သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲ စီစဉ်တဲ့အပေါ် ထိုင်းထပ်မံကာကွယ်ပြောဆို


ထိုင်းကစီစဉ်ခဲ့တဲ့ မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲ (ဒီဇင်ဘာ ၂၂၊ ၂၀၂၂)
ထိုင်းကစီစဉ်ခဲ့တဲ့ မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲ (ဒီဇင်ဘာ ၂၂၊ ၂၀၂၂)

ထိုင်းနိုင်ငံမှာ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးတဲ့ အစီအစဉ်အပေါ် ဝေဖန်မှုတွေ ဆက်လက်ထွက်ပေါ်နေတဲ့အပေါ် ထိုင်းအစိုးရက ထပ်မံကာကွယ်ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပဋိပက္ခတွေရဲ့ ရိုက်ခတ်မှုဒဏ် အများဆုံး ခံနေရတာကြောင့် ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး စီစဉ်ခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်က ဒီကနေ့ပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။ ကီလိုမီတာ ၃,၀၀၀ ကျော် ကုန်းကြောင်း၊ ရေကြောင်း နယ်နမိတ်ချင်း ထိစပ်နေတာကြောင့် တခြားနိုင်ငံတွေထက် ထိုင်းနိုင်ငံက ပိုပြီးထိခိုက်နေတယ်လို့ ဝန်ကြီးချုပ် Prayuth Chan-ocha ကပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကလည်း မြန်မာ့နိုင်ငံရေး ပြဿနာကြောင့် နောက်ဆက်တွဲ ဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေတာ၊ ကုန်သွယ်ရေးကို ထိခိုက်တာတွေ ရှိနေတယ်လို့ အစောပိုင်းမှာ ပြောခဲ့တာပါ။ ဒါကြောင့်လည်း “ပြဿနာတွေကို အမြန်ဆုံး အဆုံးသတ်တာကို မြင်ချင်တဲ့ နိုင်ငံဆိုလို့ အာဆီယံ အသင်းဝင်တွေထဲမှာ ထိုင်းနိုင်ငံ တနိုင်ငံတည်းသာ ရှိတယ်လို့တောင် ဆိုနိုင်တဲ့အကြောင်း ထိုင်း PBS သတင်းဌာနကို ပြောခဲ့ပါတယ်။

အစည်းအဝေးတွေမှာ လက်မခံဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံက ကျော်လွန်ဆောင်ရွက်တဲ့ လုပ်ရပ်အဖြစ်နဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ ထိုင်းနိုင်ငံက ကာကွယ်ပြောဆိုခဲ့တာပါ။ ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲကိုတော့ အာဆီယံအသင်းဥက္ကဋ္ဌ အင်ဒိုနီးရှားအပြင် မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ စတဲ့ အဓိက နိုင်ငံတွေကတော့ တက်ရောက်ဖို့ ငြင်းဆန်ထားကြပါတယ်။ ထိုင်းအစိုးရကတော့ အာဆီယံအသင်းအနေနဲ့ စီစဉ်တာမဟုတ်ဘဲ ဒေသတွင်း အကျိုးအတွက် ရည်ရွယ်တာဖြစ်ပြီး၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်း၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့က အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်မယ်လို့လည်း အစောပိုင်းမှာ ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ဆွေးနွေးတဲ့ အစီအစဉ်ကို ကန့်ကွက်ခဲ့တာပါ။ ဒီကနေ့မှာပဲ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ (APHR) ကလည်း ထိုင်းအစိုးရရဲ့ အစီအစဉ်ဟာ မြန်မာပြည်သူတွေအပေါ် သစ္စာဖောက်တဲ့ လုပ်ရပ်အဖြစ်နဲ့ ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG