မကြာခင်က ပြီးဆုံးသွားတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲဟာ မြန်မာပဋိပက္ခ ပြေလည်ရေးအတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခဲ့ပါသလား။ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ပြီးခဲ့တဲ့အပတ်တုန်းက အာဆီယံထိပ်သီးအစည်းအဝေးပွဲနဲ့ ပတ်သက်ပြီးတော့ အကြိုသုံးသပ်ခဲ့ကြပါတယ်။ ဒီအစည်းအဝေး ကျင်းပနေတာနဲ့ တိုက်ဆိုင်နေတော့။ အခုကြတော့ ဒီအစည်းအဝေးက ပြီးဆုံးသွာပါပြီ။ အဲဒီတုန်းကတော့ ဦးကျော်ဇံသာ ပြောခဲ့တာက မြန်မာအတွက် အာဆီယံကနေ သိပ်မျှော်လင့်စရာ မရှိဘူးလို့ သုံးသပ်ခဲ့ပါတယ်။ အခု အစည်းအဝေး ပြီးသွားတော့ကော ဘာတွေထူးခြားပါသလဲ။
ဖြေ ။ ။ ဘာမှ မထူးခြားဘူးလို့ပဲ ပြောရမှာပါ။ မျှော်လင့်စရာ သိပ်မပေါ်ထွက်ပါဘူး။ အာဆီယံဥက္ကဋ္ဌရဲ့ နောက်ဆုံးကြေညာချက်ကို လေ့လာကြည့်တဲ့အခါမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး ဖော်ပြထားချက်ကတော့ မိုခါမုန်တိုင်းအတွက် ဒုက္ခသည်တွေကို စာနာမှုအကူအညီပေးဖို့ disaster management ကို ပြောထားပြီး၊ နောက် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ ရေးထားတာက အဲဒီအထဲမှာ အပြင်းထန်ဆုံးကတော့ အကြမ်းဖက်မှုတွေကို ဆက်လက်ပြီးတော့ ပြင်းပြင်းထန်ထန် ရှုတ်ချသွားမယ်ဆိုတာကိုပါတယ်။ ဘယ်ဘက်က အကြမ်းဖက်တယ်ဆိုတာကိုတော့ မပြောထားဘူး။ ဒါပေမဲ့ အရပ်သားတွေ၊ ကျောင်းတွေ ဘာညာထိခိုက်တယ်ဆိုတာကို သူတို့ ဖော်ပြထားပါတယ်။ အဲဒါပြီးတော့ အဓိက အာဆီယံရဲ့ မူ (၅) ချက်ကို အခိုင်အမာ ကိုင်ဆွဲသွားမယ်ဆိုတာကို ပြောပါတယ်။ ဒါပေမဲ့ ဒီဟာတွေနဲ့ ဆန့်ကျင်ပြီးတော့ စာပိုဒ် ၁၃၄ မှာ ရေးထားတယ် - သူတို့အနေနဲ့ အာဆီယံဟာ ဆက်လက်ပြီးတော့ ထောက်ခံသွားမယ်။ မြန်မာနိုင်ငံရဲ့ အားထုတ်မှုတွေကို Myanmar's efforts တွေကို ဆက်လက်ပြီးတော့ ထောက်ခံသွားမယ်ဆိုတာကို အခိုင်အမာ ပြောလိုတယ်။ ဘာတွေအားထုတ်သလဲဆိုရင် မြန်မာနိုင်ငံက Efforts to bring peace ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့၊ Stability တည်ငြိမ်မှုရအောင် လုပ်ဖို့၊ The Rule of Law တရားဥပဒေ စိုးမိုးရေး ဖြစ်ထွန်းအောင်လုပ်ဖို့ Promote Harmony လူ့အဖွဲ့အသိုင်းအဝန်းတွေကြားမှာ သဟဇာတဖြစ်အောင် ဖန်တီးပေးမှု၊ အားထုတ်နေမှုတွေကို ဆက်လက်ပြီးတော့ ကြိုးပမ်းသွားမယ်ဆိုတော့ မြန်မာက အားထုတ်နေလား။ ဆိုတော့ အဲဒါကို ကြည့်လိုက်ရင်တော့ ပရိသတ်တွေ တော်တော်စိတ်ဓါတ်ကျမှာပေါ့။ မျှော်လင့်ထားတဲ့ လူတွေအနေနဲ့ပေါ့။
တနည်းပြောရရင် ဒီကြေညာချက်တွေက မြန်မာက အာဆီယံကို ကြောက်ရမယ့်အစား၊ မြန်မာကို အာဆီယံကကြောက်လို့ ချော့ပေါင်းနေသလိုပဲ ဖြစ်နေတယ်လို့ ကျနော် မြင်ပါတယ်။ တနှစ်လာလည်း ဒီလို၊ တနှစ်လာလည်း ဒီလို။ သောတရှင်တယောက်ပေးတဲ့စာကို ကျနော်တို့ ပထမသုံးသပ်ခဲ့တုန်းက သတိရတာက ဘာပြောထားသလဲဆိုတော့ အခုသုံးသပ်ချက်ကို နောက်နှစ်ကျရင်လည်း ပြန်သုံးလို့ ရပါတယ်လို့ ပြောတယ်။ ဘာမှပြောင်းမှာ မဟုတ်ဘူးဆိုတဲ့သဘောပါပဲ။ အခုလည်းပဲ ထိုနည်းတူစွာ ဒီစကားကိုပဲ ပြောမှာ ဖြစ်ပါတယ်။
မေး ။ ။ ဒါပေမဲ့ ၂၀၂၆ အာဆီယံအလှည့်ကျ နေရာကို မြန်မာက ဖိလစ်ပိုင်ကို အလှည့်ကျော်ပြီးတော့ လွှဲပေးလိုက်ပါတယ်။ စစ်ကောင်စီဘက်က ရှင်းလင်းချက်ထုတ်တာကတော့ မြန်မာ့အရေးမှာ တခြားဦးစားပေးလုပ်ရမယ့် အလုပ်တွေ ရှိနေလို့ ဒီလိုအလှည့်ကျော်လိုက်တာလို့ ပြောပါတယ်။ ဒါက စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်သက်သက်ပဲလား။ အာဆီယံရဲ့ တစုံတရာ တွန်းအားပါနိုင်ပါသလား။
ဖြေ ။ ။ နှစ်ဘက်စလုံးက မလုပ်ရဲဘူးလို့ပြောရင် သိပ်ပြီးတော့ ဒဲ့ဒိုးကျရာ ထင်ပါတယ်။ မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဋ္ဌနေရာ အလှည့်ကျခဲ့တုန်းက ၂၀၀၆ မှာလည်း မြန်မာနိုင်ငံ ငြင်းခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဘာဖြစ်လဲဆိုတော့ လာအိုမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပနေတုန်း ကျနော်ကိုယ်တိုင် အဲဒီမှာ သတင်းထောက်အဖြစ်နဲ့ သတင်းယူနေပါတယ်။ အဲဒီတုန်းက ကြေညာတာက လက်မခံဘူးလို့ သူတို့ စောင့်ကြည့်နေတုန်းမှာ။ အဲဒီအချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Condoleezza Rice က မတက်ဘူး။ ဥရောပသမဂ္ဂတို့လည်း စောင့်ကြည့်နေကြတယ်။ မြန်မာသာ ဆက်ပြီးတော့ လုပ်မယ်ဆိုရင် သူတို့က ဆက်ပြီးတော့ သပိတ်မှောက်မယ်ဆိုတဲ့သဘော ဖြစ်တယ်။ အဲဒါကြောင့် သူတို့ ချင့်ချိန်းပြီးတော့ - သပိတ်မှောက်နေတော့ မြန်မာက သူ့လက်ထက်မှာ မြန်မာက ဥက္ကဋ္ဌ လုပ်လိုက်လည်း အောင်မြင်မှုရမှာ မဟုတ်ဘူး။ ဘာမှရှေ့တိုးနိုင်မှာ မဟုတ်ဘဲ၊ နာမည်ပျက်တာပဲ ဖြစ်မှာဆိုတော့ အဲဒီတုန်းက လွှဲပေးခဲ့တာ ဖြစ်ပါတယ်။
အခုအခါမှာတော့ ဖိလစ်ပိုင်နဲ့ ညှိပြီးတော့ လွှဲပြောင်းပေးတော့၊ ဖိလစ်ပိုင်သမ္မတ Marcos Junior ကတော့၊ ဘာကြောင့်ဆိုတာကို မပြောပါဘူး။ ဖိလစ်ပိုင် သံတမန်နှစ်ယောက်က AP သတင်းဌာနကို ပြောပါတယ်။ အဓိကအားဖြင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ Pressure ကို စိုးရိမ်လို့ ဖြစ်တယ်။ အဲဒီနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ဥက္ကဋ္ဌထားရင် အဲဒီနိုင်ငံတွေနဲ့ အာဆီယံ ဆက်ဆံရေးက အများကြီးထိခိုက်နိုင်တယ်။ အဲဒါကြောင့် အခုလို စီစဉ်တာ ဖြစ်တယ်ဆိုတာကို ဖိလစ်ပိုင်သံတမန်တွေက ပြောတဲ့အကြောင်း AP မှာ ရေးထားပါတယ်။ ဒါဆိုရင် ပေါ်ပေါ်ထင်ထင် ဘယ်သူက ကြောက်လို့လား၊ ဘယ်သူက တွန်းအားပေးလို့လား ဆိုတာထက်၊ ဒီဟာက သူတို့ရဲ့ အနာဂတ်အရေး မဖြောင့်ဖြူးမှာကို စိုးရိမ်လို့ နှစ်ဘက်စလုံးက ရွှေ့ဆိုင်းကြတာ ဖြစ်တယ်။ အဲဒီလိုပဲ ယူဆရမှာ ဖြစ်ပါတယ်။
မေး ။ ။ အခု အာဆီယံကပါ မြန်မာ့အရေးမှာ troika approach သုံးပွင့်ဆိုင်ချဉ်းကပ်မှုနဲ့ စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။ အဲဒါက ဘာကိုဆိုလိုတာပါလဲ။
ဖြေ ။ ။ troika က သုံးပွင့်ဆိုင်ပါ။ အာဆီယံဥက္ကဋ္ဌက လက်ရှိ ဥက္ကဋ္ဌရယ်၊ ဥက္ကဋ္ဌဟောင်းရယ်၊ နောင်နှစ်ဖြစ်လာမယ့် ဥက္ကဋ္ဌရယ် သုံးဦးပေါင်းလုပ်တာပါ။ အဓိကအားဖြင့် ဒီအစီအစဉ်ကတော့ ကျနော့်အမြင်ပြောရရင် လာအိုနိုင်ငံကို ထိန်းဖို့။ နောက်နှစ် လာအိုက အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာရင်၊ လာအိုမှာ သိပ်ပြီးတော့ သြဇာလွှမ်းမိုးနိုင်တဲ့ အခြေအနေမှာ မရှိဘူး။ တရုတ်ရဲ့ သြဇာစက်ကွင်းအောက်မှာ လုံးဝကျရောက်နေတဲ့ နိုင်ငံလို့ သတ်မှတ်ထားတယ်။ ဒီတကြိမ်မှာ လာအိုက ဥက္ကဋ္ဌ ဖြစ်လာရင် အာဆီယံတခုလုံးရဲ့ သဘောထားထက်၊ လာအိုရဲ့ ဆုံးဖြတ်ချက်ထက်၊ တရုတ်ရဲ့ဆန္ဒအတိုင်း ဖြစ်သွားမယ်။ ဒါလဲ အမှန်ပါပဲ။
၂၀၀၆ တုန်းက ကျနော်တို့ လာအိုကိုသွားပြီးတော့ သတင်းလိုက်ခဲ့တုန်းကလည်း ကိုယ်စားလှယ်တွေကို စီးဖို့ပေးထားတဲ့ကားကအစ တရုတ်သမ္မတနိုင်ငံက လှူဒါန်းထားတယ်၊ ဟိုတယ်ကအစ အဆောက်အဦးတွေ အကုန်လုံးပါပဲ တရုတ်လှူဒါန်းထားတဲ့အောက်မှာ အာဆီယံအစည်းအဝေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အခုလဲပဲ ထိုနည်းလည်းကောင်း ဖြစ်လာမယ်ဆိုတော့ မြန်မာ့အရေး ကိုင်တွယ်တဲ့နေရာမှာ လုံးဝ တရုတ်ဆန္ဒ ဖြစ်သွားမှာ စိုးရိမ်လို့ ဖြစ်ပါတယ်။ အဲဒါကြောင့် ဥက္ကဋ္ဌနေရာမှာ သုံးယောက် - ဥက္ကဋ္ဌအဟောင်း၊ နောင်ဖြစ်လာမယ့် ဥက္ကဋ္ဌရယ်ပါ ပေါင်းပြီးတော့ ညှိနှိုင်းကြမယ် ဖြစ်တယ်။ ဒါပေမဲ့ သူတို့က ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့အဖွဲ့တော့ မဟုတ်ပါဘူး။ ထိပ်သီးအစည်းအဝေးကသာ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဒါကလဲ အရင်က လုပ်ခဲ့ပြီသာဖြစ်တယ်။ သိပ်တော့ မထူးဘူးဆိုတော့ အားတက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်လို့တော့ မဆိုနိုင်ပါဘူး။
မေး ။ ။ ဟုတ်ကဲ့ပါ။ ပြီးတော့ စက်တင်ဘာလဆန်းမှာပဲ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ အမေရိကန်က ဒုသမ္မတ Kamala Harris တက်ရောက်ပါတယ်။ ဒါနဲ့ မရှေ့မနှောင်းပဲ အိန္ဒိယမှာ ကျင်းပခဲ့တဲ့ G20 စီးပွားထိပ်သီး နိုင်ငံ (၂၀) ရဲ့ အစည်းအဝေးပွဲကိုတော့ သမ္မတ Biden ကိုယ်တိုင် တက်ရောက်ပါတယ်။ ဒီ G20 မှာကော မြန်မာ့အရေး ထည့်ပြီးတော့ စဉ်းစားခဲ့တာ၊ ဆွေးနွေးခဲ့တာ ရှိပါသလား။
ဖြေ ။ ။ G20 ကို မြန်မာ့အရေး လှုပ်ရှားသူတွေ၊ ဒီမိုကရေစီ လိုလားသူတွေ၊ NUG အစိုးရအပါအဝင် အများကြီးမျှော်လင့်ခဲ့တယ်၊ တိုက်တွန်းတယ်။ ကန့်ကွက်စာတွေ ရေးတယ်။ နောက်ပြီးတော့ နိုင်ငံတကာ လူ့အဖွဲ့အစည်းပေါင်း လေးဆယ်လောက်ကလည်း စာတွေအမျိုးမျိုးရေးပြီးတော့ မြန်မာ့အရေးကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့ပြောတယ်။ ဒါပေမဲ့ ဘာမှပေါ်ထွက်မလာပါဘူး။ ဘယ်လိုမှလည်း ပေါ်ထွက်စရာ အကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ G20 ကို လောလောဆယ် ဥက္ကဋ္ဌအဖြစ် အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ နိုင်ငံကိုယ်က အိန္ဒိယ ဖြစ်နေတယ်။ နောက် အဲဒီထဲမှာပါတာက ရုရှား၊ တရုတ်၊ အိန္ဒိယပါတယ်ဆိုတော့ ဒီနိုင်ငံတွေက မြန်မာစစ်ကောင်စီနဲ့ လက်ပွန်းတီး ရှိနေတယ်။ ဆိုတော့ ဘယ်လိုနည်းနဲ့မှ ဒီနိုင်ငံတွေက မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ဒီအစည်းအဝေးမှာ ဆုံးဖြတ်လုပ်စရာ မရှိပါဘူး။ ဒီကိစ္စကို အပြင်းအထန်ပြောရင်လည်း သူတို့ထဲမှာ ပြဿနာသာ ဖြစ်မယ်။ ဒီကိစ္စက သိပ်အရေးမကြီးတဲ့ကိစ္စသာ ဖြစ်တဲ့အတွက်ကြောင့် သိပ်ပြီးထည့်တွက်ဆွေးနွေးခဲ့တာ မတွေ့ပါဘူး။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ မျှော်မှန်းချက်သာ ဖြစ်ပါတယ်။
အာဆီယံဥက္ကဋ္ဌသစ်ကိစ္စမှာလည်း အာဆီယံမှာလည်း အဲဒီလိုပါပဲ။ အာဆီယံက မြန်မာနိုင်ငံကို ဥက္ကဋ္ဌ မပေးတာ၊ အခုတောင်မှ အာဆီယံအစည်းအဝေးကို မြန်မာကို မဖိတ်ချင်တာဆိုတော့၊ အဲဒီလို မဖိတ်ချင်ခံရတဲ့ နိုင်ငံကို ဥက္ကဋ္ဌလုပ်ပြီး ဒီအစည်းအဝေးကို လက်ခံလုပ်ဆို ဘယ်ဖြစ်မလဲ။ ဆိုတော့ ဒီဟာကိုလည်း အာဆီယံက ထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။ စောစောက ကျနော်တို့ အာဆီယံဥက္ကဋ္ဌနေရာကို ဖိလစ်ပိုင်ကို ပြောင်းလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောကြတယ်။ G20 အစည်းအဝေးမှလည်း ဘာမှမျှော်လင့်စရာ မရှိပါဘူး။ ဘာရလဒ်မှလည်း ပေါ်ထွက်မှာ မဟုတ်ပါဘူး။ စစ်ကောင်စီက အဲဒီသုံးနိုင်ငံအပေါ် အဓိကအားကိုးတာ ဖြစ်တယ်။ အိန္ဒိယ၊ တရုတ်၊ ရုရှား သုံးနိုင်ငံရဲ့ အားကိုကိုးပြီးတော့ အာဆီယံကို ယှဉ်နေတာ။ အာဆီယံက သူတို့ကို ကြောက်ပြီးတော့ မတွန်းရဲ ဖြစ်နေတာဆိုတော့ မြန်မာစစ်ကောင်စီက သူတို့ကို အားကိုးပြီးတော့ အာဆီယံကို အန်တုနေမှာပဲ ဖြစ်ပါတယ်။
မေး ။ ။ G20 အစည်းအဝေးပြီးတော့ သမ္မတဘိုင်ဒန်က ဗီယက်နမ်ကို သွားပါတယ်။ ဗိယက်နမ်ကလည်း တကယ်ဆိုရင် ဒီမိုကရေစီနိုင်ငံ တနိုင်ငံ မဟုတ်ဘူး။ နောက် လူ့အခွင့်အရေး အပြည့်အဝ မရှိဘူး။ တစ်ပါတီ အာဏာရှင်စနစ်နဲ့ သွားနေတဲ့ နိုင်ငံ ဖြစ်တယ်။ အဲဒီတော့ ဘာအတွက် ဗီယက်နမ်ကိုမှ သွားရတာလဲ။
ဖြေ ။ ။ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ။ အမေရိကန်က သူတို့နိုင်ငံရဲ့ အကျိုးစီးပွားကိုသာ အဓိကထားတယ်ဆိုတာကို ပြသနေတာပါ။ သူတို့ရဲ့ အဓိကဖြစ်နေတဲ့ အခင်းအကျင်းက တရုတ်နဲ့ ပြိုင်ဆိုင်နေတာ။ ဆိုတော့ ဗီယက်နမ်က တရုတ်နိုင်ငံနဲ့ ကပ်ရပ်ဖြစ်တယ်။ သို့သော်လဲပဲ အင်ဒိုချိုင်းနား စစ်ပွဲပြီးနောက်ပိုင်းမှာ ဗီယက်နမ်နဲ့ တရုတ်နဲ့လည်း ရန်ဖြစ်ခဲ့ဖူးတယ်။ စစ်ဖြစ်ခဲ့ဖူးတယ်။ နောက်ပြီးတော့ ဗီယက်နမ်ဟာ ကွန်မြူနစ်နိုင်ငံ ဖြစ်ပေမဲ့လည်း စီးပွားရေးအားဖြင့် အရင်းရှင်နည်းလမ်းကို လိုက်လာတဲ့အခါ အမေရိကန်အတွက် အကွက်ကောင်းတယ်။ အမေရိကန်က ဝင်ပြီးတော့ဆွဲတယ်။ သူတို့ပြောတာက all inclusive strategic partnerships ဆိုတယ်။ all inclusive ဆိုတာ သူတို့ပြောမယ် စစ်ရေးမပါဘူးလို့ ပြောမှာပေါ့။ ဒါပေမဲ့ အလုံးစုံကို လွှမ်းခြုံထားတဲ့ မဟာဗျူဟာမိတ်ဖက် - စီးပွားရေး၊ ပညာရေးတို့ ပူးတွဲလုပ်ဖို့အတွက် တရုတ်ကို ရန်စတာ မဟုတ်ပါဘူးလို့ ဖြေရှင်းချက်ပေးတယ်။ ဒါပေမဲ့ အမေရိကန်သည် ဒေသတွင်း နိုင်ငံတွေရဲ့ အခြေအနေထက် သူတို့နိုင်ငံရဲ့ အကျိုးစီးပွားကို အဓိကထားတယ်။ လူ့အခွင့်အရေး ဘာညာမကြည့်ဘဲ၊ double standard နဲ့ ဒီကိစ္စမှာ ။ တချို့နိုင်ငံကိုတော့ လူ့အခွင့်အရေးကိစ္စ အပြစ်တင်တယ်။ တချို့နိုင်ငံကြတော့ လူ့အခွင့်အရေး ဘာဖြစ်ဖြစ် သူတို့နဲ့ အဆင်ပြေတယ်။ ဥပမာ ဆော်ဒီအာရေးဗီယားဆိုရင် သူတို့နဲ့ အဆင်ပြေနေတာကို တွေ့ရမှာပါ။
မေး ။ ။ အဲဒီတော့ ဒေသတွင်း အဖွဲ့အစည်းတခုအနေနဲ့ အာဆီယံက မြန်မာ့အရေးကို သိပ်ပြီးတော့ ထည့်ထည့်ဝင်ဝင် ဖြေရှင်းနိုင်တာကို မတွေ့ရပါဘူး။ ဒီတော့ အခုလို အခြေအနေမျိုးမှာ အာဆီယံကို ဘယ်လိုအနေအထားမျိုးတခုအနေနဲ့ ခိုင်းနှိုင်းပြီးတော့ သတ်မှတ်နိုင်ပါသလဲ။
ဖြေ ။ ။ အာဆီယံက အသံသာရှိပြီး အဆံမရှိတဲ့ သင်္ကြန်အမြောက်ပေါ့။ အဲဒီလိုပဲ ပြောရမှာ ဖြစ်ပါတယ်။ စက္ကူကျားလည်း ဖြစ်မှာပေါ့။ အဓိကအားဖြင့် အာဆီယံကတော့ သူတို့ဒေသတွင်းမှာ ဘယ်ဘက်ကိုမှ မလိုက်မိအောင် ထိန်းကြတယ်။ သူတို့ အဓိကကြိုးစားတာက အာဆီယံအဖွဲ့တွင်းမှာ သဘောထား ကွဲလွဲမှုတွေ ပိုပြီးတော့ ပေါ်ထွက်မလာဖို့ ကြိုးစားကြတယ်။ အဲဒါကြောင့် တနိုင်ငံချင်း ပြောတဲ့အခါ မလေးရှားတို့ လက်သီးလက်မောင်းတန်းပြီးတော့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ ဘုံစုပေါင်းပြီးတော့ ပြောကြတဲ့အခါကြတော့ သဘောထား အင်မတန် tone down လုပ်ပြီးတော့ နိမ့်ချပြီးတော့ ပြောတာကို တွေ့ရပါတယ်။ သူတို့အချင်းချင်း မပြိုကွဲဖို့ကော၊ သူတို့အဖွဲ့ကြီး တဘက်ဘက်ကို ပါမသွားဖို့ကို အဓိကထား လုပ်ကြရတယ်ဆိုတော့ သူတို့အတွက်လည်း ဘေးကျပ်နံကျပ် ဖြစ်ရပါတယ်။
မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးကျော်ဇံသာရှင့်။
ဦးကျော်ဇံသာ ။ ။ ကျနော်က လည်ချောင်းနာနေတော့ သောတရှင်တွေ နားထောင်လို့ရမယ် ထင်ပါတယ်။