ထိုင်ဝမ်ကို ဗုဒ္ဓဟူးနေ့က ဝင်ရောက်သွားခဲ့တဲ့ တိုင်ဖွန်း ဂေမီ (Gaemi) မုန်တိုင်းကြောင့် နစ်မြုပ်၊ သောင်တင်သွားတဲ့ ကုန်သင်္ဘောတချို့ပေါ်ပါတဲ့ မြန်မာနိုင်ငံသားတချို့ကို ကယ်ဆယ်ထားတယ်လို့ မိသားစုဝင်တချို့နဲ့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အဖွဲ့အစည်းတွေက ပြောပါတယ်။
နစ်မြုပ်သွားတဲ့ တန်ဇန်းနီးယားအလံတင် Fu Shun သင်္ဘောပေါ်က မြန်မာ ၉ ယောက်ထဲမှာ ၄ ယောက်ကို ရှာတွေ့ထားပြီး ကပ္ပတိန်ဖြစ်သူကတော့ သေဆုံးသွားတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။
တနေရာစီကနေ ကယ်တင်ထားတဲ့ သူတို့ကို Kaohsiung ဆိပ်ကမ်းအနီးက Modern Plaza Hotel မှာ စောင့်ရှောက်ထားတယ်လို့ မိသားစုဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။ Fu Shun သင်္ဘောက ကျန်တဲ့မြန်မာ ၅ ယောက်ကိုတော့ ဆက်ပြီး ရှာဖွေနေတုန်းပဲ ဖြစ်ပါတယ်။
နောက်ဆက်တွဲ သတင်းတွေအရ နှစ်ရက်အတွင်းမှာ သောင်တင်သွားတဲ့ သင်္ဘောက ၁၀ စီး ရှိတယ်လို့ ထိုင်ဝမ် နိုင်ငံတကာ အသံလွှင့်ဌာန RTI ရဲ့ မြန်မာပိုင်းဌာနက သတင်းထုတ်ပြန် ထားပါတယ်။
ထိုင်ဝမ်နားမှာ သောင်တင်သွားတဲ့ SOPHIA သင်္ဘောပေါ်က မြန်မာ ၉ ယောက်လုံးကိုတော့ ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်ထားပါတယ်။ Pingtung (ဖိန်တုန်း) ပင်လယ်အော်နားမှာ သောင်တင်သွားတဲ့ မွန်ဂိုနိုင်ငံ BASIA သင်္ဘောပေါ်က အင်ဒိုနီးရှား ၆ ယောက်နဲ့ မြန်မာ ၂ ယောက်ကိုတော့ လက်ရှိ ကယ်ဆယ်နေတယ်လို့ ပြောပါတယ်။
Tainan (ထိုင်နန်) မြို့နားမှာ သောင်တင်သွားတဲ့ ကင်မရွန်နိုင်ငံ DOLPHIN သင်္ဘောပေါ်က မြန်မာနိုင်ငံသား ၉ ဦးလုံး ဘေးကင်းတယ်လို့ ကြားသိထားရကြောင်းလည်း ထိုင်ဝမ်သတင်းဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Forum