ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး ခိုလှုံလာကြတဲ့ မြန်မာစစ်သား ၃၃၀ ကို ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက ပြန်ပို့လိုက်ပြီလို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြပါတယ်။ သူတို့ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အကြီးအကဲ ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုး လက်ကို ဒီကနေ့မနက် ၈ နာရီက Cox’s Bazar မှာ တရားဝင် လွဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ကို ရေကြောင်းကတဆင့် မြန်မာနိုင်ငံဘက်အခြမ်းကို ခေါ်ဆောင်သွားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပြောခွင့်ရ Shariful Islam က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာစစ်ကောင်စီအကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်သားတွေဟာ အိမ်နီးခြင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဖေဖော်ဝါရီ ၄ ရက်နေ့က ထွက်ပြေး ခိုလှုံခဲ့ကြတာပါ။
ထွက်ပြေးသွားကြသူတွေထဲ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၀၂ ဦး၊ သူတို့မိသားစုဝင် ၄ ဦး၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၁၈ ဦးနဲ့ အရပ်သား ၄ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာဘက်က တိုက်ပွဲအခြေအနေတွေ တည်ငြိမ်ခြင်းမရှိသေးတာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က နယ်ခြားစောင့်တပ်တွေကို အမြင့်ဆုံးအဆင့်နဲ့ တပ်လှန့်ထားပြီး လုံခြုံရေးတွေလည်း တိုးမြင့်ချထားပါတယ်။