ချားလ်စ်ဘုရင် နန်းတက်ပွဲ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်
မေလ ၆ ရက်နေ့မှာ တတိယမြောက်ချားလ်စ်ဘုရင်ရဲ့ နန်းတက် ဘိသိတ်ခံပွဲကို လန်ဒန်မြို့ ဝက်စ်မင်စတာ ကျောင်းတော်ကြီးမှာ ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေက အကြီးအကဲတွေ၊ ဧည့်သည်တော်တွေ ခေါင်းဆောင်အသီးသီးတက်ရောက်လျှက် ရှိပါတယ်။
နန်းတက်ပွဲကို တက်ရောက်ဖို့ အမေရိကန်သမ္မတ ကတော် ဂျေးလ်ဘိုင်ဒန်လည်း လန်ဒန်ကို ရောက်ရှိနေပြီး မေလ (၅) ရက်နေ့က ဒေါင်းနင်းလမ်း ဗြိတိန်ဝန်ကြီးချုပ်နေအိမ်မှာ ဝန်ကြီးချုပ်ကတော်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ချားလ်စ်ဘုရင်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်ခ် တို့ကလည်း နန်းတက်ပွဲမတိုင်ခင် သောကြာနေ့မှာ ဓနသဟာရနိုင်ငံတွေက ခေါင်းဆောင်တွေကို တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် သြစတြေးလျနဲ့ ကနေဒါနိုင်ငံတွေ အပါအဝင် ဗြိတိန်ဘုရင်ရဲ့ အုပ်ချုပ်မှုအောက်က နိုင်ငံ ၁၄ နိုင်ငံရဲ့ ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကိုလည်း နေ့ခင်းစာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။
ချားလ်စ်ဘုရင်ဟာ ထိုင်းဘုရင်၊ ကူဝိတ်အိမ်ရှေ့မင်းသား အပါအဝင် ကမ္ဘာ့နိုင်ငံတွေက တော်ဝင် မိသားစုတွေနဲ့ မင်းမျိုးမင်းနွယ်တွေကိုလည်း ဘာကင်ဟမ်နန်းတော်မှာ ဧည့်ခံဖို့ ရှိပါတယ်။
ချားလ်စ်ဘုရင်ဟာ မနှစ် စက်တင်ဘာလက မယ်တော် ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး နတ်ရွာစံချိန်ကတည်းက ဘုရင်အဖြစ် အလိုအလျောက် ဆက်ခံခဲ့ပေမယ့် တရားဝင် နန်းတက်ပွဲ အခမ်းအနားကလည်း ထုံးတမ်းစဉ်လာအရ အရေးပါတဲ့ ပွဲ ဖြစ်ပါတယ်။
Charles ဘုရင် နန်းတက်ပွဲကို မြန်မာအပါအဝင် ရုရှား၊ ဘဲလာရုစ်၊ အီရန်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေက ခေါင်းဆောင်တွေကိုတော့ ဗြိတိန်အစိုးရက ဖိတ်ကြားထားခြင်း မရှိပါဘူး။