အစ္စရေး-ဟားမတ်စ် အရေး ဆက်ကြီးထွားလာပြီး ဂါဇာ ကမ်းမြောင်မှာ ပါလက်စတိုင်းတွေ ပို ထိခိုက်လာမယ်ဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေမှာပါ အကြမ်းဖက်မှု အန္တရာယ် ရင်ဆိုင်ရနိုင်ပြီး မတည်မငြိမ် ဖြစ်လာနိုင်တယ်လို့ အရှေ့တောင်အာရှ လုံခြုံရေး ကျွမ်းကျင်သူ တဦးက သတိပေးလိုက်ပါတယ်။ အရှေ့အလယ်ပိုင်း ပဋိပက္ခ အပေါ် မြန်မာ အာဏာသိမ်း စစ်တပ် အပါအဝင် ဒေသတွင်းက ရှုမြင်ချက်နဲ့ ရိုက်ခတ်မှုတွေအကြောင်းကို ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲ အပေါ် အာဆီယံ နိုင်ငံတွေရဲ့ တုံ့ပြန်ချက်က သိသိသာသာကို ကွဲပြားနေတာပါ။ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းလို မွတ်ဆလင်အများစုရှိတဲ့နိုင်ငံတွေရဲ့ ပါလက်စတိုင်းဘက်က ရပ်တည်ချက်၊ စင်္ကာပူလို အစ္စရေးနဲ့ စစ်ဘက်ဆိုင်ရာ ဆက်သွယ်မှု မြင့်မားတဲ့ နိုင်ငံတွေက ဟားမတ်စ်အပေါ် အစ္စရေးရဲ့ လက်တုံ့ပြန်မှုကို ထောက်ခံချက်၊ တဖက်မှာလည်း ကြားနေ သဘောထားရှိပြီး လူသားချင်းစာနာမှု အရေးကို ပြောတဲ့ နိုင်ငံတွေဆိုပြီး အကြမ်းဖျင်း ၃ မျိုး ကွဲနေပါတယ်။ သြစတြေးလျ အခြေစိုက် လွတ်လပ်တဲ့ သုတေသန အဖွဲ့တခု ဖြစ်တဲ့ သုတေသီ၊ Lowy Institute၊ အရှေ့တောင်အာရှ အစီအစဉ်ရဲ့ သုတေသီ ဒေါက်တာ Rahman Yaacob (ရာမန် ယာကုပ်) ကတော့ အစ္စရေး-ဟားမတ်စ် အရေးမှာ “အာဆီယံရဲ့ ရပ်တည်ချက်” ဆိုတာမျိုး မရှိဘဲ တနိုင်ငံချင်း ကိုယ့် အကျိုးစီးပွား အပေါ် မူတည်ပြီး သဘောထားတွေ ရှိကြတယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် ဘုံတူညီတဲ့ သက်ရောက်မှုကတော့ အရှေ့အလယ်ပိုင်းအရေးဟာ အရှေ့တောင်အာရှ လုံခြုံရေး ကဏ္ဍ အပေါ် ရိုက်ခတ်လာနိုင်ခြေဖြစ်တယ်လို့ ဆိုပါတယ်။
“အရှေ့အလယ်ပိုင်းပြဿနာ ဆက်ရှိနေရင်၊ ပါလက်စတိုင်း အသေအပျောက် ပိုများလာရင် ကျနော်စိုးရိမ်တာက အရှေ့တောင်အာရှမှာ အကြမ်းဖက်ဝါဒ တိုးလာနိုင်တဲ့ အလားအလာ ရှိနေမှာကို စိုးရိမ်ပါတယ်။ 9/11 လွန်ကာလကို ပြန်သွားကြမယ် ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒေသအနှံ့မှာ စစ်သွေးကြွအဖွဲ့တွေ အများအပြားရှိနေပေမယ့် တကယ်တော့ သူတို့က လှုပ်ရှားမှု သိပ်မရှိကြပါဘူး။ ဒါပေမယ့် အရှေ့အလယ်ပိုင်း အကျပ်အတည်းက အချိန်ကြာလာရင် ဂါဇာကမ်းမြောင်မှာ အသေအပျောက် အရေအတွက်တွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နေတာနဲ့အတူ စစ်သွေးကြွအဖွဲ့တွေနဲ့ ဒေသတွင်းက မွတ်ဆလင် အများအပြားရဲ့ ခံစားချက်တွေ ရှေ့တန်းရောက်လာနိုင်ပါတယ်။ အစ္စရေးနဲ့ အမေရိကန် နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ဒေသတွင်းအနှံ့ ပစ်မှတ်ထားနိုင်ပါတယ်။”
ဒီလို ဖြစ်လာခဲ့ရင် ဒေသတွင်း မတည်မငြိမ် ဖြစ်မှုတွေဆီ ဦးတည်သွားနိုင်တယ်လို့ ဒေါက်တာ ယာကုပ်က သတိပေးပါတယ်။ ဟားမတ်စ်အဖွဲ့ကို အမေရိကန်နဲ့ ဗြိတိန် အစိုးရအပါအဝင် ကမ္ဘာ့ နိုင်ငံတချို့က အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားတာပါ။ ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာ ဂျီဟတ်ဝါဒီအဖွဲ့တွေက အရင်က ထုတ်ဖော် တောင်းဆိုဖူးတာ ရှိသလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားမှာ လှုပ်ရှားကြတဲ့ အဖွဲ့တချို့ဟာ နိုင်ငံတကာက စစ်သွေးကြွ အဖွဲ့တွေနဲ့ ဆက်နွှယ်မှု ရှိနိုင်တယ်ဆိုပြီး စွပ်စွဲချက်တချို့ ထွက်ခဲ့ဖူးလို့ အခု အစ္စရေး-ဟားမတ်စ် နောက်ဆက်တွဲ ဒေသတွင်း ရိုက်ခတ်မှုက မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိလာနိုင်မလား ဆိုပြီး ယူဆစရာ ရှိလာပါတယ်။ ဒါပေမယ့် ဒေသတွင်းမှာ အစွန်းရောက်အဖွဲ့တွေ ခြေကုပ်ယူနိုင်ခြေက ရခိုင်မြောက်ပိုင်းမှာ မဟုတ်ဘဲ တခြား နိုင်ငံတွေမှာ ပိုဖြစ်နိုင်ခြေ များတယ်လို့ အရှေ့တောင် အာရှ လုံခြုံရေး ဆိုင်ရာ အထူးပြု သုတေသနလုပ်ထားတဲ့ ဒေါက်တာ ယာကုပ်က သုံးသပ်ပါတယ်။
“ဥပမာ အနေနဲ့ ပြောရရင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် နိုင်ငံလိုမျိုးတွေမှာ ဖြစ်နိုင်ခြေများပါတယ်။ ထိုင်းမှာလည်း အခြေအနေတခုအထိ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေနဲ့ အရှေ့အလယ်ပိုင်းက အကြမ်းဖက်အဖွဲ့တွေကြား ဆက်စပ်မှု အလားအလာတော့ မတွေ့ပါဘူး။ သမိုင်းကြောင်းအရကြည့်ရင်၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာရှိတဲ့ စစ်သွေးကြွအုပ်စုတွေဟာ အရှေ့အလယ်ပိုင်းက စစ်သွေးကြွအုပ်စုတချို့ကို သစ္စာခံမယ်လို့ ကတိပြုခဲ့ဖူးကြပါတယ်။”
အစ္စလာမ်မစ် ခွဲထွက်ရေး အဖွဲ့တွေ၊ လက်နက်ကိုင် လှုပ်ရှားမှုတွေ အဓိကရှိတဲ့ ဒေသတွေမှာ ပိုပြီး လုံခြုံရေး အရ အလေးထားရဖွယ်ရှိနေတာပါ။ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ် အစ္စရေး-ဟားမတ်စ် စစ်ပွဲ အကျိုးဆက် ဖြစ်တဲ့ အကြမ်းဖက်မှု အန္တရာယ် ရင်ဆိုင်ရနိုင်ခြေနဲ့ ပတ်သက်ပြီးတော့ ဒေသတွင်း နိုင်ငံတွေအနေနဲ့ ကြိုတင် ပြင်ဆင်ဖို့ လိုတယ်လို့ ဒေါက်တာ ယာကုပ်က သတိပေးပါတယ်။
“Lone wolf တကိုယ်တော်တိုက်ခိုက်မှု၊ ဒါမှမဟုတ် ဒေသတွင်းက အနောက်အကျိုးစီးပွားကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ မရှိစေဖို့ လုံခြုံရေးအေဂျင်စီတွေက စောင့်ကြည့်ရမယ်လို့ ထင်ပါတယ်။ အဲဒါက သူတို့လုပ်ရမယ့် ပထမခြေလှမ်းလို့ ထင်ပါတယ်။ ကျနော် စင်္ကာပူအစိုးရဌာနတွေမှာ အလုပ် လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံအရ ပြောရရင် ဒေသတွင်းက ပြည်တွင်းလုံခြုံရေးအေဂျင်စီတွေဟာ လုံခြုံရေး အာမခံချက်ရှိစေဖို့ အမေရိကန်နဲ့ အစ္စရေး နိုင်ငံတွေနဲ့ အခု ကတည်းက အဆက်အသွယ် လုပ်ထားပြီးသားဆိုရင်လည်း အံ့သြစရာမရှိပါဘူး။”
တဖက်မှာလည်း အရှေ့အလယ်ပိုင်းက အကျပ်အတည်းကို မဖြေရှင်းနိုင်သရွေ့၊ ဒါမှမဟုတ် အမေရိကန်နဲ့ အနောက် အင်အားကြီးနိုင်ငံတွေ တဘက်သတ် ရပ်နေတယ်လို့ ဒေသတွင်းက မွတ်ဆလင်နိုင်ငံတွေက ယူဆနေရင် အရှေ့တောင်အာရှမှာ အနောက်နိုင်ငံတွေရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တဲ့ သဘောထားတွေ ဆက်ရှိနေဦးမယ်လို့ ဒေါက်တာယာကုပ်က သုံးသပ်ပါတယ်။
အာဆီယံဒေသတွင်းမှာ အစ္စရေး-ဟားမတ်စ် အရေး သဘောထားချင်း လုံးဝ ဆန့်ကျင်မှုတွေ ရှိနေပေမယ့် တနိုင်ငံရဲ့ အရေးမှာ ဝင်ရောက် မစွက်ဖက်ရေး မူဝါဒအရ အဖွဲ့ဝင် နိုင်ငံချင်းကြား တရားဝင် ဝေဖန်တာမျိုး မရှိကြပါဘူး။ အာဆီယံ အဖွဲ့အနေနဲ့ အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှု၊ ပြည်တွင်း မငြိမ်မသက်မှုတွေနဲ့ ပိုင်နက်အငြင်းပွားမှုတွေ ရင်ဆိုင်နေရတဲ့ အရှေ့တောင်အာရှဒေသ အတွက် တည်ငြိမ်ရေးကိုသာ ပိုပြီး လိုလားကြတယ်လို့ ဒေါက်တာယာကုပ်က သုံးသပ်ပါတယ်။
မြန်မာ အာဏာသိမ်း စစ်တပ်ကတော့ အစ္စရေး-ဟားမတ်စ် အရေးမှာ တရားဝင် ထုတ်ဖော် ပြောဆိုတာ မရှိပေမယ့် ဒေါက်တာယာကုပ်ကတော့ မြန်မာစစ်တပ်ဟာ သူတို့ အာဏာ အသက်ဆက်ရေးကိုသာ ပိုပြီး ဦးစားပေးမယ်လို့ ရှုမြင်ပါတယ်။ ဒီလို အာဏာမြဲဖို့ကလည်း လက်ရှိ မြန်မာပြည်တွင်း စစ်ရေး အခြေအနေက စစ်တပ်ရဲ့ လေကြောင်း အင်အားက အဓိက အရေးကြီးတဲ့ နေရာမှာရှိနေပြီး လွန်ခဲ့တဲ့ နှစ်တွေအတွင်းက အစ္စရေးက မြန်မာစစ်တပ်ကို စစ်ပစ္စည်း ထောက်ပံ့တာတွေ ရှိခဲ့တဲ့ အချက်နဲ့ ချိတ်ဆက် စဥ်းစားဖို့လိုတယ်လို့ သူက ထောက်ပြပါတယ်။
“စစ်အာဏာရှင်တွေရဲ့ စိတ်ထဲမှာ အရှေ့အလယ်ပိုင်း အရေးက ရှိမှာ မဟုတ်ပါဘူး၊ သူတို့အတွက် အရေးကြီးတဲ့ ပြဿနာက သူတို့ ရှင်သန်ရပ်တည်နိုင်ရေး ဖြစ်တာကြောင့်ပါ၊ သူတို့ဟာ ပုန်ကန်သူတွေရဲ့ အဝိုင်းခံနေရတာပါ။ ဆိုတော့ သူတို့က ဘယ်လို အကူအညီမျိုးမဆို လက်ခံမယ်လို့ ယူဆပါတယ်။ စစ်မြေပြင်မှာ တော်လှန်သူတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်ဖို့ ကူညီနိုင်မယ့် ဘယ်နိုင်ငံမဆို သူတို့လက်ခံမယ်လို့ ထင်ပါတယ်။”
နိုင်ငံတကာမျက်နှာစာမှာ ဟားမတ်စ်က အစ္စရေးကို ဝင်တိုက်တဲ့ အရေး ဖုံးလွှမ်းနေချိန် ရက်ပိုင်းပဲ ခြားပြီး မြန်မာစစ်တပ်က လူ ၃၀ နီးပါး သေဆုံးစေတဲ့ တိုက်ခိုက်မှုကြီး လုပ်ခဲ့တာကို ဒေါက်တာယာကုပ်က ထောက်ပြပါတယ်။ တဖက်မှာလည်း ရုရှားနဲ့ တရုတ်ရဲ့ မြန်မာစစ်တပ်အပေါ် လွှမ်းမိုးမှုက အစ္စရေးနဲ့ ယှဥ်ရင် ပိုပြီး ကြီးမားကျယ်ပြန့်တာကြောင့် အရှေ့အလယ်ပိုင်း စစ်ရေးနဲ့ နိုင်ငံရေးက အာဏာသိမ်း စစ်ကောင်စီ အပေါ် တိုက်ရိုက် သက်ရောက်မှု နည်းလို့ စစ်တပ်အတွက်ကတော့ လေကြောင်း အင်အားပိုသုံးပြီး တော်လှန်ရေး အင်အားစုတွေကို ချေမှုန်းနိုင်ဖို့သာ ပို အလေးထား လုပ်ဆောင်လာဖွယ်ရှိကြောင်း သုံးသပ်ထားပါတယ်။