သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြား အထောက်အပံ့မူကြမ်း ကန်အောက်လွှတ်တော် အတည်ပြု


အကူအညီပေးရေး ဆုံးဖြတ်ပေးဖို့ အမေရိကန် ကွန်ကရက်ရှေ့ ဆန္ဒထုတ်ဖေါ်နေသူများ။
အကူအညီပေးရေး ဆုံးဖြတ်ပေးဖို့ အမေရိကန် ကွန်ကရက်ရှေ့ ဆန္ဒထုတ်ဖေါ်နေသူများ။

အမေရိကန် အောက်လွှတ်တော်မှာ ယူကရိန်း၊ အစ္စရေးနဲ့ တခြား အမေရိကန် မဟာမိတ်နိုင်ငံတွေအတွက် နိုင်ငံခြား အကူအညီ ဒေါ်လာ ၉၅ ဘီလီယံ ထောက်ပံ့ရေး အစီအစဉ်ကို စနေနေ့က ဆက်တိုက် မဲခွဲဆုံးဖြတ်ပြီး ရှားပါးဖြစ်စဉ်အဖြစ် အလျင်အမြန် အတည်ပြုနိုင်ခဲ့ပါတယ်။

လွှတ်တော်ခေါင်းဆောင်တွေက လက်ယာစွန်း ရှေးရိုးစွဲဝါဒီ အတိုက်အခံတွေ အတည်ပြုနိုင်အောင် တွန်းအားပေးနိုင်ခဲ့တာပါ။ လွှတ်တော်ဥက္ကဋ္ဌ ရီပတ်ဘလင်ကန် မိုက်ဂျွန်ဆင်ဟာ သူ့ရဲ့ ဦးဆောင်မှု ရာထူးနေရာကို ထိခိုက်လာနိုင်မှာကို ရင်းပြီး စနေနေ့မှာ ဆက်တိုက် မဲခွဲဆုံးဖြတ်နိုင်ဖို့ လုပ်ခဲ့ပြီး ဒီမိုကရက်တစ်တွေရဲ့ ထောက်ခံမှုကို အားကိုးခဲ့ရပါတယ်။

ဒါကြောင့် ယူကရိန်းနဲ့ အစ္စရေးအပေါ် အကူအညီပေးရေးနဲ့ ဂါဇာကမ်းမြောင်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေး အစီအစဉ်တွေကို တခဲနက် အတည်ပြုနိုင်ခဲ့တာပါ။ ဒါ့အပြင် တရုတ်အခြေစိုက် လူသိများတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတခုဖြစ်တဲ့ TikTok ကို တနှစ်အတွင်း သူတို့ရဲ့ အစုရှယ်ယာတွေကို မရောင်းချခဲ့ရင် အမေရိကန်ပြည်ထောင်စုမှာ တားမြစ်မယ့် ဥပဒေကိုလည်း စနေနေ့မှာ အတည်ပြုနိုင်ခဲ့ပါတယ်။

အောက်လွှတ်တော်မှာ အခု အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ လာမယ့်ရက်တွေထဲ သဘောတူ နိုင်ခဲ့ရင်တော့ သမ္မတ ဂျိုးဘိုင်ဒင်က နောက်ဆုံး လက်မှတ်ရေးထိုးပြီး အတည်ပြုဖို့ပဲ ကျန်တော့မှာ ဖြစ်ပါတယ်။

အခု အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းအရ ရုရှားရဲ့ ကျူးကျော်စစ်ဒဏ်ခံနေရတဲ့ မဟာမိတ် ယူကရိန်းအတွက်က ဒေါ်လာ ၆၁ ဘီလီယံ အကူအညီပေးရေးအစီအစဉ်ပါဝင်မှာပါ။ ဒါကို အတည်ပြုချိန်မှာ လွှတ်တော်အမတ် တချို့က ယူကရိန်းရဲ့ အပြာရောင်နဲ့ အဝါရောင်စင်း အလံတွေကို လွှင့်ထူပြီး ထောက်ခံမှုတွေ ပြသခဲ့ကြပါတယ်။

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသက လူထုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးပေးဖို့အတွက် ဒေါ်လာ ၂၆ ဘီလီယံ လည်း ပါဝင်ပါတယ်။ ဒါ့အပြင် အင်ဒို-ပစိတ်ဖိတ်ဒေသက မဟာမိတ်နိုင်ငံတွေကို ကူညီဖို့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG