သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်က တိုက်ပွဲတွေ ပြည်နယ်တောင်ပိုင်းအထိ ကျယ်ပြန့်လာ


စခန်းသိမ်း တိုက်ပွဲတွေအပြီး AA က သတင်းထုတ်ပြန်သည့်ဓာတ်ပုံများ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)
စခန်းသိမ်း တိုက်ပွဲတွေအပြီး AA က သတင်းထုတ်ပြန်သည့်ဓာတ်ပုံများ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)

ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်နဲ့ AA ရက္ခိုင့်တပ်တော်ကြားက တိုက်ပွဲတွေဟာ ရခိုင်တောင်ပိုင်းအထိ ကျယ်ပျံ့လာနေသလို မြို့တွေနဲ့ အနီးအနားတွေမှာလည်း တိုက်ပွဲတွေ ဖြစ်လာတာကြောင့် စိုးရိမ်ပူပန်နေကြရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ စစ်ကောင်စီက ရခိုင်ပြည်တွင်း ကုန်စည်စီးဆင်းမှုနဲ့ ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားတာကြောင့် ဒေသတွင်းစားနပ်ရိက္ခာပြတ်တောက်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေဟာ တနေ့ထက်တနေ့ ပြင်းထန် လာနေသလို တိုက်ပွဲဧရိယာတွေဟာလည်း ရခိုင်တောင်ပိုင်းက ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့ နယ်အထိကျယ်ပြန့်လာနေတာပါ။ ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မြို့အနီးအနားတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာအဖြစ်များလာသလို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့တိုင်းလိုလိုပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြရပါတယ်။

အရင်က တိုက်ပွဲတခါမှ ဖြစ်ပွားလေ့မရှိတဲ့ ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်စခန်းကို ဒီရက်ပိုင်းအတွင်း AA ရခိုင်တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ကြပါတယ်။ ဒီလိုတိုက်ပွဲတွေကြောင့် အနီးအနား ကျေးရွာက ဒေသခံတွေက ထွက်ပြေးနေကြရတာပါ။ ကျောက်ဖြူ ဒေသခံ အမျိုးသမီးတဦးက အခုလို ပြောပါတယ်။

“ တောင်ပိုင်းမှာကဖြစ်လေ့ ဖြစ်ထမရှိဘူးလေ၊ မြောက်ပိုင်းမှာပဲ ရှိတာ၊ အခုက ပြည်သိမ်း တိုက်ပွဲဆိုတော့ တောင်ပိုင်းမှာက ဒီလိုမျိုး ပစ်ခတ်မှုဆိုတာကလည်း သူတို့တွေ တခါမှ ကြားဖူးမှာ မဟုတ်ဘူး၊ ကျမတို့လည်းမကြားဖူးဘူးဆိုတော့ အရမ်းပဲ ကြောက်ကြတယ်၊ ဟိုတနေ့ကလည်း AA က မိုင်းဆွဲတော့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တော့ ကျမတို့ လည်းနေ စရာမရှိ ဘယ်အချိန်မှာ ခေါင်းပေါ်ကနေ ကျမလဲပေါ့၊ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး အရမ်းစိုးရိမ်တာပေါ့နော်၊ ကိုယ့်မိသားစု ကိုယ့်ရပ်ရွာအတွက် အရမ်းစိုးရိမ်ပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ကုန်လမ်းရေလမ်းတွေကို ပိတ်ဆို့ပြီးတော့ ကုန်စည်စီး ဆင်းမှု တွေကို စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် ရခိုင်ဒေသခံတွင်း စီးပွားရေးလုပ်ငန်းတွေ မလည် ပတ်နိုင်သလို စားနပ်ရိက္ခာပြတ်တောက်တာတွေအထိရှိလာနေတာပါ။ ကျောက်ဖြူမြို့နယ်မှာဆိုရင်လည်း ကုန်စည်ပြတ်လပ်လာသလို ဒေသတွင်း အလုပ်အကိုင် ရှားပါးလာတာကြောင့် စားဝတ်နေရေးအခက်ကြုံနေရတယ်လို့ ကျောက်ဖြူ မြို့ခံ အမျိုးသမီးတဦးကပြောပါတယ်။

“ လမ်းကြောင်းတွေ အကုန်လုံး ပိတ်ထားတဲ့ အတွက် ကုန်စည် စီးဆင်းမှုတွေ ပိတ်ထား တဲ့အတွကဒေသခံတွေကတော့ ကုန်စျေးနှုန်းဆယ်ဆလောက် အထိပေး ဝယ်ေတယ်။ ပြတ်လပ်တာ ရှိတယ် စျေးဝါးတွေဆိုရင် မရှိတော့ဘူး မြို့ပေါ်မှာ၊ တခြားကုန်စည်တွေက လည်း အခုလောလောဆယ် ပြတ်တောက်နေပြီ။ ရှာပြီးတော့ ဝယ်ရတယ်၊ တနေ့လုပ်မှ တနေ့စားရတဲ့ လူတွေကလည်း အခုက ဘာအလုပ်မှမရှိဘူး၊ တချို့ဆိုရင် နှစ်ရက်နေမှ ထမင်းတထပ်စားရတာမျိုး အဲလိုရှိတယ်၊ အခုက ဘာအလုပ်မှ လည်ပတ်မှုမရှိတော့ အရမ်းအခက်အခဲဖြစ်နေကြတာပေါ့ဟုတ်။ ”

လက်ရှိအနေအထားအရ ရခိုင်တောင်ပိုင်းမှာ စစ်ကောင်စီက အင်အားတိုးချဲ့ပြီးတော့ စစ်ရေး တိုးမြှင့်ပြင်ဆင်နေသလို ရခိုင်မြောက်ပိုင်းက ပေါက်တော မင်းပြား ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေမှာလည်း နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ AAရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင်စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်မှာလည်း လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်နေတာပြီး ဒီရက်ပိုင်းအတွင်း ပစ်ခတ်မှုတွေ တိုးလာနေ တယ်လို့ အမ်းဒေသခံ တဦးကပြောပါတယ်။

“ နေ့တိုင်းဆိုရင် အခုရက်ပိုင်းက ပိုပြီးတော့ စိတ်လာတယ်၊ ရှေ့ပိုင်းတွေတုန်းကတော့ မနည်းငြိမ်နေတယ်၊ မနေ့က ဆိုရင် တနေကုန်လို့ပြောလို့ရတယ် တဒုန်းဒုန်း တဒိုင်းတဒိုင်းနဲ့ အဲလိုမျိုးအသံတွေ ကြားနေရတယ်၊ ပြီးတော့ ရဟတ်ယာဉ်တွေဆိုရင်လည်း နေ့ဝဲ ညဝဲ အဲလိုတောက်လျောက်ဝဲနေတာ။”

အခုလို တိုက်ပွဲတွေကျယ်ပြန့်လာနေတာ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဒေသခံ တချို့ကတော့ တည်ငြိမ်မှုရှိတဲ့ တခြား တိုင်းနဲ့ပြည်နယ်တွေကို ထွက်ပြေးတိမ်ရှောင်ကြတာတွေရှိသလို တချို့အတွက်ကျတော့လည်း လာမယ့်ဘေးပြေးတွေ့ရုံဘဲရှိတယ်လို့ အမ်းဒေသခံတဦးကပြောပါတယ်။

“ အမှန်အတိုင်းပြောရရင် ပြေးဖို့နေရာလည်းမရှိဘူး၊ပြေးဖို့ နေရာမရှိလို့သာ ဒီလိုနေရာမှာ တိုက်ပွဲတွေဖြစ်လာရင်လည်း ဒီမှာပဲနေရမှာ၊ လုံခြုံမှုကတော့ လုံးဝကိုမရှိတာ၊ ဘာလို့ လည်းဆိုတော့ ဒီမှာက တိုက်ပွဲဖြစ်ရင်လည်း ဖြစ်မဖြစ်ရင်လည်း သတိအနေ အထားနဲ့ နေရတယ်၊ ဒီဘက်မှာက အနေအစားအသွားအလာ တခုခုမှားသွားတာနဲ့ စစ်ကောင်စီက ဖမ်းတာတွေဘာတွေရှိတယ် အဲခါကျတော့ အမြဲတမ်းသတိနဲ့နေရတယ်၊ အထုပ်အပိုး တွေပြင်ပြီးတော့ ပြေးစရာလည်းမရှိတော့ဘူ။”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃သိန်း ကျော်အထိမြင့်တက်နေပြီး စားနပ်ရက္ခာအပြင် ကျန်းမာရေးနဲ့ နေထိုင်ရေးအတွက်ပါ အခက်ကြုံနေရတယ်လို့ ရခိုင်အရပ်ဖက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။ လက်ရှိမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတွင်း နေထိုင်သူတွေ နေ့စဉ် ဘေးလွတ်မယ့်နေရာတွေကို ထွက်ပြေးနေကြရသလို ထိခိုက်သေဆုံးဒဏ်ရာရတာတွေလည်းရှိနေတာပါ။ ဒါ့ပြင် ဒီလအတွင်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွားဖြစ်လာမှာကိုလည်း စိုးရိမ်နေကြရကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG