=== [[ ZAWGYI ]] ===
စစ်အုပ်ချုပ်ရေးကြောင့် တင်းမာမှုတွေ ကြီးထွားလာမှာ စိုးရိမ်မှုတွေထွက်ပေါ်
စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်း အပါအဝင် နိုင်ငံတဝန်း ပြည်နယ်တိုင်းအသီးသီးက မြို့နယ် ၄၀ နီးပါးကို စစ်အုပ်ချုပ်ရေးကြေငြာတယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီကတော့ တရားဥပဒေစိုးမိုးရေး နဲ့ နယ်မြေလုံခြုံအေးချမ်းရေးအတွက် ထုတ်ပြန်လိုက်တာလို့ ပြောပါတယ်။ ဒါပေမဲ့တဘက်မှာလည်း အဲဒီဒေသတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေ နဲ့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်းက စစ်ရေးပဋိပက္ခတွေဖြစ်ပေါ်နေတဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအတော်များများက မြို့နယ်ပေါင်း ၃၈ မြို့နယ်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး Martial Law ဥပဒေကို မနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက ကောလင်း၊ ယင်းမာပင်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည် စတဲ့မြို့နယ်တွေအပါအဝင် ၁၁ မြို့နယ်၊ ချင်းပြည်နယ်ထဲက တီးတိန်၊ ဟားခါးအပါအဝင် ၇ မြို့နယ်၊ မကွေးတိုင်းအတွင်းထဲက ထီးလင်း၊ ဆော၊ ပေါက်အပါအဝင် ၅ မြို့နယ်၊ ကရင်ပြည်နယ်ထဲက ကြာအင်းဆိပ်ကြီးအပါအဝင် ၅ မြို့နယ်၊ ပဲခူးတိုင်းထဲက ပေါက်ခေါင်း ပေါင်းတည် နတ်တလင်းအပါအဝင် ၅ မြို့နယ်၊ ကယားပြည်နယ်မှာ ၄ မြို့နယ်၊ တနင်္သာရီတိုင်းထဲက ၂ မြို့နယ်တို့မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးကြေငြာလိုက်တာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းအတွင်း ဒေသခံ CDM ဝန်ထမ်းတဦးကတော့ ဗွီအိုအေကို အခုလိုပြောပါတယ်။
" တကယ်တော့ အစကတည်းက စစ်အုပ်ချုပ်ရေး ရှိနေပြီးသားဆိုတော့ ဒီထက်လည်း ဆိုးစရာ မရှိတော့ဘူး။ ဒီထက်လည်းပိုပြီး ကြမ်းစရာ မရှိတော့ဘူး။ စစ်အုပ်ချုပ်ရေး ကြေညာရင် တခုခုများ ထူးသွားမလားပေါ့။ အထူးသဖြင့်တော့ သူတို့ဘက်က ထောက်ခံသူတွေကတော့ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီဆိုတဲ့အမြင်အရ ..ဟာ ချတော့မယ်ဟေ့ နှက်တော့မယ်ဟေ့ဆိုပြီး အားတက်သွားမလား မသိဘူး။ ဒါပေမဲ့ ဘာမှတော့ ထူးခြားသွားတဲ့အချက်တော့ မဟုတ်ပါဘူး။ ကာလုံအစည်းအဝေး ရလဒ်တခုအဖြစ်နဲ့ ဒါ တရားဝင် စာထုတ်လိုက်တဲ့သဘောလောက်ပါပဲ။"
နိုင်ငံရေးလေ့လာသုံးသပ်သူတဦးလည်းဖြစ်တဲ့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းကတော့ စစ်ကောင်စီဘက်က အဲဒီမြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးကြေငြာတာရဲ့ အဓိကအချက်က လုံခြုံရေးကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
"သူတို့ အလစ်အငိုက် အတိုက်ခိုက်ခံရတာတွေ မခံရအောင်လို့ လုပ်တယ်လို့ ကျနော်မြင်တယ်။ အဲ့ဒီမှာ မြို့ထဲမှာ ရဲစခန်းကို ဝင်စီးတာတို့ ၊ နောက်တခါ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေ ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ အစည်းအဝေးတွေ ဘာတွေ လုပ်နေချိန်မှာ ဆိုင်ကယ်နဲ့လာပြီး ပစ်ခတ်တာတွေ ..အဲလိုဟာမျိုးတွေ တွေ့ရတော့ အဓိကတော့ သူတို့ အလစ်အငိုက် အတိုက်ခိုက် မခံရရေးပေါ့နော်။ "
စစ်ကောင်စီဘက်ကတော့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းရေးတွေကို ပိုပြီးထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် စစ်အုပ်ချုပ်ရေးကြေညာတာဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ အတွက် အဲဒီဒေသတွေမှာ တိုက်ပွဲတွေ ပိုဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်းရှိလာနေပါတယ်။ မကွေးတိုင်းအတွင်းက ဒေသခံ ပြည်သူ့ကကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးပြောတာကတော့ -
" ကျနော်တို့ရဲ့ ခုံခံတော်လှန်စစ်က အားကောင်းလာပြီဆိုတော့လေ စစ်ကောင်စီ အခြေစိုက်တဲ့နေရာတွေကို တိုက်ကြခိုက်ကြတော့မယ့် အနေအထားဆိုတော့ တိုက်ပွဲတွေက မလွဲမသွေဖြစ်လာမှာဗျ။ ကျနော်ထင်တာက သူတို့ ထိုးစစ်ဆင်ဖို့ထက် ခံစစ်ပြင်ဖို့ဆိုတဲ့ အနေအထားကိုပဲ မြင်ရတယ်။ အဲလိုဆိုတော့ အဲဒီမြို့နယ်တွေကို မာမာထန်ထန် တုံ့ပြန်တော့မယ် ဆိုတာမျိုး သတိပေးချင်တဲ့ သဘောလို့ထင်တယ်။ "
အခု စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ ဒေသတွေမှာရှိတဲ့ တိုင်းမှူးတွေအနေနဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ မာရှယ်လောလို့ခေါ်တဲ့ စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်တယ်လို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်ထားပါတယ်။ တိုင်းမှူးတွေအနေနဲ့ အချိန်နဲ့တပြေးညီ ပြောင်းလဲဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်အပေါ် မူတည်ပြီး မိမိကိုယ်တိုင်၊ ဒါမှမဟုတ် စစ်နယ်မြေမှှုးများကို တာဝန်လွဲပေးပြီး စစ်အုပ်ချုပ်ရေးကို ကျင့်သုံးနိုင်သည် လို့ ဖော်ပြထားပါတယ်။ ဒါနဲ့ဆက်စပ်ပြီး ဖြစ်လာနိုင်တဲ့ အခြေအနေကိုတော့ ဦးရဲထွန်းက အခုလို ပြောပါတယ်။
" လိုအပ်တဲ့ စည်းကမ်းတင်းကြပ်မှုတွေ လုပ်မှာပေါ့။ ဥပမာ ဆိုင်ကယ်ကို လူ ၂ယောက် မစီးရဆိုတာမျိုး။ ဒါမှမဟုတ်လည်း ဆိုင်ကယ် မစီးရဆိုတာမျိုးပေါ့။ ည ဘယ်နှယ်နာရီကနေ ဘယ်နှယ်နာရီထိ မထွက်ရ ဆိုတာမျိုးပေါ့။ အခြားနေရာတွေထက်စာရင် ပိုတင်းကြပ်တဲ့ အုပ်ချုပ်ရေးစည်းကမ်းတွေ ရင်ဆိုင်ရလာမှာပေါ့။ "
အခုလိုမျိုး စစ်အုပ်ချုပ်ရေးကြေငြာလိုက်တဲ့အတွက် အဲဒီမြို့နယ်တွေမှာ အရပ်သားအုပ်ချုပ်ရေးပျက်သွားပြီဆိုတာကို စစ်ကောင်စီဘက်က ဝန်ခံလိုက်တာဖြစ်တယ် စစ်ကိုင်းတိုင်း ဒေသခံက ပြောလိုက်ပါတယ်။
" ဘာတွေ ဆက်ဖြစ်လာနိုင်လဲဆို စစ်အုပ်ချုပ်ရေး ဖြစ်တဲ့အတွက် အရပ်သားအုပ်ချုပ်ရေးစနစ် ပျက်သွားပြီပေါ့။ အဲဒီမှာ စိတ်ဝင်စားစရာ ကောင်းလာတာက အဲဒီနေရာ အစားထိုးမယ့် စစ်အုပ်ချုပ်ရေးကရော တကယ် အသက်ဝင်ပါ့မလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်ရဲ့ အင်အားက ဒီမြို့နယ်(၃၀)ကျော်ကို လက်တံ ရှည်ရှည်နဲ့ အကုန်လုံး အုပ်ချုပ်နိုင်လောက်အောင် သူတို့မှာ အင်အားရှိရဲ့လား ?။ အင်အားရှိခဲ့ရင်ကော ဘယ်လိုနည်းနဲ့ အုပ်ချုပ်မှာတုန်းဆိုတာ သူတို့အတွက် စိန်ခေါ်မှုဖြစ်လာလိမ့်မယ်။ အဲခါက ဘာပဲလုပ်မှာလဲဆိုတော့ စစ်ပဲတိုက်မှာပဲဟာ .. ထုံးစံအတိုင်း ရွာတွေကို မီးရှို့မယ်၊ လုယက်မယ်၊ သတ်ဖြတ်မယ် စစ်ရေးကတော့ ပိုမြင့်လာဖို့ပဲ ရှိပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာကတော့ အရပ်သားအုပ်ချုပ်ရေး ပျက်ပြီဆိုတာကို သူတို့ ဝန်ခံလိုက်တဲ့သဘောပါပဲ။ စစ်တပ်က လာအုပ်ချုပ်ရင်လည်း စစ်တပ် တန်းလျား စစ်တပ်ဝင်းထဲမှာပဲ နေလို့ရမှာ။ အပြင်ထွက်ပြီးတော့ာ အုပ်ချုပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်တော့ သိပ်အပြောင်းအလဲ အကြီးကြီးတော့ ရှိလာမယ် မထင်ပါဘူး။ "
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ဖေဖော်ဝါရီ ၁ ရက်နေ့က ၂ နှစ် ပြည့်သွားပြီဖြစ်ပြီး၊ တိုင်းပြည်ရဲ့ အခြေအနေဟာ ပုံမှန်ပြန်မရောက်သေးတဲ့အတွက် စစ်ကောင်စီက အရေးပေါ်အခြေအနေကို နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ရသလို၊ နိုင်ငံတွင်း မြို့နယ်ပေါင်း ၃၀၀ ရှိတဲ့အထဲက မြို့နယ်ပေါင်း ၁၃၂ မြို့နယ်ကို လုံခြုံရေးအပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ခံပြောကြားခဲ့ပါတယ်။
=== {{ UNICODE }} ===