သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှုနဲ့ ဂျူးလူမျိုး ၄ ယောက်ကို ကန် အရေးယူ


နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီတွေပေးကြဖို့ တောင်းဆိုနေတဲ့ ပါလက်စတိုင်းပြည်သူများ (ဇန်နဝါရီ ၃၀၊ ၂၀၂၄)
နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီတွေပေးကြဖို့ တောင်းဆိုနေတဲ့ ပါလက်စတိုင်းပြည်သူများ (ဇန်နဝါရီ ၃၀၊ ၂၀၂၄)

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသမှာ ပါလက်စတိုင်းအရပ်သားတွေအပေါ် အကြမ်းဖက်မှုနဲ့ ဂျူးလူမျိုး ၄ ယောက်ကို အမေရိကန်အစိုးရက အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းမှာ အခြေချနေထိုင်နေကြတဲ့ ဂျူးလူမျိုးတွေထဲက ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက် ဒါမှမဟုတ် နှောင့်ယှက် ဒါမှမဟုတ် ပိုင်ဆိုင်မှုတွေကို အတင်းသိမ်းယူတဲ့ ဘယ်သူ့ကိုမဆို ဘဏ္ဍာရေးအရ အရေးယူဒဏ်ခတ်ဖို့နဲ့ Visa ပြည်ဝင်ခွင့်ကန့်သတ်ဖို့ သမ္မတအမိန့်ကိုလည်း သမ္မတ Biden ကြာသပတေးနေ့က ထုတ်ပြန်လိုက်ပါတယ်။

အနောက်ဘက်ကမ်း‌ဒေသမှာ အစွန်းရောက် အခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်မှုတွေ စံချိန်တင်များလာတဲ့အပေါ် သမ္မတ Biden ကစိုးရိမ်တဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပါလက်စတိုင်းတွေရော အစ္စရေးတွေအတွက်ပါ ငြိမ်းချမ်း လုံခြုံစေဖို့ ဆောင်ရွက်မှုဖြစ်တယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

၂၀၂၃ အောက်တိုဘာ ၇ ရက်က အစ္စရေး ၁ ထောင်ကျော်သေဆုံးခဲ့တဲ့ Hamas စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် ပါလက်စတိုင်းပိုင်နက်တွေထဲ အစ္စရေးစစ်တပ် ဝင်ရောက်တိုက်ခိုက်နေချိန်မှာ အမေရိကန်အစိုးရက အခုလို အရေးယူဒဏ်ခတ်မှုတွေ လုပ်ခဲ့တာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်း Hamas တွေကြား တိုက်ပွဲတွေရဲ့ ဂယက်က ဒေသတွင်း နိုင်ငံတွေအထိပါ ကူးစက်နေပုံရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဆီးရီးယားနယ်စပ်နဲ့ကပ်နေတဲ့ ဂျော်ဒန်နိုင်ငံထဲက အမေရိကန်စစ်တပ်စခန်း တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၃ ယောက်ရဲ့အလောင်းတွေ ဒီနေ့ အမေရိကန်ကို ပြန်ရောက်လာမှာဖြစ်ပါတယ်။ Delaware ပြည်နယ် Dover လေတပ်စန်းကိုရောက်လာမယ့် အလောင်း ၃ လောင်းကို လက်ခံယူမယ့်သူတွေကို သမ္မတ Biden က ဦးဆောင်မှာဖြစ်ပါတယ်။

ဂျော်ဒန်ကစစ်အခြေစိုက်စခန်းအပေါ် Drone နဲ့ တိုက်ခိုက်မှုကို အီရတ်မှာအခြေစိုက်တဲ့ Islamic Resistance အဖွဲ့ကလုပ်ခဲ့တာလို့ အိမ်ဖြူတော်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ သမ္မတ Biden ကကတိပြုထားပါတယ်။ အစ္စရေးဘက်ကို အမေရိကန်က ထောက်ခံနေတယ်လို့ဆိုပြီး ပါလက်စတိုင်းဘက်ကရပ်တည်တဲ့ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ စစ်သွေးကြွအဖွဲ့တွေက ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်တပ်နဲ့ နိုင်ငံတကာ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေပါတယ်။ အမေရိကန်စစ်တပ်ကလည်း Yemen နိုင်ငံ Houthi သူပုန်တွေရဲ့ ပစ်မှတ်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေလုပ်နေပါတယ်။

XS
SM
MD
LG