အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံကနေ လာအိုနိုင်ငံကို ဒီနေ့ ကြာသပတေးနေ့မှာ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ ဂျာကာတာမြို့တော်မှာ ကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေး ပိတ်ပွဲအခမ်းအနားမှာ ဥက္ကဋ္ဌသင်္ကေတ တူအသေးလေးကို လာအိုဝန်ကြီးချုပ် Sonexay Siphandone လက်ထဲ အင်ဒိုနီးရှားသမ္မတ Joko Widodo ကပေးအပ်ခဲ့ပါတယ်။ အာဆီယံဒေသ ငြိမ်းချမ်း သာယာဝပြောဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးဖြစ်အောင် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးတက် ခိုင်မာအောင် လုပ်သွားရမယ်လို့ သမ္မတ Widodo က တာဝန်လွှဲပေးအပြီး ပြောကြားခဲ့ပါတယ်။
လာအိုဝန်ကြီးချုပ် Siphandone ကလည်း အင်ဒိုနီးရှား ဥက္ကဋ္ဌတာဝန်ယူခဲ့စဉ်က အောင်မြင်မှုတွေကို ဆက်လက်အောင်မြင်အောင် လုပ်သွားမယ့်အကြောင်းနဲ့ အာဆီယံအသိုက်အဝန်းကြီး ပိုမိုခိုင်မာအောင် ဦးစားပေးလုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ပထဝီနိုင်ငံရေး ပထဝီစီးပွားရေး စိန်ခေါ်မှုတွေကို ဖြေရှင်းသွားမယ်လို့လည်း လာအိုဝန်ကြီးချုပ်က အာဆီယံ ဥက္ကဋ္ဌတာဝန်လက်ခံတဲ့ မိန့်ခွန်းထဲမှာ ပြောကြားသွားခဲ့ပါတယ်။ လာအိုနိုင်ငံအနေနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်တွေကို ၂၀၂၄ ခုနှစ်မှာ တရားဝင် စတင်ထမ်းဆောင်မှာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်ကျရင် အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာက ယူဖို့ ရွှေ့ဆိုင်းတယ်လို့ တာဝန်ရှိသူတွေ အင်္ဂါနေ့က အတည်ပြုခဲ့တဲ့အတွက် ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံအစား အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ယူမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အာဆီယံသဘောတူညီချက်တွေကို မြန်မာစစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ကိစ္စ၊ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်တို့အင်အားချဲ့ထွင်နေတဲ့ ကိစ္စ၊ ရုရှားကို မြောက်ကိုရီးယားလက်နက်ရောင်းမယ့်ပုံရှိနေတဲ့ ကိစ္စတွေက အခုတခေါက် အာဆီယံထိပ်သီး စည်းဝေးပွဲတွေမှာ လွှမ်းမိုးနေခဲ့ပါတယ်။