ရခိုင်ပြည်နယ်မှာ တပ်စခန်းတခုပြီးတခု လက်လွတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီအနေနဲ့ မြို့ပေါ် ရပ်ကွက် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် လေကြောင်းကနေလည်း ဗုံးကြဲ တိုက်ခိုက်နေတာပါ။ ဒီရက်ပိုင်းအတွင်းမှာပဲ ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၅ဝကျော်အထိ မီးလောင်ပျက်စီးသွားတယ်လို့ ရက္ခိုင့်တပ်တော် AAထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။ ဒီကနေ့မှာလည်းပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်တချို့ မီးလောင်နေ တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ သတင်းအပြည့်အစုံကိုတော့ ကိုစံကျော်ကတင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကျောက်တော် မြောက်ဦး မင်းပြား မြေပုံနဲ့ ပေါက်တောစတဲ့ မြို့နယ် ၅ ခုကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး ကျန်တဲ့ မြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို ရက္ခိုင့်တပ်တော် AA က တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်နေပါတယ်။ အခုလို တပ်စခန်း တခုပြီးတခု လက်လွတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့လည်း ကျေးရွာတွေနဲ့၊ မြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ AA တပ်က ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ မှာလည်း စစ်ကောင်စီရဲ့ ၅၅ဝ တပ်အထိုင်ချထားတဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်က ရပ်ကွက်တချို့ မီးလောင်နေတယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပုဏ္ဏားကျွန်းမြို့ခံ တဦးကပြောပါတယ်။
“ မီးကတော့ ဒီနေ့လောင်နေတယ်လို့ ပြောသံကြားပါတယ်။ ဘာကြောင့် လောင်တယ် ဆိုတာ လည်း ကျနော်တို့ အတိအကျပြောလို့မရဘူး၊ မြို့ထဲကနေ ထွက်ပြေးလာကြတဲ့ သူတွေရဲ့ စကားအရတော့ သူတို့ ထွက်ပြေးလာတုန်းက မီးလောင်နေတာတွေ့ခဲ့တယ်၊ ဘယ်လိုဖြစ်လို့ လောင်သွားတာလဲ ကျနော်တို့ အတိအကျမသိဘူး။ သေချာတာကတော့ မြို့သစ်ရပ် ကွက် ရယ် အလယ်စုရပ်ကွက်ရယ်၊ အလယ်စုရပ်ကွက်မှာ လက်နက်ကြီး ကျတယ်လို့လည်း ပြောသံကြားတယ်။”
ပုဏ္ဏားကျွန်းမြို့ခံတော်တော်များများဟာ ပြီးခဲ့တဲ့ လတွေကတည်းက စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး မြို့ပေါ်မှာ လူနည်းစုသာ နေထိုင်ကြတာလည်းဖြစ်ပါတယ်။ ဒီရက်ပိုင်း အတွင်း အဲဒီမှာ စစ်ကောင်စီနဲ့ AAတပ်ကြားနှစ်ဖက်အပြန်အလှန်ပစ်ခတ်တာတွေမရှိသလို သူတို့ထွက်ပြေးလာတဲ့ အချိန်အထိလည်း ပစ်ခတ်တာတွေမရှိဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ပုဏ္ဏားကျွန်းမြို့ခံတဦးကတော့ မြို့မီးလောင်နေတာကြောင့် စိတ်မကောင်းဖြစ်ရသလို ဆုံးရှုံးမှုတွေလည်း များတာကြောင့်လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေလည်း အမြန်ဆုံး ငြိမ်းချမ်းစေချင်တယ်လို့ ပြောပါတယ်။
“ ဒေသခံတယောက်အနေနဲ့ ပြောရရင်စိတ်တော့မကောင်းဘူးပေါ့ အကိုရယ်၊ကျနော်တို့ မြို့ မှာ အဲလို ဖြစ်နေတာဆိုတော့၊ ကျနော်တို့လည်း အများကြီး ဆုံးရှုံးသွားပြီလေ၊ အခုလည်း မီးလောင်တယ်ဘာတယ်ဆိုတော့ စိတ်တော့မကောင်းပါဘူး ခံစားရပါတယ်။ ကျနော်တို့အိမ် ကို အမြန်ဆုံးပြန်ချင်ပါတယ်၊ အခုပြန်လို့ရရင်တောင် အခုပြန်ချင်တယ် အဲလိုဖြစ်နေတာဒါပေ မယ့် တိုင်းပြည်က မငြိမ်မသက်ဖြစ်နေတော့ ပြန်လို့မရဘူး။ အမြန်ဆုံးအေးချမ်း စေချင်ပါတယ် အရင်လိုပဲ ကို်ယ့်မြို့မှာ အေးအေးချမ်းချမ်းနေသွားချင်ပါတယ်။”
စစ်တွေ ပုဏ္ဏားကျွန်း၊ ရသေ့တောင် ရမ်းဗြဲ၊ ကျောက်ဖြူနဲ့ အမ်းမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ခုခံစစ်၊ ဒါမှမဟုတ် ဆုတ်ခွာစစ်အနေနဲ့ ကျေးရွာ ရပ်ကွက်တွေ ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြသလို လေကြောင်းကနေလည်း ပစ်ခတ်တယ်လို့ AAဘက်က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လက်ရှိရခိုင်ပြည်နယ်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို AAဘက်က ပိတ်ဆို့ထားတာတွေရှိနေပြီး တပ်စခန်းတွေတခုပြီးတခုကျဆုံးနေတဲ့ စစ်ကောင်စီအနေနဲ့ လူနေကျေးရွာတွေနဲ့ အဆောက်အဦးတွေကို ဖျက်စီးသွားနိုင်တယ်လို့လည်း ရခိုင်နိုင်ရေး သမားတဦးဖြစ်တဲ့ ဦးဖေသန်းက သူ့အမြင်ကိုပြောပါတယ်။
“ သူတို့ကတော့ နီးစပ်ရာစခန်းတွေက နေပြီးတော့ ရွာတွေကို လက်နက်ကြီးနဲ့ ပစ်တာပေါ့၊ အရင်တုန်းကတော့ ရွာထဲတွေ ဝင်ပြီးတော့ မီးရှို့တာတွေရှိတယ်၊ နောက်ပိုင်းမှာတော့ သူတို့ ပိတ်ဆို့ခံထားရတဲ့ အနေအထားမျိုးမှာ၊ စခန်းအပြင်တောင် သူတို့ မထွက်နိုင်တော့ဘူး၊ အဲဒီ မှာသူတို့ လက်နက်ကြီးတွေနဲ့ ပစ်လို့ မီးလောင်တာတွေရှိတယ်၊ AAဘက်က သိမ်းထားတဲ့ မြို့တွေကိုလည်း လက်နက်ကြီးနဲ့ မကြာမကြာ ပစ်တာတွေတွေ့ရတယ်၊ဆိုလိုတာက သူတို့ အနေနဲ့ ဒီကိစ္စက သူတို့ထွက်ပြေးသွားရင်တောင်မှ ရခိုင်ပြည်နယ်မှာရှိတဲ့ရွာတွေ မြို့တွေကို မြေလှန်ပြီးတော့ ဖျက်စီးပစ်မယ်ဆိုတဲ့ သဘောမျိုးပေါ့နော်၊ နောက်ဆုံးအကြိမ်ထိ ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ပြီးတော့ ဒုက္ခပေးနေတာရှိတယ်။ နီးစပ်ရာ သူတို့ ဆင်းနိုင်တဲ့ ရွာတွေကို မီးရှို့တာတွေရှိတယ် လူဖမ်းတာတွေရှိတယ်။”
ရက္ခိုင့်တပ်တော် AA ဘက်ကတော့ ရခိုင်ပြည်နယ်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို လက်နက်ချအညံ့ခံဖို့ ပြောဆိုထားပြီး အညံ့မခံတဲ့ တပ်စခန်းတွေကို အားလုံးကို တိုက်ထုတ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ရခိုင်တောင်းပိုင်းမှာ မြို့နယ်တချို့ကို ထိန်းထားနို်င်ဖို့ စစ်အင်အားဖြည့်တင်းတာတွေ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်တာတွေနဲ့ လုံးခြုံရေးတင်းကြပ်စစ်ဆေးဖမ်းဆီးတာတွေလုပ်ဆောင်နေတာပါ။ ဒီရက်ပိုင်းအတွင်းမှာပဲ ပြည်မဘက်ကနေ ကျောက်ဖြူ စစ်တွေနဲ့ သံတွဲစတဲ့မြို့နယ်တွေ လေယာဉ်နဲ့ ပြန်လာတဲ့ခရီးသည်တွေကို ဖမ်းဆီးစစ်ဆေးနေပါတယ်။