၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပြီး သန်းခေါင်စာရင်းများ ကောက်ယူပြီးစီးပါက ရွေးကောက်ပွဲကျင်းပနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနဲ့ တွေ့ဆုံစဉ်ပြောပါတယ်။ သန်းခေါင်စာရင်းကောက်ယူပြီးမှသာ ရွေးကောက်ပွဲကျင်းပနိုင်မယ်ဆိုတဲ့ အကြောင်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ ၁ ရက်နေ့ စစ်ကောင်စီအစည်းအဝေးမှာလည်း ပြောဆိုထားပါတယ်။
ဒါဟာ မဖြစ်နိုင်ဖို့များပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ အကြိမ်ကြိမ်ကတိပေး ပြောဆိုထားပါတယ်။ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ အာဏာသိမ်းခဲ့တဲ့ ၂ နှစ်ကျော်မှာ ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လျာထားတယ်ဆိုတဲ့ စကားကို ၂ ကြိမ်ထက်မနည်း ပြောဆိုထားပါတယ်။
စစ်ကောင်စီအနေနဲ့ ၂၀၂၅ ခုနှစ်လောက်မှသာ ရွေးကောက်ပွဲ ကျင်းပဖြစ်လိမ့်မယ်လို့ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး USDP ပါတီဝင် ၁ ဦးက ပြောတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကာလအတွင်း နိုင်ငံအနှံ့မှာ လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲပေါင်း ၁၀,၁၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားပြီး ၂၀၂၃ ခုနှစ်အတွင်းမှာတော့ နိုင်ငံတဝန်းမှာ တိုက်ပွဲပေါင်း ၂,၃၀၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar က ဩဂုတ်လအတွင်းမှာ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတည်ငြိမ်အေးချမ်းတဲ့အချိန်မှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာပြောဆိုထားပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမယ်လို့ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ ကပြောဆိုခဲ့တယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ဖေါ်ပြပါတယ်။
၂၀၂၃ ခုနှစ်အတွင်း လက်နက်ကိုင်တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်လာပြီး ၂၀၂၃ ခုနှစ် ပထမ ၅ လတာအတွင်း အရပ်သား ၇၄၀ ကျော်သေဆုံးထားတယ်လို့ VOA မြန်မာပိုင်းက ထုတ်လွှင့်တဲ့ ISP Myanamar ရဲ့ မြင်ကွင်းကျယ်မှတ်စု အစီအစဉ်မှာ အချက်အလက်အခြေပြုဖေါ်ပြထားပါတယ်။
လက်နက်ကိုင် ပဋိပက္ခနဲ့ တိုက်ပွဲများကြောင့် ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း နိုင်ငံအနှံ့ နေအိမ်နဲ့ အဆောက်အအုံ ၂၄,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ISP-Myanmar ရဲ့ မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာ အချက်အလက်အခြေပြုဖေါ်ပြထားပါတယ်။ ဒီနူန်းထားဟာ အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးခံရမှုတွေရဲ့ ၃၀ ရာခိုင်နူန်းရှိတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလအတွင်းမှာတော့ နေအိမ်အဆောက်အအုံပေါင်း ၈၁,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့လည်း ဖေါ်ပြထားပါတယ်။
ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာညှိနှိုင်းရေရုံး UNOCHA က စက်တင်ဘာလ ၈ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ ပြည်တွင်း အိုးအိမ်ရွှေ့ပြောင်း နေထိုင်ရတဲ့ ဒုက္ခသည်ပေါင်း ၁.၉ သန်းအထိ ရှိနေပြီလို့ ဖေါ်ပြထားပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွါရသူက ၁.၆ သန်းရှိပြီး နေအိမ်မီးလောင်ဆုံးရှုံးရသူက ၇ သောင်းခွဲလောက် ရှိတယ်လို့ VOA မြန်မာပိုင်းသတင်းမှာ ဖေါ်ပြပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ် ဒုတိယနှစ်(၂၀၂၂-၂၀၂၃) ခုနှစ်အတွင်း စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်၊ကယား(ကရင်နီ)ပြည်နယ်၊ ကရင်ပြည်နယ်တို့နဲ့ မကွေးတိုင်း(မြောက်ပိုင်း)တို့မှာ နယ်မြေစိုးမိုးထိန်းချုပ်မှု ပိုမိုအားကောင်းအောင်ဆောင်ရွက်ထားနိုင်ခဲ့ပြီး တင်္နသာရီတိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း(အရှေ့ပိုင်နှင့်အနောက်ပိုင်း)၊မွန်ပြည်နယ်၊ မကွေတိုင်း(တောင်ပိုင်း) နဲ့ နေပြည်တော်တို့မှာ စစ်ဆင်ရေးတိုးချဲ့ဆောင်ရွက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့်အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ၂ နှစ်တာအတွင်း တိုက်ပွဲပေါင်း(၉၉၀၀)ခန့်ဖြစ်ပွားခဲ့တယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖေါ်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဘက်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကို ပြောဆိုထားသလို၊ အမေရိကန်အစိုးရကလည်း စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အတုယောင်ရွေးကောက်ပွဲသာဖြစ်လိမ့်မယ်လို့ ပြောဆိုထားပါတယ်။