တရုတ်ဝန်ကြီးချုပ်ဟောင်း Le Keqiang ရဲ့ ဈာပနကို တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ဈာပနတွေ နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ သဂြိုဟ်မြှုပ်နှံတဲ့ Babaoshan တော်လှန်ရေးသင်္ချိုင်းမှာ သိပ်ခမ်းခမ်းနားနားမဟုတ်ဘဲ ဒီနေ့မှာ ကျင်းပခဲ့ပါတယ်။ ဒီဈာပနအခမ်းအနားကို လူတွေ အများအပြား မလာနိုင်အောင် ကန့်သတ်တဲ့အနေနဲ့ ရဲတပ်ဖွဲ့ဝင် အမြောက်အများကို ချထားခဲ့ပါတယ်။
လူထုမငြိမ်သက်မှုတွေဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် တရုတ်အစိုးရဘက်က ဒီဈာပနာအခမ်းအနားကို လူတွေ အများကြီးမလာနိုင်အောင် တားဆီးဖို့ ကြိုးပမ်းခဲ့ပေမဲ့လည်း၊ သင်္ချိုင်းနားတဝိုက်မှာတော့ လူတွေရာနဲ့ချီပြီး ဝန်ကြီးချုပ်ဟောင်း လီ ကို ဂုဏ်ပြုဖို့ လာရောက်စုဝေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။ X လူမှုကွန်ရက်မှာတော့ တချို့လူတွေက လက်ပတ်အနက်ရောင်တွေဝတ်ဆင်ပြီး၊ လမ်ဘေးပလက်ဖောင်းပေါ်ကနေ မစ္စတာလီ ရဲ့ ရုပ်အလောင်းသယ်ဆောင်လာတဲ့ အသုဘယာဉ်ကို ဗွီဒီယိုရိုက်နေတာတွေကို တွေ့ရပါတယ်။
လူတွေဟာ ဝန်ကြီးချုပ်ဟောင်းလီ ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြပြီး သမ္မတရှီအပေါ် မကျေမနပ် စိတ်ပျက်တာတွေကို ပြသခဲ့ကြတယ်လို့ Freedom House အဖွဲ့က တရုတ်၊ ဟောင်ကောင် နဲ့ ထိုင်ဝမ် ဆိုင်ရာ သုတေသနဆိုင်ရာ ညွှန်ကြားရေးမှူး Yaqiu Wang က ဗီအိုအေကို ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း လီခချန်ဟာ ရာထူးကနေ အနားယူပြီး လပိုင်းအကြာမှာပဲ ပြီးခဲ့တဲ့အောက်တိုဘာ ၂၇ ရက်နေ့က နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ နာရေးအခမ်းအနားနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ဒီနေ့နာရေးအခမ်းအ နားမတိုင်ခင်မှာ ထုတ်ပြန်ခြင်းမရှိဘဲ၊ ဝန်ကြီးချုပ်ဟောင်း လီရဲ့ ကြွင်းကျန်တဲ့ရုပ်အလောင်းကို ဘေဂျင်းမြို့မှာ မြှုပ်နှံပြီး၊ နိုင်ငံတဝန်းမှာ အလံတိုင်ဝက်လွှတ်ထူသွားမယ်လို့ပဲ သတင်းထုတ်ပြန်ခဲ့ပြီး၊ တီယန်နမင်ရင်ပြင်မှာတော့ ဝန်ကြီးချုပ်ဟောင်းလီ ကွယ်လွန်တဲ့အပေါ် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နဲ့ အလံတိုင်ဝက်လွှင့်ထူးထားတာကို တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ဓါတ်ပုံ ၂ ပုံ ဖော်ပြထားပါတယ်။