ထိုင်းနယ်စပ်ကိုထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာဒုက္ခသည်တွေ၊ စစ်ဘေးတွေကြောင့်ထွက်ပြေးလာသူ၊ စစ်ကောင်စီကို အကြမ်းမဖက်အာဏာဖီဆန်ပြီး CDM လုပ်လာကြသူတွေဟာ ထိုင်းမြန်မာနယ်စပ်မှာ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းသွားတာ တောင်ဖမ်းဆီးခံငွေညှစ်တောင်းခံတာကြောင့် အခက်အခဲတွေဖြစ်နေရတယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ထိုင်းနယ်စပ်ကိုထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာဒုက္ခသည်တွေ၊ စစ်ဘေးတွေကြောင့်ထွက်ပြေးလာသူ စစ်ကောင်စီကို အကြမ်းမဖက်အာဏာဖီဆန်ပြီး CDM လုပ်လာကြသူတွေဟာ ထိုင်းမြန်မာနယ်စပ်မှာအများအပြားရှိနေတာပါ။ သူတို့တွေဟာ UNHCR ကိုလျှောက်ထားကြပေမဲ့လည်း အကာကွယ်ပေးခံရမှုတွေမရသလို ထိုင်းနိုင်ငံထဲမှာကျန်းမာရေးစောင့်ရှောက်မူတွေကိုအခမဲ့လုပ်ပေးနေတဲ့ မယ်တော်ဆေးခန်းမှာဆေးသွားကုတာတောင်အခက်အခဲတွေဖြစ်နေရတာပါ။
မကြာသေးခင်တုန်းက မယ်တော်ဆေးခန်းမှာအရိုးအကြောပြဖို့သွားခဲ့တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတဦး ဖမ်းဆီးခံရပြီးငွေညှစ်တောင်းခံတာခံရတယ်လို့ပြောပါတယ်။
"မယ်တော်ဆေးခန်းကိုကွေ့ပြီးမြင်ရပြီ ဆေးခန်းကိုလည်းမြင်နေရပြီ၊ ဈေးဆိုင်လေးတွေတောင်မြင်နေရပြီ ကျမကတော့ ကျန်းမာရေးကဒ်( M Fund)ကဒ်ပြပါတယ်၊ မယ်တော်မှာ ကဒ်လုပ်ထားတယ် အဲဒီကဒ်ရှိရင်မဖမ်းဘူးလို့ ပြောထားတာ၊ ဒါပေမယ့်ကျမတို့ကိုတော့ဖမ်းလိုက်တယ်၊ စခန်းကိုလိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်ကျမရဲစခန်းထဲရောက်တော့ ကျမနဲ့အတူလာတဲ့ ကလေးကတော့ သူအမျိုးတွေကို ဖုန်းဆက်ခေါ်တယ်၊ ပြီးတော့ သူ့ဖုန်းကိုလည်းသိမ်းသွားတယ် ကျမကတော့ ဖုန်းမရှိလို့ ဒီအတိုင်းပဲနေလိုက်တယ် အဲဒီမှာစကားပြန်လုပ်ပေးတဲ့ကုလားတဦးကတော့ ကျမတို့ ကို တသောင်းတောင်းတယ် ၊ကျမမှာလည်း ပိုက်ဆံအိပ်ထဲမှာပိုက်ဆံမရှိဘူးလေ နှစ်ရာ သုံးရာပဲရှိတော့ ကျမကတော့မပေးနိုင်ဘူး ဖမ်းချင်လည်းဖမ်းတော့ဆိုပြီပြောလိုက်တယ်"
နောက်တဦးကလည်း ကိုဗစ်ကာကွယ်ဆေးထိုးဖို့သွားကြတဲ့ အုပ်စုတွေထဲမှာလည်း ဖမ်းဆီးခံရတာကိုကြုံရတယ်လို့ဆရာမတဦးကလည်းပြောပါတယ်။
"ကျမတို့က ကာကွယ်ဆေးသွားထိုးကြတယ် အဲဒီမှာမဲဆောက်ဈေးနားမှာကားကိုတားပြီးဖမ်းလိုက်တယ် အဲဒီမှာ ၂ယောက်ကို တယောက်ကိုဘတ်တသောင်းတောင်းတယ် အဲဒီမှာ ၂ ယောက်တော့ တယောက်ကို ၇၅၀၀ ပေးလိုက်ရတယ်"
အခုဆိုရင် မြန်မာပြည်မှာလည်းနေလို့မရလို့ထွက်ပြေးလာရသလို ထိုင်းမြန်မာနယ်စပ် မဲဆောက်မှာလည်း အဖမ်းအဆီးတွေကြောင့် ဆေးကုတာတွေတောင်မလုပ်ရဲတော့ဘူးလို့လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတဦးကလည်းပြောပါတယ်။
"အဲဒီမှာကျနော်တို့ကိုဗစ်ဆေးသွားထိုးရင်းနဲ့ လိုင်းကားနဲ့သွားရင်းနဲ့ ကားကိုဆွဲတားပြီးအဖမ်းခံရတယ် ၊ အဲဒီမှာကျနော်တို့နှစ်ယောက်ကတော့ပါသွားတယ် ရဲစခန်းကိုလိုက်သွားရတယ်၊ အဲဒီနောက်ပိုင်းမှာကျနော်တို့က ဆေးရုံဆေးခန်းဘယ်မှမသွားရဲတော့ဘူး အဲဒီမှာအဖမ်းခံမှာစိုးပြီး အိမ်မှာပဲရှိတာနဲ့ကုနေကြရတယ်"
အခုဆိုရင် မြန်မာပြည်မှာစစ်အာဏာသိမ်းပြီးတဲ့နောက်မိသားစုတွေလည်းအဖမ်အဆီးခံရ တာတွေအသက်သေဆုံးရတာတွေ အိမ်ချိတ်ပိတ်ခံရတာတွေ အိမ်တွေမီးရှို့ခံရတာတွေဖြစ်နေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မူတွေလည်းရှိနေကြတာပါ ထိုင်းဘက်ကိုရောက်တော့လည်း အဲဒီလိုစိတ်ပိုင်းဆိုင်ရာခံစားမူတွေဖြစ်နေတယ်လို့ဆရာမတဦးကလည်းပြောပါတယ်။
"စိတ်ခံစားမှုတွေက အမြဲတမ်းစိုးရိမ်ထိတ်လန့်နေရတယ် ဟိုဘက်မှာနေတော့လည်း အမြဲတမ်းထိတ်လန့်စွာနေရတယ် ဒီဘက်မှာလည်းအဲဒီလို့ပဲ အမြဲစိုးရိမ်နေရတယ် စိတ်ခံစားမှုကပြောလို့တောင်မတတ်တော့ပါဘူး"
ဒီလိုအခြေအနေတွေကြောင့် FORTIFY RIGHTS ဆိုတဲ့လူအခွင့်အရေးအဖွဲ့ကလည်း အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့အတွက် တောင်းဆိုတာတွေလုပ်ခဲ့ပါတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုခံနေရတဲ့မြန်မာဒုက္ခသည်တွေဟာငွေညှစ်တောင်းခံတာတွေကြုံနေရတယ်လို့လည်းဆိုပါတယ်။ ဒီလိုတောင်းဆိုရာမှာ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်အမျိုးသမီး၈ဦးအပါအဝင် ဒုက္ခသည် ၃၈ဦး တွေ့ကြုံနေရတဲ့အချက်အလက်တွေကို အသေးစိတ်မေးမြန်းပြီး ကြေညာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ မြန်မာပြည်က ထွက်ပြေးလာတဲ့ဒုက္ခသည်တွေကြုံနေရတဲ့ အခက်အခဲတွေကိုရေးသားထားတာဖြစ်ပါတယ်။