[[ ZAWGYI / UNICODE ]]
စစ်ကောင်စီ လက်နက်ရအောင် ကူညီမှုနဲ့ လုပ်ငန်းရှင် ၃ ယောက်၊ ကုမ္ပဏီတခုကို အမေရိကန်အရေးယူ
မြန်မာနိုင်ငံမှာ မနှစ်က ဖေဖေါ်ဝါရီ ၁ ရက် မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို လက်နက်ရအောင် ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသား ၃ ဦးနဲ့ ကုမ္ပဏီ တခုကို အမေရိကန်ပြည်ထောင်စုက အရေးယူလိုက်ပါတယ်။
မြန်မာစစ်တပ်ကို လေယာဉ်အစိတ်အပိုင်းတွေ အပါအဝင် လက်နက်တွေ ရအောင် လုပ်ပေးနေတဲ့ Dynasty International Company Limited နဲ့ ဒီကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးမြင့်၊ ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ဦးလှိုင်မိုးမြင့် အပြင် ကုမ္ပဏီဒါရိုက်တာ မျိုးသစ္စာ တို့ ၃ ဦးကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
မြန်မာစစ်အရာရှိတဦးရဲ့ သားဖြစ်သူ ဦးအောင်မိုးမြင့်ဟာ မြန်မာစစ်တပ်အတွက် မစ်ဇိုင်းဒုံးအပါအဝင် စစ်လက်နက်ပစ္စည်းမျိုးစုံ အပြင် လေယာဉ်ပါ တင်သွင်းနေသူဖြစ်ပြီး သူ့ကို ၂၀၂၂ ဖေဖေါ်ဝါရီလထဲမှာ အီးယူဥရောပသမဂ္ဂက အရေးယူထားသလို မတ်လထဲမှာတော့ ဗြိတိန်က အရေးယူဒဏ်ခတ်ထားတာ ဖြစ်ပါတယ်။ သူ့ညီဖြစ်သူ ဦးလှိုင်မိုးမြင့်ကလည်း ဒီကုမ္ပဏီအတွက်တာဝန်ယူ ဆောင်ရွက်နေသူဖြစ်သလို ကုမ္ပဏီဒါရိုက်တာမျိုးသစ္စာကတော့ နိုင်ငံရပ်ခြားစစ်လက်နက်ရောင်းဝယ်သူတွေနဲ့ လက်နက်အရောင်းအဝယ် လုပ်ရာမှာ ဆက်သွယ်ဆောင်ရွက်သူဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
အမေရိကန်ဘဏ္ဍာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Brian Nelson ကတော့ မြန်မာလူထုအပေါ် အကြမ်းဖက်ပြီး ရက်စက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို လက်နက်ရအောင် ထောက်ပံ့ပေးနေတဲ့ ကွန်ယက်တွေနဲ့ အကျိုးအမြတ်ရနေသူတွေကို ပစ်မှတ်ထား အရေးယူလိုက်တာ ဖြစ်ကြောင်းပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနကလည်း မြန်မာရဲချုပ်နဲ့ ဒုတိပြည်ထဲရေးဝန်ကြီး ဦးသန်းလှိုင်ကို မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေးချိုးဖေါက်မှုတွေ မှာ ပါဝင်ပတ်သက်မှုနဲ့ အမေရိကန်ပြည်ထောင်စုကို လာရောက်ခွင့် ပိတ်ပင်လိုက်ပါတယ်။
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ဆန္ဒပြသူတွေကိုပါ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ နောက် အနောက်နိုင်ငံတွေက မြန်မာစစ်တပ်နဲ့ သူ့စီးပွါးရေး လုပ်ငန်းတွေကို ဆက်လက်ပြီး ပစ်မှတ်ထား အရေးယူနေတာ ဖြစ်ပါတယ်။
===============
{{ UNICODE }}