သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mocha ဆိုင်ကလုံးမုန်တိုင်း အင်အား ပိုကြီးလာနိုင်


မေလ(၁၁)ရက်ည ၉း၃၀ နာရီ အားကောင်းသော မိုခါ ဆိုင်ကလုန်းမုန်တိုင်း သတိပေးချက် (Courtesy: မြန်မာနိုင်ငံ မိုးဇလ ဦးစီးဌာန)
မေလ(၁၁)ရက်ည ၉း၃၀ နာရီ အားကောင်းသော မိုခါ ဆိုင်ကလုန်းမုန်တိုင်း သတိပေးချက် (Courtesy: မြန်မာနိုင်ငံ မိုးဇလ ဦးစီးဌာန)

Mocha ဆိုင်ကလုံးမုန်တိုင်း အင်အား ပိုကြီးလာနိုင်

ဆိုင်ကလုံး "မိုခါ"ဟာ သောကြာနေ့ မနက်အစောပိုင်းမှာ အင်အား ပိုကြီးလာနိုင်သလို လေတိုက်နှုန်း တနာရီ ၁၃၅ မိုင်နှုန်းနဲ့ အလွန်အားပြင်းတဲ့ မုန်တိုင်းအဖြစ်ကို ရောက်လာပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကမ်းရိုးတန်းဆီ ဦးတည်ရွေ့လျားလာနိုင်တယ်လို့ အိန္ဒိယ မိုးလေဝသဌာန IMD က ကြာသပတေးညမှာ ခန့်မှန်းချက် သတင်းထုတ်ပြန်ပါတယ်။

ကြာသပတေးနေ့ ညနေ ၅ နာရီခွဲလောက်မှာ ဆိုင်ကလုံး မိုခါဟာ ဘင်္ဂလားပင်လယ်ကွေ့ အရှေ့တောင်ပိုင်းမှာ ရှိနေတာ ဖြစ်ပြီး Blair ဆိပ်ကမ်းမြို့ အနောက်တောင်ဘက် မိုင် ၃၀၀ ကျော်အကွာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazaar ရဲ့ အနောက်တောင်ဘက် မိုင် ၆၈၀ ကျော်လောက်မှာ ရောက်နေတယ်လို့လည်း ပြောပါတယ်။

ဆိုင်ကလုံး မိုခါဟာ သောကြာနေ့မှာ အားပိုပြင်းလာနိုင်ပြီး တနင်္ဂနွေနေ့မှာတော့ Cox's Bazaar နဲ့ ကျောက်ဖြူ ကြားမှာ ကုန်းတွင်းပိုင်းကို ဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။ စစ်တွေနဲ့ နီးလာချိန်မှာတော့ လေတိုက်နှုန်းက တနာရီကို ၁၇၅ မိုင်နှုန်းလောက် ဖြစ်လာနိုင်တယ်လို့လည်း IMD က ခန့်မှန်းထားတာပါ။

မြန်မာနိုင်ငံ မိုးဇလဌာနက ကြာသပတေးနေ့ ည ၁၀ နာရီခွဲ ထုတ်ပြန်ချက်မှာတော့ မိုခါဆိုင်ကလုံးမုန်တိုင်းဟာ ကိုကိုးကျွန်းအနောက်တောင် မိုင် ၃၀၀ ကျော်အကွာ၊ စစ်တွေ အနောက်တောင် မိုင် ၅၅၀ လောက်မှာ ရှိနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

မုန်တိုင်းလာရာ လမ်းကြောင်းတလျှောက်ဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသ တွေအပြင် ကပ္ပလီပင်လယ် မြောက်ပိုင်းတွေမှာ တနင်္ဂနွေနေ့အထိ ငါးဖမ်းသမားတွေ၊ လှေတွေ၊ သင်္ဘောတွေ မသွားလာကြဖို့နဲ့ ပင်လယ်ပြင်ထဲ ရောက်နေသူတွေ ကမ်းပေါ် ပြန်လာကြဖို့လည်း သတိပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazaar အနီးတဝိုက် မြေနိမ့်ဒေသတွေမှာ မုန်တိုင်းကြောင့် ပင်လယ်ရေမျက်နှာပြင်ဟာ ၅ ပေကနေ ၆ ပေခွဲလောက်အထိ မြင့်တက်လာနိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။ ဆိုင်ကလုံး 'မိုခါ' ဆိုတဲ့အမည်ဟာ ယီမင်က ပင်လယ်နီဆိပ်ကမ်းမြို့ကို အစွဲပြုပေးထားတဲ့ အမည်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG