သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးကြီးလို့ နယူးဒေလီ လေဆိပ်ခေါင်မိုးပြိုကျ


ရာသီဥတုဒဏ်ကြောင့် ပြိုကျခဲ့ရတဲ့ နယူးဒေလီ နိုင်ငံတကာလေဆိပ်မြင်ကွင်း။
ရာသီဥတုဒဏ်ကြောင့် ပြိုကျခဲ့ရတဲ့ နယူးဒေလီ နိုင်ငံတကာလေဆိပ်မြင်ကွင်း။

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် သောကြာနေ့က Gandi နိုင်ငံတကာလေဆိပ်ရဲ့ခေါင်မိုး တစိတ်တပိုင်း ပြိုကျပြီး တဦးသေဆုံးရသလို ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

အိန္ဒိယရဲ့ အကြီးဆုံးလေဆိပ် ၃ ခုထဲက တခုဖြစ်တဲ့ နယူးဒေလီရဲ့ အဓိက လေဆိပ်ရှိရာနေရာမှာ ၂၄ နာရီ အတွင်း မိုးရေချိန် ၉ လက်မလောက် ရွာသွန်းခဲ့တာပါ။ ဒါဟာ ပုံမှန်အားဖြင့် နယူးဒေလီမြို့မှာ ဇွန်လ တလလုံး ရွာသွန်းလို့ ရတဲ့ မိုးရေပမာဏထက် ၃ ဆ ပိုပြီးများနေတာ ဖြစ်ပါတယ်။ သောကြာနေ့ ရွာတဲ့မိုးဟာ နယူးဒေလီအတွက် မုတ်သုံရာသီမှာ ပထမဆုံးရွာတဲ့ မိုးဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ပြောပါတယ်။ မုတ်သုံရာသီဟာ အိန္ဒိယမှာ စက်တင်ဘာလကုန် အထိရှိနေတာပါ။

သောကြာနေ့ မိုးကြောင့် လေဆိပ်အမှတ် ၁ Terminal အကြီးအကျယ် ပျက်စီးခဲ့ရပါတယ်။ ဒေသစံတော်ချိန် မနက် ၅ နာရီမှာ လေဆိပ်ခေါင်မိုးနဲ့အတူ တုတ်တန်းတွေပါ ပြိုကျခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြိုကျရာကနေ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဆေးရုံကို ပို့ပေးခဲ့ရပါတယ်။

ဒီ Terminal 1 ဟာ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ထွက်ခွါတဲ့နေရာ ဖြစ်ပါတယ်။ ဒီလေကြောင်းခရီးစဉ်တွေကို ရပ်ဆိုင်းထားရပြီး အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ကယ်ထုတ်ခဲ့ရတယ်လို့ လေဆိပ်အာဏာပိုင်တွေက ပြောပါတယ်။ လေကြောင်းခရီးစဉ် ၈ ခုထက်မနည်း ဖျက်သိမ်းခဲ့ရပြီး ခရီးစဉ် ၄၇ ခုကတော့ မိနစ် ၄၀ လောက် နောက်ကျပြီးမှ ထွက်ခွာနိုင်တာပါ။

အတိုက်အခံ ကွန်ဂရက်စ်ပါတီကတော့ ဒီလို လေဆိပ်အမိုး ပြိုကျခဲ့တာအတွက် ဝန်ကြီးချုပ် နရိန်ဒရာမိုဒီကို အပြစ်တင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG