သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲမှု လူ ၂၀ ခန့် သေဆုံး


ထိုင်းနိုင်ငံ Suphanburi ပြည်နယ်က မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် ခန့်မှန်းခြေ လူ ၂၀ ခန့်သေဆုံး (ဇန်နဝါရီ ၁၇၊ ၂၀၂၃)
ထိုင်းနိုင်ငံ Suphanburi ပြည်နယ်က မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် ခန့်မှန်းခြေ လူ ၂၀ ခန့်သေဆုံး (ဇန်နဝါရီ ၁၇၊ ၂၀၂၃)

ထိုင်းနိုင်ငံ Suphanburi ပြည်နယ်က မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် ခန့်မှန်းခြေ လူ ၂၀ လောက် သေဆုံးကြောင်း ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက်ကို အတိအကျ မသိရသေးပေမဲ့ ကနဦးရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ၂၀ လောက် ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအတွင်း အသက်ရှင်ကျန်သူ မတွေ့ရဘူးလို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူး Nattapat Suwanprateep ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြခဲ့တာပါ။ ဆွစ်ဇာလန်နိုင်ငံ Davos အပမ်းဖြေမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကိုလည်း ပေါက်ကွဲမှုသတင်းကို အသိပေးထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဝန်ကြီးချုပ်ကတော့ ပေါက်ကွဲမှုဟာ ပေါ့ဆမှုကြောင့်လား၊ ဥပဒေမဲ့ လုပ်ရပ်ကြောင့်လားဆိုတာ စုံစမ်းဖို့ ညွှန်ကြားထားတယ်လို့လည်း ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ မီးရှုးမီးပန်းတွေ ဝယ်လိုအားများလေ့ရှိတဲ့ တရုတ်နှစ်သစ်ကူး ရောက်ဖို့ တလတောင် မလိုတော့တဲ့ အချိန်မှာပဲ မတော်တဆမှုနဲ့ ကြုံခဲ့ရတာပါ။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာတုန်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်း Narathiwat ပြည်နယ်မှာ မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲမှု ဖြစ်ခဲ့ရာက ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG