အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ရီပါဘလီကန်ခေါင်းဆောင်တွေ ဟာ အကြွေးကန့်သတ်ချက်ကိစ္စကို အိမ်ဖြူတော်မှာ အင်္ဂါနေ့က ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် ရဖို့ နီးလာကြောင်း ရီပါဘလီကန် အောက်လွှတ်တော်ဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောပါတယ်။
အကြွေးကန့်သတ်ချက်ကို တိုးမြှင့်ပေးဖို့ နှစ်ဘက်ကြား သဘောတူညီချက်ရဖို့ ဝေးနေသေးပေမဲ့ ဒီသီတင်းပတ်ကုန်မှာ သဘောတူညီချက် ရနိုင်ဖွယ်ရှိတယ်လို့ မစ္စတာ McCarthy က ပြောပါတယ်။ သဘောတူညီချက်ရဖို့ ဒီလောက်ကြီးလည်းမခက်နိုင်ဘူးလို့ သူ က ဆိုပါတယ်။
မစ္စတာမက်ကာသီပြောသလို အချိန်မြန်ပါ့မလားဆိုတာကိုတော့ ဒီမိုကရက်တွေဘက်က မသေချာလှပါဘူး။ ဒါပေမဲ့ အစည်းအဝေး က ရလဒ်ရှိပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
သဘောတူညီချက်ရဖို့ လက်ထောက်တွေက ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အထက်လွှတ်တော်အမတ်အများစုဒီမိုကရက်ခေါင်းဆောင် Chuck Schumer ၊ အထက်လွှတ်တော် ရီပါလလီကန်ခေါင်းဆောင် Mitch McConnell ၊ အောက်လွှတ်တော် ဒီမိုကရက်အမတ်ခေါင်းဆောင် Hakeem Jeffries တို့နဲ့အတူ အောက်လွှတ်တော်ဥက္ကဋ္ဌ McCarthy တို့ကို သမ္မတဘိုင်ဒန်က တနာရီလောက် တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
“တကယ်လို့ နှစ်ဘက်လုံးက ယုံကြည်မှုရှိရှိနဲ့ ဘယ်ဘက်မှ ကိုလိုချင်တာ အရာရာမရဘူးဆိုတာကို အသိအမှတ်ပြုကြရင်၊ တာဝန်သိ နှစ်ပါတီ ဘတ်ဂျက်သဘောတူညီချက်ရမယ့်လမ်းကြောင်းရှိတယ်ဆိုတာကို သမ္မတဘိုင်ဒန်က အကောင်းမြင်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
နှစ်ပါတီလုံးက မြန်မြန်ဆန်ဆန်လုပ်ကြဖို့ သဘောတူကြတယ်လို့လည်း ပြောပါတယ်။