[Zawgyi/Unicode]
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေး ပဋိပက္ခ၊ လက်နက်ကိုင် ပဋိပက္ခတွေကြား သေဆုံးရတဲ့ အမျိုးသမီး ၃၀၀ ထက်မနည်း ရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ပြောပါတယ်။ အကန့်အသတ်တွေကြား လက်လှမ်းမီသလောက် အတည်ပြုနိုင်တဲ့ စာရင်းသာဖြစ်ပြီး တကယ်တမ်း သေဆုံးမှုတွေက ဒီ့ထက် ပို များနိုင်တယ်လို့လည်း BWU ရဲ့ မှတ်တမ်းတင်ဌာန တာဝန်ခံ မသွယ်ဇင်တိုး က ပြောပါတယ်။ အခု သေဆုံးမှုစာရင်းကို ဘယ်လို ကောက်ယူ ပြုစုထားတာပါလဲ။ ဘယ်လောက်အထိ ခိုင်လုံ ပြည့်စုံပါလဲ။ စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ဖိနှိပ် သတ်ဖြတ်ခံရတဲ့ အခြေအနေ ဘယ်လောက်အထိ ဆိုးရွားနေပြီး ဘယ်လို ကာကွယ်ပေးမှုတွေ လိုအပ်နေသလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မသွယ်ဇင်တိုးကို ဆက်သွယ်မေးမြန်းပြီး မခင်ဖြူထွေးက တင်ပြထားပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က အောက်တိုဘာလ အစောပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း သတ်ဖြတ်ခံရတဲ့ အမျိုးသမီး ၃၀၀ ထက်မနည်း ရှိတယ်လို့ ဖော်ပြထားတာ တွေ့ပါတယ်။ ဒါက ဘယ်လို ပုံစံနဲ့ သေဆုံးမှုတွေကို စာရင်းပြုစု ထားတာလဲ။ ဘယ်လိုပုံစံနဲ့ စာရင်း ကောက်ယူခဲ့တာပါလဲ။ ဘယ်လောက်အထိ ခိုင်လုံပြည့်ဝတဲ့ စာရင်းလို့ရော ပြောလို့ရမလဲရှင့်။
“ဟုတ်ကဲ့။ ကျမတို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ မှတ်တမ်းတင်ဌာနကနေ စစ်တပ်အာဏာသိမ်းတဲ့ အချိန်ကနေ စပြီး အခုလက်ရှိ စက်တင်ဘာ လကုန်အထိ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့မှ ထိခိုက်နစ်နာတဲ့ အချက်အလက်တွေကို စုဆောင်းတာ ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေကို အခြေခံပြီး သတင်းတွေမှာ တက်လာတဲ့ အချက်အလက်တွေကို စုဆောင်းတယ်။ ဒီလို စုဆောင်းတဲ့နေရာမှာလည်း ကျမတို့က ရလာတဲ့ သတင်းအချက်အလက်တွေကို ခိုင်လုံမှု ဘယ်လောက် ရှိသလဲဆိုတာကိုလည်း တိုင်းတာပါတယ်။ ဥပမာဆိုရင် ကျမတို့ ယူတဲ့စာရင်းက သေသွားတဲ့သူရဲ့ နာမည်တွေ၊ နေရာတွေနဲ့ ဘာလုပ်ကိုင်လဲ။ ပြီးရင် AAPP က စာရင်းနဲ့ တိုက်ကြည့်တယ်။ ပြီးရင် သတင်းဌာနတွေမှာလည်း တက် မတက်ကို ကျမတို့ တိုက်ကြည့်တယ်။ မတက်ဘူးဆိုလို့ရှိရင်လည်း ဒီအချက်အလက်တွေ ခိုင်လုံမှု ရှိ မရှိ ဆိုတာကို တိုင်းတာပြီးတော့မှ ကောက်ခဲ့တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ အမျိုးသမီး သေဆုံးမှုတွေ ရှိနေလဲဆိုတော့ ၂၀၂၁ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ဖြိုခွင်းခံရလို့ အသက် သေဆုံးရမှုတွေ ပိုများတယ်။ ဒါပေမဲ့ ၂၀၂၂ ထဲမှာဆိုရင်တော့ စစ်ပဋိပက္ခတွေကြောင့် တိုက်ပွဲတွေကြောင့် သေဆုံးတဲ့သူတွေရယ်။ စစ်ကြောင်းထိုးတဲ့အခါမှာ မတရား သတ်ဖြတ်ခံရတာတွေ။ နောက်ပြီးတော့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်တဲ့အတွက်ကြောင့် ခိုး ဆိုး လုယက်တာတွေ ကြုံရပြီး သေဆုံးရတဲ့သူတွေလည်း ပါတယ်။ ဒါ ကျမတို့ ကောက်ယူထားတဲ့ အချက်အလက်တွေထဲမှာပေါ့။”
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နောက်ဆက်တွဲဖြစ်လာတဲ့ နိုင်ငံရေးပဋိပက္ခတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေထဲမှာ သေဆုံးရတဲ့သူတွေက ထောင်နဲ့ချီ ရှိပါတယ်။ ဆိုတော့ အဲ့ဒီအထဲမှာ အမျိုးသမီးက ဒီလောက် သေဆုံးတယ် ဆိုတာမျိုး ပြောတာပါလား။ အခုစာရင်းက ဘယ်လောက်အထိ ခြုံငုံတဲ့ ခိုင်လုံပြည့်ဝတဲ့စာရင်းလို့ ပြောနိုင်ပါသလဲ။
“ကျမတို့ရဲ့ အချက်အလက်တွေက အသေးစိတ် ကောက်နိုင်တဲ့ အချက်အလက်တွေလို့တော့ ကျမတို့ မဆိုလိုချင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုလက်ရှိကာလမှာဆိုရင် အချက်အလက် ကောက်ယူမှုတွေမှာ အကန့်အသတ်တွေ အများကြီး ရှိပါတယ်။ ဥပမာ ကျမတို့ဆိုရင် AAPP က အချက်အလက်တွေ အခြေခံပြီးတော့မှ တခြား သတင်းတွေအပေါ်မှာ ပေါ်လာတဲ့ အချက်အလက်တွေကို ပြန် စုစည်းထားတဲ့ အချက်အလက်တွေ ဖြစ်တဲ့အတွက်ကြောင့် တကယ့်မြေပြင်မှာဆိုရင်တော့ ဒီ့ထက်ပိုပြီးတော့မှ များနိုင်တယ်ဆိုတဲ့ဟာကို ကျမတို့က အမြဲတမ်း သုံးသပ်မိတယ်ပေါ့နော်။ ဆိုတော့ ကျမတို့ရဲ့ ဒီအချက်အလက်ဟာဆိုရင် ကျမတို့ လက်လှမ်းမီတဲ့၊ ကျမတို့အတည်ပြုနိုင်တဲ့ နံပါတ် အရေအတွက်ပဲ ဖြစ်တာပေါ့။ တကယ်မှာတော့ ဒီ့ထက်ပိုများမယ်လို့ ကျမတို့က ယုံကြည်ပါတယ်ရှင့်။”
ဟုတ်ကဲ့။ အာဏာသိမ်းမှု မတိုင်ခင်တုန်းကလည်း မြန်မာနိုင်ငံဆိုတာက နိုင်ငံရေးပဋိပက္ခ တလျှောက်လုံးရှိခဲ့တဲ့ နိုင်ငံပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတယ်။ လက်နက်ကိုင် ပဋိပက္ခ ဒေသတွေရှိတယ်။ ဒီလို ပဋိပက္ခတွေကြားမှာ အမြဲတမ်း ဒုက္ခတွေ ခါးစည်း ခံကြရတဲ့အထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေက ရှေ့ကနေ ကြုံကြရတယ်။ အခု BWU က ထောက်ပြသလိုဆိုရင် အာဏာသိမ်းမှု နောက်ပိုင်းမှာ ဒီလို အခြေအနေတွေက ပိုဆိုးလာတယ်လို့ ပြောချင်တာပါလား။
“ဟုတ်ကဲ့။ ဒီအခြေအနေတွေက ပိုဆိုးလာတယ်လို့ ကျမတို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ကောက်ယူရရှိတဲ့ အချက်အလက်တွေ ထဲမှာဆိုရင် စစ်ပွဲတွေကြောင့် ဖြစ်တယ်။ ပြီးရင် နိုင်ငံရေး စီးပွားရေး မတည်ငြိမ်မှုတွေကြောင့်မို့ ခိုးဆိုး လုယက်တာတွေကနေ ဖြစ်ပွားလာတဲ့ အသတ်ခံရတဲ့ အမှုတွေ ရှိတယ်။ အဲ့ဒီလိုမျိုး အခြေအနေတွေကို ကြည့်မယ်ဆိုရင် လက်ရှိကာလမှာ အမျိုးသမီးတွေ အတွက် လုံးဝကို လုံခြုံမှုမရှိတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ဒီကာလဟာ အမျိုးသမီးတွေ အတွက် အရမ်းကို စိုးရိမ်ရတဲ့ အနေအထားလို့ ကျမတို့က သတ်မှတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကာလမှာ စစ်ပွဲကြောင့် ပဋိပက္ခတွေက နေရာတိုင်းမှာ ဖြစ်တယ်။ တိုက်ပွဲတွေ နေရာတိုင်းမှာဖြစ်တယ်။ အဲ့ဒီတိုက်ပွဲတွေ ကြားထဲမှာ သေဆုံးရတဲ့အမှုတွေ အပြင်ကို သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေ အပြင်ကို တရားဥပဒေစိုးမိုးမှု မရှိတာရယ်။ ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ မရှိတာတွေရယ်ကြောင့် လတ်တလော ကာလမှာ ဒီလိုမျိုး သတ်ဖြတ်တာတွေက စစ်တပ်မှာပဲကြည့်ကြည့်၊ အရပ်သား အမှုတွေမှာပဲကြည့်ကြည့် ဒါတွေက ကျူးလွန်ခွင့်ပြုထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲ့ဒါကြောင့် ဒီကာလက ပိုပြီးတော့ ဆိုးတယ်လို့ ကျမတို့က သတ်မှတ်ပါတယ်။”
ဆိုတော့ ဒီအခြေအနေတွေကို လက်ရှိအနေအထားမှာ လုံးလုံးကြီး မဟန့်တားနိုင်ဘူးဆိုရင်တောင် ဒီလို အမျိုးသမီးတွေ ဖိနှိပ် သတ်ဖြတ်ခံရတာ အပါအဝင် နည်းလမ်းမျိုးစုံနဲ့ သူတို့ကြုံတွေ့နေရတဲ့ အခြေအနေတွေ ရပ်တန့်အောင် လျော့နည်းအောင် BWU လို၊ မသွယ်ဇင်တိုး တို့ အမျိုးသမီးအဖွဲ့တွေ အနေနဲ့ရော ဘာတွေများ လုပ်ဆောင်နေတာ ရှိပါသလဲရှင့်။
“ခုနက ပြောသွားသလိုပါပဲ ဒီကာလမှာကတော့ နိုင်ငံရေးက တနိုင်ငံလုံးအနေနဲ့ မတည်ငြိမ်တဲ့ အနေအထားမှာ ပပျောက်သွားအောင် လုပ်ဖို့ဆိုတာ ကျမတို့အဖွဲ့အနေနဲ့လည်း မလွယ်ကူပါဘူး။ အင်မတန်ကို ခက်ခဲပါတယ်။ ဒါပေမဲ့ ဒီဟာတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဟန့်တားမလဲ။ လျော့နည်းသွားအောင် ဘယ်လို လုပ်သွားမလဲဆိုတဲ့ အချက်ကတော့ - ကျမ အနေနဲ့ပြောရရင် ဒီပဋိပက္ခထဲမှာ ပါဝင်နေတဲ့ အဖွဲ့ဝင်တွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ အများကြီးဆိုင်တယ်လို့ ပြောချင်ပါတယ်။ ဥပမာ စစ်တပ်ဆိုရင် ရွာတွေကို မီးရှို့တယ်။ မြင်သမျှလူတွေကို အကြမ်းဖက် နှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေ လုပ်နေတယ်။ ဒီလို လုပ်ရပ်တွေကို ရပ်တန့်ရမယ်။ ဒါမှပဲ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ပွဲမျိုး မဟုတ်ဘဲနဲ့ တဘက်နဲတဘက် လက်နက်ရှိတဲ့သူ အချင်းချင်း ပစ်ခတ်တဲ့ တိုက်ပွဲမျိုးမှာ ပြည်သူတွေကို ရှောင်ကိုရှောင်ရမယ့် ကျင့်ဝတ် ရှိသင့်တယ်။ ဆိုတော့ ကျမတို့အမျိုးသမီးအဖွဲ့ အနေနဲ့ဆိုရင်လည်း အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံကနေဆင့် ဒီလိုမျိုး ပေါ်လစီတွေ၊ ဒီလို အစီအစဉ်တွေ ပေါ်လာဖို့အတွက် သက်ဆိုင်ရာ အမျိုးသားညီညွတ်ရေး အစိုးရကိုပဲဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုပဲ ဖြစ်ဖြစ် ကျမတို့ ချဉ်းကပ်ပြီးတော့မှ ဒီလို ပေါ်လစီတွေ၊ မူတွေ ချမှတ်လာအောင်လို့ ဆွေးနွေးညှိနှိုင်းနေတာမျိုးတွေလည်း ရှိပါတယ်။”
ဆိုတော့ ခုလို အခြေအနေမှာ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့က ဘယ်လောက်အထိ အရေးတကြီး လိုအပ်နေပါသလဲ။
“ကာကွယ်ပေးမှုတွေကတော့ လောလောဆယ်မှာ တော်တော်လေးကို အရေးတကြီး လိုအပ်နေတာပေါ့။ ဘယ်နေရာမှာပဲ တိုက်ပွဲဖြစ်ဖြစ် အမျိုးသမီးတွေက ပစ်မှတ်ပုံစံမျိုး ဖြစ်နေတဲ့ အနေအထားမှာ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေက အမျိုးသမီးတွေကို ပစ်မှတ်ထားနေတာတွေ ရပ်သင့်တယ်။ တပြိုင်နက်တည်းမှာပဲ ဒီဘက်မှာ ကျမတို့ လုပ်လို့ရသလောက် ဆိုရင်တော့ အမျိုးသား ညီညွတ်ရေး အစိုးရအနေနဲ့လည်း အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ လိုက်နာရမယ့် ကျင့်ဝတ်တွေ စည်းကမ်းတွေကို ကိုယ့်ရဲ့စီမံမှုအောက်မှာ ရှိနေတဲ့ တပ်တွင်းမှာ သေသေချာချာ လိုက်နာကျင့်သုံးတာတွေကို လုပ်ဆောင်ပေးရပါမယ်။”
လက်ရှိမှာတော့ အားလုံးပူးပေါင်းပြီးတော့မှ ဒီအခြေအနေကို ဟန့်တားဖို့ ကြိုးစားကြရမယ်လို့ ထင်ပါတယ်။
“ဟုတ်ကဲ့ပါရှင့်။ ခုလို အခြေအနေမှာဆိုရင် အားလုံး ပူးပေါင်းပြီးတော့မှ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးရမယ့်အပြင် သက်ဆိုင်ရာ stateholder တွေ၊ အဓိက ပါဝင်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့က နိုင်ငံရေးက ပထမ၊ အမျိုးသမီးရေးက ဒုတိယဆိုတဲ့ ဒီလိုစဉ်းစားချက်တွေကို ဘေးဖယ်ပြီးတော့ စစ်ပဋိပက္ခကြောင့် ကျူးလွန်ခံနေရတဲ့ အမျိုးသမီးတွေ အတွက်လည်း အစီအစဉ်တွေ စနစ်တကျနဲ့ သေသေချာချာလေး လုပ်ဆောင်ထားဖို့လည်း လိုအပ်တယ်။ အဲ့ဒီလို လုပ်ဆောင်ထားမယ်လို့လည်း ကျမတို့က မျှော်လင့်ပါတယ်။”
ဆိုလိုတာက အခုကတည်းကစပြီးတော့ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ အခွင့်အရေး အကာအကွယ်ပေးမှုတွေကို စ လုပ်သင့်တယ်။ တချိန် မြန်မာနိုင်ငံ အခြေအနေ ကောင်းသွားမှ၊ အာဏာရှင်ကို ဖြုတ်ချနိုင်ပြီး ဒီမိုကရေစီနိုင်ငံ ပြန်ဖြစ်လာတော့မှ မဟုတ်ဘဲ၊ ဒါတွေကို ခုချိန်ကတည်းက တပြိုင်နက်တည်း ပြင်ဆင် လုပ်ဆောင် သွားရမယ်လို့ ပြောတာလို့ နားလည်ပါတယ်။
“ဟုတ်ကဲ့ပါရှင့်။ ကျမတို့က အသွင်ကူးပြောင်းရေးကာလကို အခုကတည်းက ဆွဲနေသလိုပဲ ဒီ စစ်ပဋိပက္ခကြောင့် နစ်နာတဲ့သူတွေ အကုန်လုံး အတွက်ကို တခါတည်း လိုအပ်တဲ့ အစီအစဉ်တွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့အတွက် ပြင်ဆင်ထားရင်တော့ ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ပြန်လည် ထူထောင်ရေးကို သွားနိုင်မယ်လို့ ယုံကြည်ပါတယ်ရှင့်။”
ခုလို အချိန်ပေး ဖြေကြားပေးတာ ကျေးဇူး အများကြီး တင်ပါတယ်။
“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။”
=====================================
[Unicode]