက ၂၀၂၂ ခုနှစ်မှာမှ ကမ္ဘာတလွှား လူသားတွေကြား ကူးစက်ပြန့်ပွါးခဲ့တာ ဖြစ်ပေမယ့် Clade Ib ကတော့ တနှစ် တောင်မပြည့်သေးခင် အလားတူ ကူးစက်ပြန့်ပွါးလာတာ ဖြစ်ပါတယ်။ Mpox ဗိုင်းရပ်စ်နဲ့ ကျောက်ရောဂါ ဟာ orthopox virus မျိုးရင်းတူ ဖြစ်ပါတယ်။ ဒီကျောက်ရောဂါကို လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကတည်းက ကာကွယ်ဆေးထိုးပြီး အမြစ်ဖြတ်နိုင်ခဲ့ပါတယ်။ အခု clade Ib ကတော့ မနှစ်က ၂၀၂၃ စက်တင်ဘာ လလယ်လောက်မှာ စဖြစ်လာပြီး အသွင်ပြောင်းလာတဲ့ ဒီပိုးကို လူတွေမှာ ကူးစက်တာ တွေ့လာရတာပါ။
Mpox ဗိုင်းရပ်စ်ဟာ အသွင်ပြောင်းဖို့သိပ်နှေးတတ်ပေမယ့် အခု ဖြစ်ပွါးတဲ့ မျိုးစိတ်သစ်ကတော့ ပြောင်းလဲမှု မြန်ဆန်ပါတယ်။ အရင်က ဒီရောဂါဖြစ်နေတဲ့ တိရိစ္ဆာန်နဲ့ ထိတွေ့မှာ လူကိုကူးစက်တာဖြစ်ပြီး အမျိုးအစားက clade Ia ပါ။ ဒါကို ကွန်ဂိုမှာ တွေ့နေရဆဲဖြစ်ပြီး ကူးစက်မှုနဲ့ သစ်တောပြန်းတီးမှု ဆက်စပ်နေတဲ့အပြင် ရောဂါဖြစ်နေတဲ့ တိရိစ္ဆာန် အသားစားမိရာကနေလည်း ဖြစ်ပွါးတတ်ပါတယ်။ သူကနေ တဆင့်ပြောင်းလဲသွားတဲ့ clade 1 b နဲ့ 2 b တို့ကတော့ လိင်ဆက်ဆံရာက ကူးစက်တယ်လို့ တောင်အာဖရိက ကူးစက်ရောဂါ အထူးကု ဖြစ်တဲ့ အာဖရိက ဒေသ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန CDC ရဲ့ mpox ရောဂါဆိုင်ရာ အကြံပေးကော်မတီ အကြီးအကဲ Salim Abdoool Karim ကပြောပါတယ်။
" ကျနော် စိတ်ပူနေတာကတော့ ဒီရောဂါက လိင်ဆက်ဆံ ရာကနေ ကူးစက်တဲ့ ရောဂါ ဖြစ်လာနေပြီး ၊ အာဖရိကမှာက ဒီလိုမျိုး ကူးစက်ရောဂါတွေ ဘယ်လိုပြန့်သွား နိုင်တယ်ဆိုတာလည်း တွေ့ခဲ့ရတာကြောင့်ပါ။ သိပ်ဝေးဝေး ကြည့်စရာတောင် မလိုပါဘူး။ ကျနော်တို့ရဲ့ တောင်အာဖရိက နိုင်ငံမှာတင် ဒီလိုကူးစက်ရောဂါမျိုး ဘယ်လို ပြန့်နိုင်တယ်ဆိုတာ တွေ့ခဲ့ရတဲ့အတွက် ဒီမှာပြန့်ပွါးနိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် ကျနော်တို့ ဘာလုပ်ရမလဲ ဆိုတော့ ဒီလို ပြန့်မသွားအောင် ကာကွယ်ဖို့ အားလုံးဝိုင်းဝန်း လုပ်ဆောင်ဖို့ လိုသလို အခြေနေ ဆိုးမလာခင် ကာကွယ်ရေးကို အခုပဲ စပြီးလုပ်ဖို့ လိုပါတယ်။."
ကွန်ဂိုမှာ အမျိုးသမီး လိင်ဖျော်ဖြေရေး လုပ်သား အများစုမှာ clade Ib ဖြစ်ပွါးတာ တွေ့ရပြီး ရောဂါရှင်ကနေ သားသမီးတွေ ကူးစက်တာကို ကွန်ဂိုအရှေ့ပိုင်းက လူအများစုပြုံနေထိုင်ရတဲ့ ဒုက္ခသည်စခန်းတွေမှာရော၊ ဘူရွန်ဒီမှာပါ တွေ့နေရတာပါ။
" ခပ် ရှင်းရှင်း ပြောရမယ်ဆိုရင်တော့။ အားလုံးသိတဲ့ အတိုင်းပဲ အာဖရိက - က နိုင်ငံတော်တော်များများမှာ တီဘီ အဆုတ်နာရောဂါ ပြဿနာရှိပါတယ်။ ဒီ တီဘီရောဂါကို ထိန်းချုပ်သလို ဒါကို ထိန်းချုပ်ရမှာပါ။ ဒါကတော့ ဘာရောဂါ ဆိုတာကို ခွဲခြား သတ်မှတ်ဖို့၊ ရောဂါဖြစ်နေသူနဲ့ ထိတွေ့သူ နောက် ခြေရာခံလိုက်၊ ဆက်သွယ်ဖို့၊ ကာကွယ်ဆေးထိုးဖို့နဲ့ စောင့်ကြည့်ဖို့၊ အပြင် ကုသပေးဖို့ နဲ့ ရောဂါဖြစ်သူနဲ့ ထိတွေ့နေသူတွေ၊ ရောဂါမရအောင် ကာကွယ်မှုတွေ ပေးဖို့ဖြစ်ပါတယ်။ ."
အထူူးသဖြင့် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ခံအားနည်းသူတွေ မှာ ကူးစက်ဖို့ လွယ်ကူသလို မျောက်ကျောက်ရောဂါဟာ သေဆုံးတဲ့ အထိ အန္တရာယ် ပေးနိုင်တယ်လို့ WHO က သတိပေးပါတယ်။ ဒါပေမယ့် တခြား ကူးစက်ရောဂါတွေကို ကာကွယ်ဖို့ ထိန်းချုပ်ဖို့ လုပ်နိုင်သလိုပဲ ဒီရောဂါ အတွက်လည်း ကာကွယ်ဆေးတွေ ရှိနေပြီဖြစ်တဲ့ အတွက် ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်နေတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
Forum