၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရေး ကြံစည်မှုစွဲချက်တွေအတွက် လာမယ့်မတ်လမှာ သမ္မတဟောင်း Donald Trump ကို အမှုစစ်ဆေးမှာဖြစ်ကြောင်း ဖယ်ဒရယ်တရားသူကြီးက တနင်္လာနေ့မှာ အမိန့်ချလိုက်ပါတယ်။
အစိုးရရှေ့နေတွေနဲ့ သမ္မတဟောင်း Trump ရဲ့ ရှေ့နေတွေ အဆိုပြုတဲ့ ရက်တွေကို ဖယ်ဒရယ်တရားသူကြီး Tanya Chutkan က ပယ်ချလိုက်ပြီး မတ်လ ၄ ရက်နေ့မှာ အမှုစစ်ဆေးမယ့်အကြောင်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ အစိုးရရှေ့နေတွေဘက်ကတော့ လာမယ့် ဒီဇင်ဘာလ အတွင်းမှာ ဂျူရီတွေရွေးချယ်ပြီး ဇန်နဝါရီလ ၂ ရက်နေ့မှာ အမှုစစ်ဆေးဖို့ အဆိုပြုခဲ့ကြတာပါ။ သမ္မတဟောင်း Trump ရဲ့ ရှေ့နေတွေကတော့ ၂၀၂၆ ဧပြီလအထိ ဆိုင်းငံ့ထားရေးကြိုးစားခဲ့ကြပါတယ်။
ရီပတ်ပလီကန် သမ္မတကိုယ်စားလှယ်လောင်းတွေထဲမှာ ဦးဆောင်နေတဲ့ Trump ကို ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ စည်းရုံးမှုကာလအလယ်မှာ အမှုစစ်ဆေးမယ့်အကြောင်း ဖယ်ဒရယ်တရားသူကြီး Chutkan က တနင်္လာနေ့ ကြားနာမှုအတွင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ် တဒါဇင်ကျော်မှာ မဲဆန္ဒရှင်တွေက သူတို့ပါတီရဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးကြမယ့် Super Tuesday လို့ ခေါ်ကြတဲ့ မဟာအင်္ဂါနေ့မတိုင်ခင် တရက်အလိုမှာ အမှုစစ်ဆေးမှာဖြစ်ပါတယ်။
အမေရိကန်အစိုးရကိုလိမ်ညာဖို့ ပူးပေါင်းကြံစည်ခဲ့တယ်ဆိုတဲ့ စွဲချက်အပြင် တရားစီရင်ရေးကိုနှောက့်ယှက်ဖို့ ပူးပေါင်းကြံစည်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေပါဝင်တဲ့အမှုလေးခုနဲ့ သမ္မတဟောင်း Trump တရားစွဲခံထားရပါတယ်။ Donald Trump ကတော့ သူ့မှာ အပြစ်မရှိဘူးလို့ ထွက်ဆိုထားပါတယ်။