စစ်တပ်က အာဏာသိမ်းထားတဲ့ကာလ ၂နှစ်ပြည့်တဲ့အချိန်မှာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေက နေအိမ်အပြင်မထွက်ဘဲနေတဲ့ အသံတိတ်ဆန္ဒပြမှု Silent Strike ကို တညီတညွတ်တည်း လုပ်ဆောင်ခဲ့ကြတယ်လို့ စည်ကားတဲ့ မြို့ကြီးတွေမှာရှိတဲ့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကိုတော့ မဆုမွန်က ပြောပြမှာပါ။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အခြာလည်းဖြစ်၊ မြို့ပြလူဦးရေ အများဆုံးရှိတဲ့နေရာလည်းဖြစ်တဲ့ ရန်ကုန်မြို့လမ်းတွေပေါ်မှာ လိုင်းကားတချို့ကလွဲပြီး အိမ်စီးကား၊ အငှားယာဉ်နဲ့ လူသွားလူလာပါ တိတ်ဆိတ်နေပါတယ်။ ရန်ကုန်မြို့ရဲ့ အစည်ကားဆုံးဖြစ်တဲ့ ကမာရွတ်မြို့နယ် လှည်းတန်းအရပ်မှာ စားသောက်ဆိုင်တွေ၊ အိမ်ဆိုင်တွေ ဖွင့်လှစ်ထားပေမဲ့လည်း တနေ့လုံး ဈေးသည်တဦးမှာ မလာရောက်ခဲ့ကြောင်း စားသောက်ဆိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။
" အပြင်မှာ လူကတော်တော်ကျဲတယ်၊ ကားတွေဘာတွေလည်း သိပ်တော့မရှိဘူး။ စားသောက်ဆိုင်တွေလည်း လူမရှိဘူး။ တချို့ဆိုင်တွေဆို လူတယောက်မှကို မရှိဘူး။ အခုအချိန်အထိ တောက်လျှောက် လမ်းပေါ်မှာလည်းလူကျဲတယ်။ ဆိုင်တွေတော်တော်များများ သွားရင်လာရင်းကြည့်တာ မရှိဘူး။"
မန္တလေးမြို့ပေါ်မှာလည်း ညနေ သုံးနာရီလောက်အထိ တမြို့လုံးနီပါး တိတ်ဆိတ်နေကြောင်း အငှားဆိုင်ကယ် မောင်းနှင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။
" ဒီမှာလည်း တော်တော်ကြီးကိုရှင်းတယ်၊ အခု၃နာရီ ထိုးခါနီးလောက်မှ နှစ်စီး၊ သုံးစီး တွေ့ရတယ်။ ကျန်တာတွေကတော့ ၉နာရီလောက်ကစပြီး ဒီမှာလူ့ကို မတွေ့ရသလောက်ပဲ။ လမ်းပေါ်မှာ ကားတွေလည်းရပ်ထားတယ်၊ အိမ်တွေမှာလည်း ဆိုင်ဖွင့်တဲ့သူကဖွင့်တယ် လူကတော့ သွားတဲ့သူမရှိဘူး။ ဒီနေ့ကတော့ မန္တလေးမြို့ကြီး ကျနော်တို့ တိတ်ဆိတ် ခြောက်ကပ်နေတာပေါ့။"
မြန်မာနိုင်ငံတောင်ဘက်စွန်းက ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကော့သောင်းမြို့မှာလည်း ပုံမှန်စည်ကားနေတာကနေ သိသိသာသာ တိတ်ဆိတ်သွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
" ပုံမှန်ထက်ဆိုပါးတယ်၊ မြို့တွင်းကစည်တယ် ကျန်တဲ့မြို့တွေထက်စာရင်။ ဒီနေ့ကတော့ နည်းနည်းပါတယ်၊ သိသာတာပေါ့နော်။"
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာလည်း တနေ့လုံးနီးပါး တိတ်ဆိတ်နေခဲ့ပြီး ညနေသုံးနာရီကျမှ ဆိုင်တွေပြန်ဖွင့်တာ၊ လမ်းတွေပေါ် ထွက်လာတာရှိကြောင်း ဆိုင်ရှင်တဦးက အခုလိုပြောပါတယ်။
" ဒီနေ့က ဘယ်သူမှအိမ်ကနေ မထွက်ကြဘူးဆိုတော့ ဆိုင်တွေလည်း အခုမှဖွင့်လို့ အခုမှအပြင်ထွက်ကြတာမျိုး လုပ်ကြတယ်။ ကျနော်လည်းအခုမှ အိမ်က ထွက်လာတာဆိုတော့ အခုတော့ အပြင်မှာသွားလာနေတာ ရှိကြတယ်။"
တိတ်ဆိတ်မှုကို တုံ့ပြန်ဖို့ နေရာတချို့မှာ စည်ကားအောင် စစ်ကောင်စီဘက်က ကြိုးပမ်းခဲ့ပေမဲ့ နေရာကွက်ကွက်မှာ အနည်းအကျဉ်းလောက်ပဲ လုပ်နိုင်ခဲ့ကြောင်း ဒေသခံတချို့က လူမှုကွန်ရက်မှာ ရေးသားကြပါတယ်။ ဆီကုန်သည်အသင်းနဲ့ စစ်သားတချို့က ဆန်၊ ဆီရောင်းချတာ၊ နိုင်ငံရေးပါတီတချို့နဲ့ အဖွဲ့အစည်းတချို့က စစ်တပ်ထောက်ခံကြောင်း ဟောပြောတာတွေကိုတော့ လုပ်ဆောင်ခဲ့ကြပါတယ်။
[Unicode]