သူငယ်ပြန်တာလို့ တချို့သိထားတဲ့၊ ဒီ သက်ကြီးမှတ်ဉာဏ်ကျရောဂါ ဘယ်လိုလူတွေ ပိုဖြစ်နိုင်ပါလဲ။ ဘာကြောင့်ပါလဲ။
အခုခေတ်မှာ အသက်ရှည်သူ ပိုများလာပြီး ဒီသက်ကြီးရောဂါခံစားရသူ ပိုများလာပေမဲ့၊ ထိရောက်တဲ့ဆေးမရှိသေးချိန်၊ ဖြစ်ဖို့အန္တရာယ်နည်းအောင်လုပ်ဖို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုနေပါတယ်။
သူငယ်ပြန်တာလို့ တချို့သိထားတဲ့၊ ဒီ သက်ကြီးမှတ်ဉာဏ်ကျရောဂါ ကုဖို့၊ ပျောက်ဖို့ ဆေးမရှိသေးပေမဲ့၊ ဖြစ်နိုင်ဖို့ အန္တရာယ်နည်းအောင်လုပ်နိုင်ပါတယ်။ ဒီအတွက် မှတ်ဉာဏ်ကျရောဂါ ဖြစ်ဖို့ အန္တရာယ်များသူတွေကို ကြိုသိထားခြင်းဖြင့် ဒီအန္တရာယ်ကို လျော့ချနိုင်ပါတယ်။ ဒီသက်ကြီးရောဂါဖြစ်ဖို့ အန္တရာယ်များသူတွေထဲ သွေးတိုးရှိသူ၊ ဆီးချိုရှိသူ၊ သွေးထဲအဆီဓာတ်(Cholesterol) များသူ၊ အဝလွန်သူ (Obesity)၊ လှုပ်ရှားမူနည်းသူတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အခုလိုလူမျိုး မဖြစ်လာအောင် ဥပမာအားဖြင့် အဓိကအဖြစ်များစေတဲ့ သွေးတိုးမဖြစ်အောင် ကြိုတင်ကာကွယ်သင့်သလို၊ သွေးတိုးဖြစ်လာလျှင်လည်း သွေးပေါင်ချိန်ကို ထိန်းနိုင်အောင် လုပ်ဆောင်ခြင်းဖြင့်၊ နှလုံးမထိခိုက်အောင်အပြင် ဒီ မှတ်ဉာဏ်ကျရောဂါ ဖြစ်နိုင်တဲ့အန္တရာယ်ကိုလည်း လျော့ချနိုင်ပါတယ်။ အလားတူ ဆီးချိုမဖြစ်အောင်နဲ့၊ ဖြစ်လာလျှင်လည်း ဆီးချိုကို ထိန်းထားသင့်ပါတယ်။
ဒါ့အပြင် အရက်နဲ့ဆေးလိပ်ကြောင့်လည်း ဒီသက်ကြီး မှတ်ဉာဏ်လျော့ရောဂါဖြစ်ဖို့ အန္တရာယ်များပါတယ်။ အထက်ပါ ရောဂါနဲ့အပြုအမှုရှိသူတွေ မဟုတ်လျှင်တောင် အရက်သောက်တာ တစ်ခုတည်းကြောင့်ပင် ဒီသက်ကြီးရောဂါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်လျှင် အရက် လုံးဝ မသောက်ဘဲ၊ သောက်နေလျှင်လည်း ဖြတ်နိုင်လျှင် ဖြတ်ပြီး၊ မဖြတ်နိုင်လျှင်တော့ ခဏခဏအမြဲမသောက်တာ၊ အများကြီးမသောက်တာတွေလုပ်ပေးဖို့ အရေးကြီးပါတယ်။ ဆေးလိပ်ကြောင့် ဒီမှတ်ဉာဏ်ကျရောဂါဖြစ်တာက အရက်လောက်မဆိုးပေမဲ့၊ ဆေးလိပ်သောက်တာကြောင့် သွေးကြောတွေကျဉ်းပြီး နှလုံးရောဂါ (Coronary Artery Disease) ဖြစ်နိုင်တာအပြင်၊ ဦးနှောက်သွေးရောက်နည်းကာ မှတ်ဉာဏ်ထိခိုက်ပြီး ဒီသက်ကြီးရောဂါဖြစ်ဖို့ အန္တရာယ်များသွားပါတယ်။ ဒါကြောင့် ဆေးလိပ်လည်း လုံးဝမသောက်ဘဲ၊ သောက်နေလျှင်လည်း ဖြတ်ယူသင့်ပါတယ်။
နောက် ဒီ သက်ကြီး မှတ်ဉာဏ်ကျမေ့လျောတဲ့ရောဂါ ဖြစ်ဖို့ အန္တရာယ်ရှိသူတွေကတော့ အိပ်စက်မှုပြဿနာ ရှိသူတွေပါ။ အကြောင်းက အများယူဆထားနိုင်သလို အိပ်စက်ချိန်မှာ ဦးနှောက်ကလည်း လိုက်ပြီး အိပ်စက်အနားယူတာမျိုး မဟုတ်ဘဲ၊ အိပ်စက်ချိန်မှာပင် ဦးနှောက်အနေနဲ့ နေ့ပိုင်းကတွေ့ကြုံခဲ့ရတဲ့ မှတ်ဉာဏ်တွေကို သိမ်းဆည်းတဲ့လုပ်ငန်းစဉ်တစ်ခု ဆက်လုပ်နေတာမို့၊ အခုလို မှတ်ဥဏ်ထိခိုက်မှုဆိုင်ရာ အန္တရာယ်ရှိသွားတာပါ။ ဒါကြောင့် အိပ်ရေးဝအောင် မအိပ်နိုင်သူတွေ၊ အိပ်နေချိန် အသက်ရှုမဝတဲ့ရောဂါ (Sleep Apnea) ရှိသူတွေအနေနဲ့ နေထိုင်လုပ်ကိုင် အိပ်စက်ပုံပြောင်းပြီး အိပ်ရေးဝအောင် အိပ်တာနဲ့၊ လိုအပ်တဲ့ ဆေးကုသမှုတွေ စနစ်တကျခံယူတာတွေ လုပ်ပေးသင့်ပါတယ်။ အခုလို လုပ်ပေးခြင်းဖြင့် ဒီသက်ကြီးမှတ်ဉာဏ်လျော့ရောဂါဖြစ်ဖို့ အန္တရာယ် အများကြီးနည်းသွားစေမှာ ဖြစ်ပါတယ်။
ဒီအကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Kaiser Santa Clara (ကိုင်ဇာ စန်တာကလျာ) အထွေထွေဆေးရုံကြီးက၊ သက်ကြီးရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာ မျိုးမင်းအောင်ကို ကိုဝင်းမင်းက မေးထားပါတယ်။