သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အချိန်ပိုင်း အစာရှောင်ခြင်း ရောဂါကာကွယ်ပေးပုံ


စင်္ကာပူနိုင်ငံရှိ စားသောက်ဆိုင်တန်းတခု
စင်္ကာပူနိုင်ငံရှိ စားသောက်ဆိုင်တန်းတခု

အချိန်ပိုင်း အစာရှောင်တာကြောင့် နှလုံးနဲ့သွေးကြောရောဂါ၊ ဦးနှောက်နဲ့အာရုံကြောရောဂါအပြင် တခြားရောဂါတွေကို ဘယ်လို ကာကွယ်ပေးပါလဲ။

အချိန်ပိုင်း မစားဘဲနေတာကြောင့် နှလုံးနဲ့သွေးကြောရောဂါ၊ ဦးနှောက်နဲ့အာရုံကြောရောဂါနဲ့ တခြားရောဂါတွေ ကာကွယ်ပေးပုံကို သိထားသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုထားပါတယ်။ အချိန်ပိုင်း အစာရှောင်တာကြောင့် အဝလွန်တာ၊ ဆီးချိုနဲ့ ရင်သားကင်ဆာတွေ ကာကွယ်ပေးပုံကို သုတေသနတွေ့ရှိခဲ့တာ အရင်ကပြောခဲ့အပြီး၊ အခုလို တခြားရောဂါတွေအတွက်လည်း ဆက်ရှင်းပြမှာပါ။
မြန်မာနိုင်ငံမှာ အဖြစ်များလာပြီး၊ ဖြစ်လာလျှင်လည်း ငွေကုန်ကြေးကျများ မောပန်းဒုက္ခဖြစ်တတ်တဲ့ နှလုံးနဲ့သွေးကြောရောဂါတွေ (Cardiovascular Diseases) အတွက်တော့ အစာရှောင်တာက၊ သွေးတွင်းအဆီနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိုပေးတဲ့နည်းနဲ့ ကာကွယ်ပေးတာပါ။ သွေးတွင်းအဆီ (Cholesterol) အတွက် ကောင်းတဲ့အဆီ (HDL) နဲ့ မကောင်းတဲ့အဆီ (LDL) တွေကို အချိန်ပိုင်းပိုင်း အစာရှောင်ခြင်းဖြင့် ထိန်းညှိုပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်ကို ထိန်းညှိုပေးတာနဲ့ပေါင်းပြီး နှလုံးခုန်လည်းမှန်ကာ၊ သွေးကြောနံရံတွေ မာကြောကြွပ်ဆတ်လာတာ (Brittle) နဲ့ နှလုံးသွေးကြောကျဉ်းလာတာ၊ ပိတ်ဆို့လာတာ မဖြစ်စေဘဲ၊ နှလုံးနဲ့ သွေးကြောရောဂါတွေကနေ ကာကွယ်ပေးလိုက်တာပါ။ အစောပိုင်း နေ့စဉ် စားခဲ့တာရဲ့ အနည်းငယ် (၁၂%) လောက် လျှော့စားတာနဲ့ကို၊ ၂ နှစ်အတွင်း အခုလို ကာကွယ်ပေးနိုင်တာ သုတေသနတွေ့ရှိထားပါတယ်။

နောက် ဦးနှောက်နဲ့အာရုံကြောရောဂါအတွက်လည်း အချိန်ပိုင်းအစာရှောင်တာက ကယ်လိုရီပိုလျှံတာကို လျှော့ချပေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။ ငယ်ရွယ်စဉ် အစာစုံအောင် ပိုစားဖို့လိုချိန်မှာ လှုပ်ရှားမှုများတာကနေ ကယ်လိုရီတွေကို ပြန်ခြေဖျက်ပေးနိုင်တာကြောင့် ပြဿနာမရှိပေမဲ့၊ လှုပ်ရှားမူနည်းလာတဲ့ လူလတ်ပိုင်းရောက်ချိန်မှာတော့ ကယ်လိုရီ ပိုလျှံလာနိုင်ပါတယ်။ လူလတ်ပိုင်းအရွယ်မှာ အခုလို ကယ်လိုရီ ပိုလျှံလာနိုင်တာကြောင့် သွေးတိုးကနေ လေဖြတ်တာအထိဖြစ်နိုင်တာအပြင်၊ နောက်ပိုင်းမှာလည်း အတိတ်မေ့ရောဂါ (Alzheimer’s Disease)၊ အကြောလှုပ်ရှားမှုနှေးကွေးတဲ့ရောဂါ (Parkinson Disease) စတဲ့ ဦးနှောက်နဲ့အာရုံကြောရောဂါတွေ ဆက်အဖြစ်လွယ်သွားပါတယ်။ ဒါပေမဲ့ အချိန်ပိုင်း အစာရှောင်းခြင်းဖြင့်တော့ ကယ်လိုရီကို ပြန်နည်းသွားစေပြီး အခု ရောဂါတွေကနေ ကာကွယ်ပေးနိုင်တာကို သုတေသန တွေ့ရှိထားပါတယ်။

ဒါ့အပြင် ရောင်ရမ်းတာတွေ (inflammation) ကိုလည်း အချိန်ပိုင်းအစာမစားခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်များတာနဲ့အမျှ မြန်မာနိုင်ငံမှာ အဖြစ်များလာတဲ့ အရိုးအဆစ်ရောင်ရောဂါဖြစ်တဲ့ လေးဘက်နာ (Gout) ရောဂါမျိုးတွေကို အစာတချို့ (မြှစ်၊ မှို၊ စပျစ်သီး၊ ဌက်ပျောသီး၊ သရက်သီး) စားခြင်းဖြင့် ရောင်ရမ်းတာကို လျှော့ချ ကာကွယ်ပေးနိုင်တာ သုတေသန တွေ့ရှိထားပါတယ်။ ဒါ့အပြင် အဆုပ်ရောဂါတွေ ဖြစ်လာလျှင်လည်း အဆုပ်လေပြွန် ရောင်ရမ်းတာကို လျှော့ချစေခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ တဆက်တည်းမှာ ပန်းနာရင်ကြပ်အတွက်လည်း အဝလွန်သူတွေ ပိုခံစားရတာမျိုးကနေ အစာရှောင်ခြင်းဖြင့် ကိုယ်အလေးချိန်ပါကျလာပြီး အသက်ရှုရ သက်သာစေနိုင်ပါတယ်။

ရင်သားကင်ဆာအတွက် အစာရှောင်တာကနေ ကာကွယ်ပေးနိုင်တဲ့နည်းတူ၊ တခြားကင်ဆာတွေကိုလည်း ကာကွယ်ပေးနိုင်တာ ဆက်တွေ့ရှိထားပါတယ်။ အထူးသဖြင့် အင်ဆူလင်အပါအဝင် တခြား ကြီးထွားမှုဖြစ်စေတဲ့ ဟော်မုန်းတွေထွက်တာ ထိန်းချုပ်ပေးခြင်းဖြင့် ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို လျော့ချပေးကာ ကင်ဆာပြန်ကျုံ.လာနိုင်တာကို သုတေသန တွေ့ထားပါတယ်။ ဒါ့အပြင် အချိန်ပိုင်းအစာရှောင်ခြင်းဖြင့် ကင်ဆာဆဲလ်တွေ ကြီးထွားဖို့ လိုအပ်တဲ့ ကယ်လိုရီကိုလည်း လျှော့ချပေးနိုင်တာကြောင့်၊ ကင်ဆာဆဲလ်တွေ ပိုကြီးမား ပျံ့နှံ့တာကို လျှော့ချကာကွယ်ပေးနိုင်ပြန်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်း အဖြစ်များလာတဲ့ အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတာတွေကနေ ဒီအစာရှောင်တာက ကာကွယ်ပေးနိုင်တာနဲ့ ကင်ဆာတွေ ကုရာမှာသုံးတဲ့ဆေးတွေကို အထောက်အကူပြုတာ သုတေသန တချို့မှာ စတွေ့ရှိလာပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖိို့ ကိုဝင်းမင်းက နယူးယောက်မြို့ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချိုကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG