[[Zawgyi/Unicode]]
မြန်မာနိုင်ငံတွင်း အကျပ်အတည်းတွေကို ထိန်းချုပ်နိုင်ပြီး ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း လာမယ့်နှစ် ပြုလုပ်သွားနိုင်မယ့် အခြေအနေရှိတယ်လို့ မြန်မာစစ်ကောင်စီခေါင်းဆောင်က ရုရှားသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုပါတယ်။
လာမယ့်နှစ် ဩဂုတ်လမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားပြီး အချိန်လုံလုံလောက်လောက်ရှိတာမို့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမဆိုင်း ဆိုတာတော့ ပြောဖို့ စောလွန်းသေးတယ်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားပိုင် RIA သတင်းဌာနနဲ့ တွေ့ဆုံမှုမှာ ပြောပါတယ်။ ရွေးကောက်ပွဲတွေကို ပြင်ပဖိအားမပါဘဲ ဆောင်ရွက်သွားမယ်လို့လည်း စစ်ကောင်စီအကြီးအကဲက ပြောပါတယ်။
လွတ်လပ်တဲ့နိုင်ငံတကာကျွမ်းကျင်သူတွေပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SAC ရဲ့ တနင်္လာနေ့ အစီရင်ခံတစောင်မှာတော့ မြန်မာစစ်တပ် ဟာ တိုင်းပြည်ရဲ့ ၁၇ ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်နိုင်ပြီး ကျန်နေရာတွေမှာ အတိုက် အခံတွေက ထိန်းချုပ်ထားတာ ဒါမှမဟုတ် ပဋိပက္ခတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို အာဆီယံနိုင်ငံတွေအပါအဝင် နိုင်ငံတကာအစိုးရတွေက ဖယ်ကျဉ်ဒဏ်ခတ်တာတွေ၊ ပစ်မှတ်ထားအရေးယူတာတွေလည်းရှိခဲ့ပါတယ်။ ဒါကြောင့်လည်း သံတမန်ရေးနဲ့ စစ်ရေးဆက်ဆံမှုတွေအရ ရုရှားနဲ့ပိုပြီး နီးနီးကပ်ကပ်ဆက်ဆံလာတယ်လို့ သုံးသပ်ကြပါတယ်။ စစ်ကောင်စီအကြီးအကဲဟာ ရုရှားမှာကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တတ်ရောက်လာတာဖြစ်ပြီး အစည်းအဝေး ဘေးပန်းမှာတော့ ရုရှားသမ္မတပူတင်နဲ့ သီးခြားတွေ့ဆုံပါတယ်။
မြန်မာနိုင်ငံဟာ အခြားနိုင်ငံခြားငွေကြေးသုံးစွဲဖို့ အခက်အခဲတွေကြုံနေရတာမို့ ရုရှားဆီက ရေနံကို ရုရှားငွေနဲ့ပေးချေဝယ်ယူခဲ့တယ်လို့လည်း စစ်ကောင်စီအကြီးအကဲက ရုရှားသတင်းဌာနကို ပြောပါတယ်။ နိုင်ငံတွင်းအခြေအနေတွေဟာ ပြီးခဲ့တဲ့နှစ်ကထက်စာရင်တော့ အခုနှစ်ဧပြီလကစလို့ အခြေအနေတွေ သိသိသာသာတိုးတက်လာတယ်၊ ထိန်းချုပ်လာနိုင်တယ်လို့လည်း မြန်မာစစ်ခေါင်းဆောင်က ရုရှားသတင်းဌာနကို ပြောပါတယ်။
=================
[[Unicode]]