သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြေလည်မှု ပိုအလှမ်းဝေးသွားတဲ့ မြန်မာ့ပဋိပက္ခ


ပြေလည်မှု ပိုအလှမ်းဝေးသွားတဲ့ မြန်မာ့ပဋိပက္ခ
please wait

No media source currently available

0:00 0:12:09 0:00

ကန့်ဘလူမြို့နယ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပိုမိုအလှမ်းဝေးသွားတဲ့ မြန်မာ့ပဋိပက္ခ ပြေလည်ရေးကို နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အင်ဒိုနီးရှားဦးဆောင်တဲ့ အာဆီယံက ကိုင်တွယ်နိုင်ပါအုံးမလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ မမြဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။

ကန့်ဘလူမြို့နယ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပိုမိုအလှမ်းဝေးသွားတဲ့ မြန်မာ့ပဋိပက္ခ ပြေလည်ရေးကို နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အင်ဒိုနီးရှားဦးဆောင်တဲ့ အာဆီယံက ကိုင်တွယ်နိုင်ပါအုံးမလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ မမြသဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ မြန်မာနိုင်ငံရေး ပဋိပက္ခအခြေအနေတွေက ပိုပြီးတော့ ပြေလည်ဖို့အတွက်ကို ပိုပြီးတော့ အလှမ်းဝေးလာတယ်။ ခက်ခဲလာတယ်လို့ မြင်ပါတယ်။ ဒီနောက်ဆုံး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ပဇီးကြီးဖြစ်စဉ်ပေါ့။ ဒီဖြစ်စဉ်မှာဆိုရင်လည်း ဒီလိုအလားတူဖြစ်စဉ်တွေကလည်း ရှေ့မှာ ဖြစ်ခဲ့တာလည်း ရှိပါတယ်။ ဒီတော့ ဒီလိုအခြေအနေတွေက မြန်မာ့နိုင်ငံရေးမှာ ပဋိပက္ခတွေကို ပြေလည်အောင်လို့ ပိုပြီးတော့ ခက်ခဲသွားစေတယ်လို့ ထင်ပါသလား ဆရာ။

ဖြေ ။ ။ မင်္ဂလာပါ။ မင်္ဂလာနှစ်သစ်ပါ မြသဇင်။ ပိုပြီခက်ခဲသွားတယ်ဆိုတာ မှန်ပါတယ်။ တကယ်တော့ စစ်ကောင်စီ တက်လာကတည်းက ပဋိပက္ခနဲ့ စလာခဲ့တာ၊ ပြေလည်သွားမယ့် အလားအလာ ဘယ်အချိန်ကမှ မပေါ်ခဲ့ပါဘူး။ ၂ နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကလဲ ဘာကြောင့်လဲဆိုတော့ စစ်တပ်က ဒီနေ့ဒီအချိန်မှ ဆုံးဖြတ်လိုက်တာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ အုပ်စိုးလာတဲ့ စစ်တပ်က သူတို့သည်သာ အဓိကနေရာယူမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။ ၈၈ နောက်ပိုင်းမှာ သူတို့ ထင်သလိုလုပ်လို့ မရတော့ဘူး။ နည်းနည်းတော့ အလျှော့အတင်းလုပ်ရမယ်ဆိုတာ သိလာတဲ့အတွက်ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ဆွဲပြီးတော့ အတတ်နိုင်ဆုံး၊ အစွမ်းကုန် လိုက်လျောတဲ့အနေနဲ့ ပေးခဲ့တာ။ အဲဒီတုန်းက ပေးထားတဲ့ အခွင့်အရေးတွေက bottom line ပါပဲ။ ဒီဟာထက်တော့ လျှော့မပေးနိုင်ဘူးဆိုတဲ့သဘော အစကတည်းက စစ်တပ်မှာ ရှိပါတယ်။ အဲဒါကြောင့်လဲ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် နိုင်လာတော့ အဲဒါထက်ပိုပြီးယူဖို့ NLD ဘက်က ကြိုးစားလာတယ်။ ဒါကို စစစ်တပ်က အထူးစိုးရိမ်တာကြောင့် သိမ်းလိုက်တာ ဖြစ်ပါတယ်။ အစကတည်းက သူတို့ဟာ ပြေလည်အောင်လုပ်ဖို့ဆိုတဲ့ သဘောထား မရှိပါဘူး။ အခုအခါမှာ ပိုပြီးတော့ နှိပ်ကွပ်မှုတွေ ပိုလုပ်လာတယ်။ မမြသဇင် ပြောသလိုပဲ ဖြစ်ရပ်တွေအဆင့်ဆင့် ကျောင်းသားတွေ၊ နိုင်ငံရေးတက်ကြွသူတွေကို သေဒဏ်ပေးခဲ့တာကစပြီးတော့ ဖြစ်လာတယ်ဆိုတော့ အခုဆိုရင် ပိုပြီးတော့ ပြင်းပြင်းထန်ထန် ဖြစ်လာတယ်။ သူတို့က ဒါကို ထည့်မတွက်ပါဘူး။ သူတို့လိုချင်တာကို ရအောင်လုပ်နေတယ်လို့ ထင်ပါတယ်။

မေး ။ ။ အဲဒါဆို မြန်မာနိုင်ငံရဲ့ အခြေအနေက ကျရှုံးနိုင်ငံတခု - failed state တခု ဖြစ်ဖို့အတွက် ဦးတည်နေပါသလား။ နိုင်ငံတခုကိို ကျရှုံးနိုင်ငံ ဖြစ်စေဖို့အတွက် အချက်တွေက ဘယ်လိုအချက်တွေပါလဲ။ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီးတော့ သုံးသပ်ပေးပါအုံး။

ဖြေ ။ ။ Failed state ကိုတော့ ပညာရှင်တွေက အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြပါတယ်။ တကယ်တော့ Failed state လိုရင်းကတော့ တိုင်းပြည်ကို မထိန်းချုပ်နိုင်တော့ဘူး။ တိုင်းပြည်နဲ့ နယ်နမိတ်ကို သူတို့ မကာကွယ်နိုင်တော့ဘူး။ ပြည်သူလူထုကို အကာအကွယ် မပေးနိုင်တော့ဘူး။ စီးပွားရေး၊ နိုင်ငံရေး အဘက်ဘက်က ချွတ်ခြုံကျလာတယ်။ တနည်းအားဖြင့် တိုင်းပြည်ပြိုကွဲတော့မယ်။ ပြိုကွဲတော့မယ့်အခြေအနေ ရောက်တာကို Failed state လို့ ခေါ်တယ်။ သို့သော်လဲ မြန်မာနိုင်ငံကိုတော့ လူတွေက Failed state ရောက်ပြီလို့ မပြောကြသေးပါဘူး။ Failed state ဖြစ်လာမလားဆိုတဲ့ စိုးရိမ်စိတ်ပုံစံနဲ့သာ ပညာရှင်တွေ ရေးကြပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကို အမှန်ဆုံးသုံးသပ်ကြတာ Fragile state သိပ်ပြီတော့ ခနော်ခနဲ့ ဖြစ်နေပြီဆိုတဲ့ နိုင်ငံများစာရင်းမှာ သွင်းကြပါတယ်။ အဲဒီ Fragile state တချို့နိုင်ငံတွေစာရင်းမှာ ကြည့်လိုက်မယ်ဆိုရင် ယီမန်တို့ Failed state ဖြစ်ခဲ့တယ်။ နောက် ဆိုမာလီ၊ ဆီးရီးယားတို့ အဲဒီနိုင်ငံတွေရဲ့ စာရင်းမှာ Fragile States list ဆိုပြီး ပေးထားတာ၊ အာရှတိုက်ကတော့ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံတို့ ပါဝင်တာကို တွေ့ရပါတယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ အခြေအနေက သိပ်မကောင်းတဲ့ အခြေအနေပါ။ သို့သော်လဲပဲ Failed state ဖြစ်တာလည်း ကောင်းတာမဟုတ်ဘူး။ Failed state ဖြစ်သွားရင် တိုင်းပြည်ဖရိုဖရဲ ဖြစ်သွားရင် ဘယ်သူကပြန်ပြီး စုစည်းမလဲ။ အခု တွန်းလှန်နေကြတဲ့၊ ခုခံနေကြတဲ့ ဘယ်သူက တဦးတယောက်တည်း ဦးဆောင်ပြီးတော့ တစုတစည်းတည်း ဖြစ်နိုင်အောင်လုပ်ဖို့ သိပ်ခဲယဉ်းတဲ့ကိစ္စပါ။ Failed state ဖြစ်ရင်တော့ တိုင်းပြည်အခြေအနေက ပိုပြီးတော့ ဆိုးသထက်ဆိုးသွားမယ်လို့ ကျနော်က စဉ်းစားမိပါတယ်။

မေး ။ ။ ဒီနောက်ဆုံး ပဇီးကြီးရွာဖြစ်စဉ်မှာ နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်တာကို တွေ့ပါတယ်။ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ ဒီအပေါ်မှာ ဘယ်လောက်အထိ ထဲထဲဝင်ဝင် ပါဝင်လာနိုင်ပါသလဲ။ အိမ်နီးချင်းနိုင်ငံတွေ - ဥပမာ တရုတ်၊ အိန္ဒိယတို့က ဘယ်လောက်အထိ ဝင်ပြီးတော့ စေ့စပ်ပေးတဲ့နေရာမှာ ပါဝင်လာနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ အဓိကတော့ အင်ဒိုနီးရှား ဥက္ကဋ္ဌဖြစ်နေတဲ့ အာဆီယံ။ အင်ဒိုနီးရှားက အစကတည်းက ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ ပိုင်းဖြတ်ပြီးတော့ လုပ်လာနေတဲ့အချိန်မှာ အခုအခြေအနေ သိပ်ဆိုးလာတော့ ဒီဟာကို မလုပ်မဖြစ် အခြေအနေလည်း ရောက်လာပြီ ဖြစ်ပါတယ်။ တခုကောင်းတာ အင်ဒိုနီးရှားကတော့ ဘက်ပေါင်းစုံနဲ့ ဆွေးနွေးနေတယ်ဆိုတော့ စစ်ကောင်စီဘက်နဲ့လည်း သူတို့ထိတွေ့ဆွေးနွေးမှု ရှိမယ်ဆိုတာ သေချာပါတယ်။ ဘက်ပေါင်းစုံနဲ့ ဆွေးနွေးနေတယ်။ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးနေတယ်။ ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းက အာဆီယံတခုတည်းလုပ်မှာ မဟုတ်ဘဲနဲ့ အိမ်နီးချင်း တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား - သူတို့ကိုပါ ထည့်လာတယ်။ အဲဒါ အားရစရာကောင်းတယ်လို့ ကျနော်ထင်တယ်။ တရုတ်ကတော့ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုအများဆုံး ရှိနိုင်ပေမယ့်လည်း နာမည်ပျက်တယ်လို့ ပြောရမလား။ လူတချို့က သူ့ရဲ့လုပ်ပုံကို သိပ်မကြိုက်ကြတာ ရှိတယ်။ ဂျပန်၊ တောင်ကိုရီးယားတို့က ပိုပြီးတော့ သန့်ရှင်းတဲ့လက်ပေါ့။ သူတို့အကျိုးအတွက် လုပ်တာကတော့ သေချာပေမယ့် သူတို့ကို ပိုပြီးအားထားစရာ ဖြစ်လာမယ်။ တကယ် ထိထိရောက်ရောက် လုပ်လာမယ်ဆိုရင် - ဥပမာ ဂျပန်ကိုကြည့်မယ်ဆိုရင် ရခိုင်မှာ AA နဲ့ ကိစ္စမှာလည်း သူက ဟိုဘက်ဒီဘက် စေ့စပ်ပေးခဲ့တာတွေ တွေ့ရပါတယ်ဆိုတော့ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကြတာ အလားအလာကောင်းတယ်လို့ ထင်ပါတယ်။ ဘယ်လောက်ဖြစ်လာမလဲတော့ မသိဘူးပေါ့။ အဲဒါကိုတော့ မျှော်လင့်ရတာပေါ့။ အင်ဒိုနီးရှားဥက္ကဋ္ဌဖြစ်တဲ့ သက်တမ်းကလည်း သိပ်ကြာကြာတော့ မကျန်တော့ဘူး။ အမြန်ဆုံးဖြစ်ပါစေလို့ပဲ မျှော်လင့်ရပါမယ်။

မေး ။ ။ နောက်တခုကတော့ Burma Act ဥပဒေမူကြမ်းမှာ မြန်မာနိုင်ငံကို လူသေစေတဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေကို ပေးမယ်ဆိုတဲ့ အချက်လည်း ပါပါတယ်။ VOA နဲ့ မေးမြန်းခန်းတခုမှာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကနေ လေကြောင်းရန်ကာကွယ်ရေး စနစ်လိုမျိုး အကာအကွယ်တွေကို တောင်းဆိုမယ်လို့ နိုင်ငံတကာကို တောင်းဆိုမယ်လို့ ပြောထားတာကို တွေ့ရပါတယ်။ ဒီတော့ ဒီဟာက ဘယ်လောက်အထိ အောင်မြင်နိုင်မလဲ။

ဖြေ ။ ။ အခုနပြောတဲ့ ဦအောင်မျိုးမင်း ပြောတဲ့ဟာက တောင်းဆိုနိုင်တယ်။ အဲဒီအကူအညီလည်း ရနိုင်တယ်။ သူက ကာကွယ်တဲ့လက်နက်သာ ဖြစ်တယ်။ Defense လူထုကာကွယ်ရေး၊ လေကြောင်းရန်ကာကွယ်ရေး အချက်ပြ ဘာညာကာကွယ်တော့ အဲဒါ လိုအပ်ပါတယ်။ လူသေစေတဲ့ လက်နက် မဟုတ်ပါဘူး။ တကယ်လည်း ပြည်သူလူထုကို ကာကွယ်ပေးဖို့ သိပ်လိုအပ်ပါတယ်။ အဲဒါထက်လွဲပြီး နိုုင်ငံတကာအနေနဲ့ ဘာမှပိုမို လက်နက်ပေးနိုင်တဲ့အဆင့်တော့ ရောက်လာလိမ့်မယ် မဟုတ်ပါဘူး။ နိုင်ငံတကာက လုပ်နိုင်တာ ဘာလဲဆိုတော့ နိုင်ငံတကာဟာ မြန်မာနိုင်ငံ ခုခံတွန်းလှန်ရေးအင်အားစုတွေကို အဆင့်မြှင့်ပေးရမယ်။ သို့သော်လဲ စစ်တပ်မှာရှိတဲ့ လက်နက်နဲ့ အပြိုင်တိုက် - ဟိုဘက်မှာ ဒီလောက်ရှိရင် ဒီဘက်မှာလည်း ယူတိုက်ဆိုပြီး ပေးလို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒါဆိုရင် မြန်မာပြည်ပေါ်မှာ လက်နက်ပြိုင်ပွဲ ဖြစ်သွားမှာ။ တရုတ်တို့က တဘက်ကိုပေး၊ ဒီဘက်က အမေရိကန်တို့က တဘက်ပေး။ ဖြစ်ရမှာက အဲဒီ အတိုက်အခံအင်အားစုတွေကို နိုင်ငံရေးအားဖြင့် ပေးရမယ်။ ကျနော် ဆိုလိုတဲ့သဘောက ဥပမာအားဖြင့် သူတို့ကို မြန်မာနိုင်ငံရဲ့ တခုတည်းသော တရားဝင်အစိုးရလို့ အသိအမှတ်မပြုနိုင်အောင်မှ သူတို့နဲ့ ထိတွေ့ဆက်စပ်မှု များများလုပ်လာပြီးတော့ သူတို့ကို နိုင်ငံရေးအားဖြင့် လက်ခံတဲ့သဘောမျိုး အများကြီး မြှင့်တင်ပေးရမယ်ဆိုတော့ စစ်ကောင်စီနဲ့ Level ညီလာမယ်။ နိုင်ငံရေးအားဖြင့် practically လက်နက်အင်အားသာဖို့ပြောတာ မဟုတ်ဘူး။ အဲဒီလိုဖြစ်လာရင်တော့ ဆွေးနွေးဖို့အတွက် အားတခု ဖြစ်လာမယ်။ အင်အားရှိလာမယ် ဖြစ်တယ်။ ဆိုတော့ နိုင်ငံတကာအသိုင်းအဝိုင်း လုပ်သင့်တာကလည်း လူထုကို စာနာမှု အကူအညီပေးမယ်၊ ပြီးတော့ အတိုက်အခံအင်အားစုတွေကို ပိုပြီးအဆင့်မြင့်လာအောင်၊ နိုင်ငံရေးအားဖြင့် အရှိန်မြင့်ပေးရမယ်လို့ ကျနော်က မြင်ပါတယ်။ အဲဒီလိုဆိုရင်တော့ ပိုပြီးတော့ ကောင်းပါတယ်။

မေး ။ ။ တချိန်တည်းမှာပဲ ပြည်တွင်းစစ်မီးကလည်း ပိုပြီးတော့ ကျယ်ပြန့်လာတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရဖို့အတွက်လည်း လုပ်ဆောင်နေပါတယ်။ အဲဒီတော့ ဒီအပေါ်မှာ ဘယ်လောက်အထိ အောင်မြင်နေပြီလို့ ထင်ပါသလဲ။

ဖြေ ။ ။ ပြည်တွင်းစစ်ကတော့ အရှိန်မြှင့်လာတာ မှန်ပါတယ်။ ပြည်တွင်းစစ်ဟာ အရင်တုန်းက သိပ်ပြင်းပြင်းထန်ထန် မရှိခဲ့ဘူး။ အခုဆိုရင် လွိုင်ကော် - မြို့ထဲအထိ အင်မတန် ငြိမ်းချမ်းလှပတဲ့ မြို့ကလေး။ အခုတော့ နေလို့မရအောင် ဖြစ်လာနေပါပြီ။ နောက်ပြီး မကွေး၊ စစ်ကိုင်းတို့ဆိုရင်လည်း အရင်တုန်းက ပြည်တွင်းစစ် ပြင်းပြင်းထန်ထန် မရောက်ခဲ့တဲ့ နေရာတွေ။ ဆိုတော့ ပြည်တွင်းစစ်ကတော့ ဆက်ပြီးတော့ ဖြစ်နေမယ်။ စစ်ကောင်စီက လုပ်ထားတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆိုတာလည်း တိုင်းရင်းသားတိုင်းက သဘောပေါက်တယ်။ ဒီစစ်တပ်နဲ့ ထာဝရ သူတို့လိုချင်တဲ့ အခွင့်အရေးနဲ့ မှန်ကန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ် မသွားနိုင်ဘူးဆိုတာကို လူတိုင်းသဘောပေါက်ပါတယ်။ သို့သော် တချို့က လက်ခံပြီး ဆွေးနွေးကြတာ၊ လုပ်ကြတာ သူတို့ဒေသအခြေအနေ၊ သူတို့ဒေသရဲ့ လူထုမျက်နှာကြည့်ရတာ ဘာညာနဲ့ နည်းပရိယာရ်အားဖြင့် လုပ်နေတယ်လို့ပဲ ထင်ပါတယ်။ တကယ်တမ်း သူတို့တွေ နစ်နစ်ကာကာ ယုံကြည်တယ်လို့ မထင်ပါဘူး။ ဆိုတော့ တကယ်တမ်း တိုင်းရင်းသားတွေနဲ့ ပြေလည်မှုရဖို့ထက်၊ စစ်မှန်သော ဒီမိုကရေစီ အစိုးရမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒါကတော့ အဓိကပါပဲ။

မေး ။ ။ ရွေးကောက်ပွဲ ကျင်းပမယ်လို့တော့ ပြောထားတာလည်း ရှိပါတယ်။ အတိအကျတော့ ဘယ်နေ့ဘယ်ရက် ကျင်းပမယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ ဒီလိုနိုင်ငံရေးအခြေအနေတွေက မတည်မငြိမ် ဖြစ်နေပါတယ်။ ဒီအပေါ်မှာ ရွေးကောက်ပွဲရဲ့ အလားအလာက ဘယ်လိုရှိနိုင်ပါသလဲ။

ဖြေ ။ ။ တကယ်တော့ ရွေးကောက်ပွဲကိုဖျက်ပြီး အာဏာသိမ်းလာတာလေ။ အခု သူတို့က ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ သိပ်ပြီတော့ logical မဖြစ်တော့ဘူး။ သူတို့က ရွေးကောက်ပွဲကို ဖျက်ခဲ့တာ။ သူတို့လုပ်ပေးတဲ့ ရွေးကောက်ပွဲက တရားမျှတပြီးတော့ လွတ်လွတ်လပ်လပ် ဖြစ်ပါ့မလား။ ရွေးကောက်ပွဲတိုင်းမှာ အပြစ်အနာအဆာတော့ ရှိတယ်။ အမေရိကန်ပြည်ထောင်စုမှာတောင် ရွေးကောက်ပွဲမှာ ပြဿနာ ရှိလို့ဆိုပြီး Trump လက်ထက်မှာ အများကြီး ဖြစ်ခဲ့တယ်။ ဆိုတော့ မြန်မာနိုင်ငံမှာလည် မကင်းပါဘူး။ သို့ပေမဲ့ နိုင်ငံတကာလေ့လာမှုတွေကိုကြည့်တော့ ၂၀၂၀ ရွေးကောက်ပွဲက တရားမျှတမှု ရှိတယ်။ လွတ်လပ်တယ်၊ ဘာမှပြဿနာ မရှိဘူးလို့ ပြောခဲ့ကြတယ်။ အဲဒါကိုဖျက်ပြီးတော့ သူတို့တက်လာပြီး အခု သူတို့က အဓိက နိုင်ငံရေးပါတီကြီးကို ဖျက်ပြစ်လိုက်ပြီးမှ ငါတို့ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတော့ ဒါက လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ။ လုပ်လာပေအုံးတော့ ရွေးကောက်ပွဲက Political temperature နိုင်ငံရေးအပူချိန်ကို ပိုမြင့်မားစေတယ်။ အဲဒီထဲမှာ သာမန်အချိန်မှာ အရေးမကြီးတဲ့ အကြောင်းအရာတွေ ကိစ္စတွေက ရွေးကောက်ပွဲကာလမှာ သိပ်အရေးကြီးတဲ့ကိစ္စ ဖြစ်လာတတ်တယ်။ ရွေးကောက်ပွဲလုပ်လေ တိုင်းပြည်က မငြိမ်မသက် ဖြစ်လာလေပဲ။ ဒါကို စစ်ကောင်စီကလည်း သိမယ်လို့ ထင်တယ်။ သူတို့က ရွေးကောက်ပွဲ မလုပ်ရလေ၊ သိပ်ကောင်းလေပေါ့။ ဆူပူနေတယ်။ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ အခြေအနေ ဖြစ်သွားမယ်။ နောက် ၂၀၂၀ ရွေးကောက်ပွဲသက်တမ်းကလည်း ဖွဲ့စည်းပုံအရ ဘယ်လောက် သတ်မှတ်ထားသလဲ။ ငါးနှစ် ခြောက်နှစ်လား။ ဒါပြီးရင် ပျက်ပြယ်သွားပြီဆိုတော့ အဲဒီလိုပုံစံမျိုးနဲ့ ပိုပြီးအချိန်ဆွဲထားတယ်လို့ ထင်တယ်။ လုပ်မယ်ဆိုရင်လဲ တကယ်တမ်း အခုနပြောသလိုပဲ နိုင်ငံရေးအပူရှိန် ပိုမြင့်လာပြီတော့ မငြိမ်မသက်မှုကိုသာ ပိုပြီးဦးတည်မယ်လို့ ထင်ပါတယ်။

မေး ။ ။ ယူကရိန်းအရေးမှာတော့ နိုင်ငံတကာက ရုရှားကို ဖိအားပေးဖို့၊ နောက်ပြီး ယူကရိန်းကိုလည်း အကူအညီတွေပေးဖို့အတွက် အားလုံးတစုတစည်းတည်း ပေါင်းပြီးတော့ လုပ်လာတာကို တွေ့ရတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ မြန်မာ့အရေးမှာ ကုလသမဂ္ဂ၊ နိုင်ငံတကာ သူတို့က ဘယ်လောက်အထိ၊ ဘယ်လိုကဏ္ဍတွေကနေ စေ့စပ်ညှိနှိုင်းဖို့၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီပြဿနာတွေ ပြေလည်သွားဖို့ကို ဘယ်လောက်အထိ ပါဝင်နိုင်ပါသလဲ။ ဘယ်လိုကဏ္ဍတွေက ဝင်လာနိုင်သလဲ။ နောက်ဆုံးမေးချင်တာတခုက မြန်မာနိုင်ငံရဲ့ ပဋိပက္ခဟာ ပြေလည်နိုင်ဖို့အတွက် အလှမ်းဝေးနေပါပြီလား။

ဖြေ ။ ။ မေးခွန်းက နှစ်ပိုင်း။ ပထမပိုင်းမှာတော့ အနောက်နိုင်ငံတွေက ကုလသမဂ္ဂကို အားကိုးလို့ မရဘူး။ ကုလသမဂ္ဂမှာ အခု ဥက္ကဋ္ဌုဖြစ်နေတာက ရုရှား။ နောက်ပြီးတော့ လုံခြုံရေးကောင်စီထဲမှာ တရုတ်၊ ရုရှား ပါနေတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အိန္ဒိယကလည်း ဟိုလိုလို ဒီလိုလို - သူတို့က ပြတ်ပြတ်သားသား ဝင်မပါဘူး။ ယူကရိန်းမှာလည်း ဒီအခက်အခဲတွေ တွေ့ပါတယ်။ သို့ပေမဲ့ ယူကရိန်းမှာတော့ ကုလသမဂ္ဂကို ပစ်ပယ်ပြီးတော့ သက်ဆိုင်တဲ့ နိုင်ငံတွေက သူတို့ အုပ်စုသီးခြားဖွဲ့ပြီးတော့ ယူကရိန်းအရေးကို ဝင်လုပ်ကြတာ တွေ့ရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံအရေးမှာတော့ အဲဒီလို အင်အားနဲ့ ဝင်လာမယ့် အလားအလာကို ကျနော် မတွေ့ရပါဘူး။ ကျနော် အားထားတာကတော့ စောစောကပြောတဲ့ အာဆီယံ ဦးဆောင်ပြီးတော့ ဂျပန်၊ တောင်ကိုရီးယားတို့အပါအဝင် ကျန်တဲ့နိုင်ငံတွေ အကုန်လုံးနဲ့ ညှိပြီးတော့ ဒီဟာကို လမ်းကြောင်းထွင်မယ်ဆိုရင်တော့ အားထားစရာ ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံရဲ့ အလားအလာ ဘယ်လောက်ဖြစ်မလဲဆိုရင် တခုတော့ရှိတယ် ပဋိပက္ခပြဿနာ Crisis ကို Opportunity အခွင့်အရေးအဖြစ်နဲ့ ပြောင်းလဲနိုင်တယ်ဆိုတဲ့ အယူအဆလည်း ရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာလည်းဆိုတော့ မြန်မာနိုင်ငံရဲ့ Crisis လို့ ဆိုတဲ့စကားမှာ အခက်အခဲရဲ့ အန္တရာယ်လည်း ရှိတယ်။ အခွင့်အရေးလည်း ရှိတယ်။ အဲဒီနှစ်ခုမှာ အခွင့်အလမ်းဖြစ်တဲ့ နည်းကို ရွေးနိုင်ရင်တော့ အကောင်းဆုံးပါလို့ ထင်ပါတယ်။ စောစောကပြောတဲ့ နိုင်ငံတကာက အတိုက်အခံတွေကို အင်အားမြှင့်ပေးမယ်။ နိုင်ငံရေးအားဖြင့် သူတို့ကလည်း တွန်းတွန်းတိုက်တိုက် အင်အားချဲ့ပြီးတော့ လုပ်လာနိုင်မယ်ဆိုရင်တော့ အကောင်းဖြစ်ပါစေလို့ပဲ မျှော်လင့်ရမှာပါ။ အခု နှစ်သစ်အခါသမယမှာ ဒီလိုပဲ မျှော်လင့်ဆုတောင်းလိုက်ပါတယ်။

XS
SM
MD
LG