သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် စစ်ဘက်ဆိုင်ရာ အရာရှိတွေ ၂ ရက်ကြာ ဆွေးနွေး


အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်
အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်

အမေရိကန်နဲ့ တရုတ်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲ ဝါရှင်တန်မှာ မနေ့ကပဲ ပြီးဆုံးခဲ့ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောလိုက်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်း အနာဂတ်အရေး၊ တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုတွေလို ကိစ္စရပ် တော်တော်များများမှာ တရုတ်နဲ့ အမေရိကန်ကြား သဘောထားကွဲလွဲမှုတွေ ရှိနေချိန်မှာ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေ ပြန်လုပ်ဖို့ သဘောတူခဲ့ကြပြီး တွေ့ဆုံနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ တရုတ်နိုင်ငံက သူလျှိုလုပ်ဖို့ လွှတ်တင်ထားတယ်လို့ သံသယရှိတဲ့ မိုးပျံပူဖောင်းကြီးတွေကို အမေရိကန်က ပစ်ချခဲ့ပြီးနောက် ၂ နိုင်ငံ ဆက်ဆံရေး ကျဆင်းခဲ့တာပါ။ ၂၀၂၂ ခုနှစ်က အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ Nancy Pelosi ထိုင်ဝမ်ကျွန်းကို သွားရောက်ခဲ့ရာက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တင်းမာမှုတွေလည်း ကြုံခဲ့ရပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာပဲ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေ ပြန်စကြဖို့ အမေရိကန် သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ သဘောတူခဲ့ကြတာပါ။ ၁၇ ကြိမ်မြောက် တွေ့ဆုံမှုမှာတော့ တရုတ်၊ ထိုင်ဝမ်နဲ့ မွန်ဂိုလီယားဆိုင်ရာ အမေရိကန် ကာကွယ်ရေး ဒုတိယဝန်ကြီး Michael Chase(မိုက်ကယ်လ် ချေစ့်) ဦးဆောင်ပြီး တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ စစ်ဘက်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စစ်ကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် Song Yanchao (ဆွန်း ရန်ချောင်) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံခဲ့ကြောင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

တွေ့ဆုံမှုအတွင်း ၂ နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီး ယှဉ်ပြိုင်မှုတွေကနေ ပဋိပက္ခဖြစ်မယ့် အခြေအနေမျိုး မရောက်အောင် တားဆီးနိုင်ဖို့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားဖို့ကိစ္စကို ဒုဝန်ကြီး Chase(ချေ့စ်) က အလေးထား ပြောကြားခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG