သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ပထမဆုံး လူမည်းအမျိုးသမီး တရားရုံးချုပ် တရားသူကြီး


ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က အမေရိကန် တရားရုံးချုပ်မှာ တရားသူကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ကဲန်တန်ဂျီ ဘရောင်း ဂျက်ဆင်န် (Ketanji Brown Jackson) ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အာဖရိကနွယ်ဖွား အမျိုးသမီး တရားရုံးချုပ် တရားသူကြီးအဖြစ် သမိုင်းဝင်သွားပါတယ်။

[Zawgyi/Unicode]

အမေရိကန်ရဲ့ပထမဆုံး လူမည်းအမျိုးသမီး တရားရုံးချုပ် တရားသူကြီး (အမျိုးသမီးကဏ္ဍ)

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က အမေရိကန် တရားရုံးချုပ်မှာ တရားသူကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ကဲန်တန်ဂျီ ဘရောင်း ဂျက်ဆင်န် (Ketanji Brown Jackson) ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အာဖရိကနွယ်ဖွား အမျိုးသမီး တရားရုံးချုပ် တရားသူကြီးအဖြစ် သမိုင်းဝင်သွားပါတယ်။ ဒါဟာ ဘယ်လောက်အထိ ထူးခြားပါလဲ။ နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးချုပ်မှာ လူမည်းအမျိုးသမီး တရားသူကြီးနေရာ ရလာတဲ့အတွက် ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါလဲ။ တရားရုံးချုပ် တရားသူကြီး ဂျက်ဆင်န် ဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးပါလဲ။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံး တရားရုံးဖြစ်တဲ့ တရားရုံးချုပ်မှာ တာဝန် ထမ်းဆောင်ဖို့ တရားသူကြီး ကဲန်တန်ဂျီ ဘရောင်း ဂျက်ဆင်န် ဇွန်လ ၃၀ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။

သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အာဖရိကနွယ်ဖွား လူမည်း အမျိုးသမီး တရားရုံးချုပ် တရားသူကြီးအဖြစ် သမိုင်းဝင် သွားပါတယ်။ တရားရုံးချုပ်မှာ သူ့အရင် လူမည်း တရားသူကြီး နှစ်ဦးရှိပေမဲ့ နှစ်ဦးလုံးက အမျိုးသားတွေပါ။ လူဖြူ အမျိုးသားတွေ အဓိက နေရာယူခဲ့တဲ့ တရားရုံးချုပ်မှာ အမျိုးသမီးလည်းဖြစ်၊ လူမည်းတဦးလည်း ဖြစ်တဲ့ တရားသူကြီး ဂျက်ဆင်န် နေရာ ရလာတာက အမေရိကန် သမိုင်းမှာတော့ ထူးခြားတဲ့ တိုးတက်မှု တခုပါပဲလို့ ဟာဝိုင်အီအခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ်စင်တာ က ပါမောက္ခ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။

“ဒါက ပထမဆုံး လူမည်းအမျိုးသမီးတွေ အတွက်လည်း အရမ်းကောင်းတယ်။ အမျိုးသမီးတွေ အားလုံး အတွက်လည်း ကောင်းတယ်။ ခုဆိုရင် တရားရုံးချုပ်မှာ လက်ရှိ အမျိုးသမီး တရားသူကြီး ၄ ယောက် ဖြစ်သွားတယ်။ တရားရုံးချုပ် တရားသူကြီး ၉ ယောက်မှာ အခု ၄ ယောက်က အမျိုးသမီးတွေ ဖြစ်လာတယ် ဆိုတော့ တဝက် နီးပါး ဖြစ်လာတယ်။ အမေရိကားမှာ အမျိုးသမီးက လူဦးရေရဲ့ တဝက် ရှိတယ်ဆိုတော့ ဒါက representation ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီး အရမ်း အရေးကြီးတယ်။ ဘာလို့လဲ ဆိုတော့ ဒီမိုကရေစီ ဆိုတာက representative government လူထုကိုယ်စားပြု အစိုးရ ဖြစ်တယ်။ ကိုယ်စားပြုမှုက အရမ်းလိုအပ်တယ်။ ဆိုတော့ သူ့ရဲ့ ကိုယ်စားပြုမှုက အမျိုးသမီးလည်း ပါတယ်။ အမျိုးသမီးထဲမှာမှ လူမည်း အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့သူလည်း ပထမဆုံး ဖြစ်သွားတယ်။ ဒါကြောင့် အရမ်း အရေးကြီးတယ်။ သူ ဝင်လာတာက တိုးတက်တယ်လို့ ပြောလို့ရတာပေါ့။ ကိုယ်စားပြုမှု ပိုင်းမှာ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။”

တာဝန်က အနားယူသွားတဲ့ အသက် ၈၃ နှစ်အရွယ် တရားရုံးချုပ် တရားသူကြီး စတီဖင်ဘရိုင်ယာ (Stephen Breyer) ရဲ့ နေရာမှာ တရားသူကြီး ဂျက်ဆင်န် ကို ခန်အပ်ဖို့ သမ္မတ ဂျိုးဘိုင်ဒန်က ဒီနှစ် ဖေဖော်ဝါရီ လမှာ အဆိုပြုခဲ့ပြီးတဲ့နောက် လွှတ်တော်ကလည်း ဧပြီလ ၇ ရက်နေ့မှာ အတည်ပြုခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ ကိုယ်ဝန် ဖျက်ချခွင့်လို ကိစ္စတွေမှာ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေနဲ့ ကွဲလွဲမှုတွေ ပြင်းထန်နေချိန်မှာ တရားသူကြီး ဂျက်ဆင်န် တရားရုံးချုပ် တရားသူကြီးအဖြစ် တာဝန် စတင် ထမ်းဆောင်တာလည်း ဖြစ်ပါတယ်။ နိုင်ငံတဝန်း သေနတ်ကိုင် အကြမ်းဖက်မှုတွေ တိုးလာနေတဲ့အတွက် သေနတ်ကိုင်ဆောင်ခွင့် တင်းကျပ်ဖို့ တောင်းဆို လှုပ်ရှားမှုတွေ ပြင်းထန် လာပေမဲ့၊ တရားရုံးချုပ်ကတော့ သေနတ်ကိုင်ဆောင်ခွင့်ဆိုင်ရာ စည်းမျဉ်းတွေကို မကြာခင်က ဖြေလေ ျှာ့ပေးခဲ့သလို၊ ကိုယ်ဝန်ဖျက်ချခွင့်နဲ့ ပတ်သက်လို့လည်း နှစ်ပေါင်း ၅၀ နီးပါး တရားဝင် ခွင့်ပြုလာခဲ့တဲ့ Roe v Wade စီရင်ထုံးကို ပယ်ဖျက်ခဲ့ ပါတယ်။ ဒီလို ဆုံးဖြတ်ချက်တွေနဲ့ ကွန်ဆာဗေးတစ် တရားသူကြီး အများစု လွှမ်းမိုးထားတဲ့ တရားရုံးချုပ်မှာ လူနည်းစုဝင် လူမည်း အမျိုးသမီး တရားသူကြီး တယောက် အနေနဲ့ အပြောင်းအလဲတွေ ဖြစ်လာအောင် လုပ်ဆောင်နိုင်ပါ့မလား။ ပါမောက္ခ ဒေါ်မီမီဝင်းဘတ်က ခုလို သုံးသပ်ပါတယ်။

“သူရှိလာတဲ့အတွက် နည်းနည်းပါးပါးတော့ ပြောင်းလဲလာမယ်လို့ ခန့်မှန်းလို့ရတယ်။ ဒါပေမဲ့လည်း သူ တယောက်တည်းနဲ့တော့ လုပ်လို့မရဘူး။ ဒီဥစ္စာက လူမှုအသိုင်းအဝိုင်း တခုလုံးအတွက်။ ကိုယ်ဝန်ဖျက်ချခွင့်၊ သေနတ်ကိုင်ဆောင်ခွင့် ဆိုတဲ့ ကိစ္စတွေက လူမှုအသိုင်းအဝိုင်း တခုလုံးမှာ ဖြစ်နေတဲ့ကိစ္စတွေ ဆိုတော့ ဒါက လွှတ်တော်မှာလည်း လိုအပ်တယ်။ လွှတ်တော်မှာလည်း အမျိုးသမီးတွေ တဝက် ကိုယ်စားပြုမှုရှိဖို့ အရမ်း လိုအပ်တယ်။ ကိုယ်စားပြုမှု ရှိမှပဲ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ လူ့အခွင့်အရေး ပိုမို တိုးတက်အောင် လုပ်နိုင်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အခုချိန်မှာ တရားရုံးချုပ်မှာလည်း နေရာ ရပြီ။ အုပ်ချုပ်ရေး ကဏ္ဍမှာလည်း ရပြီ။ ဒါပေမဲ့ တခု ကျန်နေသေးတာက ဥပဒေပြုလွှတ်တော်ပေါ့။ ဘာလို့လဲ ဆိုတော့ ကျမတို့ရဲ့ စနစ်က “checks and balances” မ ျှမ ျှတတ လုပ်ရတဲ့အခါ ကျတော့၊ အပြန်အလှန် ထိန်းညှိမှုတွေ ရှိနေတဲ့အခါကျတော့ ကိုယ်စားပြုမှုက သိပ် အရေးကြီးပါတယ်။ အဲ့ဒီ ကိုယ်စားပြုမှု ဆိုတာမှာလည်း လူမျိုးရေးရော၊ အမျိုးသမီးရော နှစ်ခုလုံး ပါတယ်။ အနည်းဆုံးတော့ အမျိုးသမီး ၅၀ % ရှိတဲ့အတွက် ၅၀ % ကိုယ်စားပြုမှု လိုအပ်တယ်။ နောက်ပြီးတော့ လူမည်းတွေကလည်း အမေရိကားမှာ ၂၅ % - ၃၀ % လောက်ရှိတယ်ဆိုတော့ လွှတ်တော်မှာလည်း ဒီလို ၂၅ % - ၃၀ % လောက် လူမည်းတွေ ရှိသင့်တယ်ပေါ့။ စနစ်က တကယ် မ ျှမ ျှတတ ဖြစ်တယ်ဆိုရင်ပေါ့။”

လက်ရှိ တရားရုံးချုပ် တရားသူကြီး ၉ ဦးမှာ ၆ ဦးက သမာရိုးကျ ကွန်ဆာဗေးတစ်တရားသူကြီးတွေ ဖြစ်ပြီး လစ်ဘရယ် တရားသူကြီးက ၃ ဦးသာ ရှိပါတယ်။ လစ်လပ်သွားတဲ့ လစ်ဘရယ် တရားသူကြီး ဘရိုင်ယာ ရဲ့နေရာမှာ နောက်ထပ် လစ်ဘရယ် တရားသူကြီး တဦး အနေနဲ့ တရားသူကြီး ဂျက်ဆင် အစားထိုး နေရာယူတာဖြစ်လို့ တရားရုံးချုပ်မှာ အတွေးအခေါ် အယူအဆပိုင်း ဆိုင်ရာ ဆုံးဖြတ်ချက် ကြီးကြီးမားမား ပြောင်းလဲလာဖို့တော့ မလွယ်ကူနိုင်ဘူးလို့ ဒေါ်မီမီဝင်းဘက်က ပြောပါတယ်။

ဒါပေမဲ့လည်း လက်ရှိ တရားသူကြီး အများစုနဲ့မတူတဲ့ သူ့ရဲ့ နောက်ခံ သမိုင်းကြောင်း၊ ဖြတ်သန်းမှု အတွေ့အကြုံတွေအရ သူအစားထိုး ဝင်လာတဲ့ တရားသူကြီး ဘရိုင်ယာ ထက် ကွန်ဆာဗေးတစ် အယူအဆတွေကို ပိုပြီး အခြေအတင် တုံ့ပြန်နိုင်တယ်လို့တော့ လေ့လာသူတွေက သုံးသပ် ကြပါတယ်။ ခွဲခြားဆက်ဆံခံရတဲ့ လူနည်းစုဝင် အသိုင်းအဝိုင်းက လာသူလည်းဖြစ်၊ အမျိုးသမီး တယောက်လည်း ဖြစ်တဲ့အတွက် လူမျိုးရေးအရ၊ ကျား-မ ကွဲပြားမှုအရ လူအများ ထည့်သွင်း စဉ်းစားလေ့မရှိတဲ့ အချက်တွေ၊ အတွေးအခေါ် အယူအဆတွေနဲ့ ခွဲခြား ဆက်ဆံခံရသူတွေ အတွက် တရားမ ျှတမှု ရရေး ကိုယ်စားပြုနိုင်တဲ့ တရားသူကြီး တယောက် ဖြစ်လာဖို့လည်း အမျိုးသမီးတွေနဲ့ လူနည်းစုတွေက မေ ျှာ်လင့်ကြတာပါ။

တရားသူကြီး ဂျက်ဆင်န် ကတော့ ဘက်လိုက်မှုကင်းပြီး သီးခြားလွတ်လပ်ရတဲ့ တရားသူကြီး တယောက်ရဲ့ တာဝန်ကို သူ အကောင်းဆုံး ထမ်းဆောင်သွားမယ့် အကြောင်း တရားရုံးချုပ် တရားသူကြီးအဖြစ် သူ့ကို တရားဝင် အတည်မပြုခင် ကတည်းက ကတိပြု ပြောဆိုခဲ့ပါတယ်။

“ကျမ သာ တရားရုံးချုပ် တရားသူကြီးအဖြစ် အတည်ပြု ခံရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၄၆ နှစ် တည်တန့် လာခဲ့တဲ့ ခိုင်မာ အားကောင်းတဲ့ အမေရိကန် ဒီမိုကရေစီ စနစ်နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အကောင်းဆုံး ထိန်းသိမ်း ကာကွယ် စောင့်ရှောက်နိုင်အောင် ဆောင်ရွက်သွားမယ် ဆိုတာကို ကတိပြုပါတယ်။ ကျမ တရားသူကြီး တယောက်အဖြစ် တာဝန်ထမ်းလာခဲ့တာ ဆယ်စုနှစ် တစုနီးပါး ရှိပါပြီ။ သီးခြား လွတ်လပ်စွာ ရပ်တည်ရမယ်ဆိုတဲ့ တရားသူကြီး တယောက်ရဲ့ တာဝန် ဝတ္တရားကို အထူး အလေးအနက် ထားပါတယ်။ အမှုတွေကို ဘက်လိုက်မှုမရှိ၊ အချက်အလက်တွေကို အခြေခံပြီး သုံးသပ် ဆုံးဖြတ်ရပါတယ်။ တရားသူကြီးတယောက် ကျမ်းသစ္စာ ကျိန်ဆိုထားတဲ့အတိုင်း အကြောက်တရား ကင်းပြီး ဘက်လိုက်မရှိအောင်၊ ဖြစ်ရပ်တိုင်းမှာ အချက်အလက်တွေကို အခြေခံပြီး သုံးသပ် ဆုံးဖြတ်ပါတယ်။”

ဟားဗတ်တက္ကသိုလ်ကနေ ဥပဒေပညာဘွဲ့ ယူခဲ့တဲ့ တရားသူကြီး ဂျက်ဆင်န် ဟာ တရားရုံးချုပ်မှာ သူ အစားထိုး ခန့်အပ်ခံရတဲ့ တရားသူကြီး ဘရိုင်ယာ လက်အောက် ဝန်ထမ်းတယောက်အဖြစ် အလုပ် လုပ်ခဲ့ဖူးတဲ့သူပါ။ ဝါရှင်တန်ဒီစီ ခရိုင်တရားရုံးမှာ ဖက်ဒရယ် တရားသူကြီး အဖြစ် ၂၀၁၃ ခုနှစ်က ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းခဲ့သလို၊ အဲ့ဒီနောက် ဝါရှင်တန်ဒီစီမှာရှိတဲ့ ဖက်ဒရယ် အယူခံတရားရုံး တရားသူကြီး အဖြစ်လည်း ၁ နှစ် တာဝန်ထမ်း ခဲ့ဖူးပါတယ်။ ဖက်ဒရယ်တရားရုံးတွေ အတွက် ပြစ်ဒဏ် သတ်မှတ်ချက်ဆိုင်ရာ ညွှန်ကြားချက်တွေ ချမှတ်ပေးရတဲ့ တရားစီရင်ရေးဆိုင်ရာ သီးခြားလွတ်လပ်တဲ့ ကော်မရှင်မှာလည်း ဒုတိယအကြီးအကဲ တာဝန် ယူခဲ့တဲ့သူပါ။

ဆယ်စုနှစ် တစုကျော် တရားသူကြီး တာဝန်တွေ ထမ်းဆောင်ခဲ့ချိန်အတွင်း ပြစ်မှုတွေ ကိုင်တွယ်ရာမှာ သက်ညှာလွန်းတယ် ဆိုတဲ့ ဝေဖန်ချက်တချို့ ရှိခဲ့ပေမဲ့၊ အများစုကတော့ သမာသမတ်ကျတဲ့ တရားသူကြီးအဖြစ် သူ့ကို သတ်မှတ်ကြပါတယ်။ တရားသူကြီး ဂျက်ဆင်န် ဟာ လူမည်း အမျိုးသမီးတွေ အတွက်သာမက၊ အားလုံးအတွက် လေးစား အတုယူစရာ အမျိုးသမီးတယောက် ဖြစ်တယ်လို့ ပါမောက္ခ ဒေါ်မီမီဝင်းဘက်က ပြောပါတယ်။

“အမေရိကားမှာ လူမည်းတွေက ကျွန်ပြုခံခဲ့ရတယ်။ ဆိုတော့ အဲ့ဒီဘဝကနေ ဒီနေ့ နိုင်ငံရဲ့ ထိပ်ဆုံး အမြင့်ဆုံးဖြစ်တဲ့ တရားရုံးချုပ်ကို ရောက်တယ်ဆိုတာ နည်းတဲ့ ကြိုးစားမှု မဟုတ်ဘူး။ နောက်ပြီး လူမည်းတွေ ထဲမှာမှ ပိုပြီး ခံစားရတာက အမျိုးသမီးတွေ။ အမျိုးသမီးတွေက အရမ်း အနှိမ်ခံရတယ်။ သူတို့က အောက်ဆုံးမှာပဲ။ ဆိုတော့ အဲ့ဒီလိုနေရာကနေ အပေါ်ထိကိုရောက်ဖို့က မျိုးဆက်တွေနဲ့ချီ ကြိုးစားပြီး ဖြစ်လာတာ ဆိုတော့ အရမ်းကို ချီးကျူးစရာ ကောင်းပါတယ်။ ဂုဏ်ယူဖို့သင့်တယ်။ အမြဲတမ်း ဇွဲပေါ့နော်။ ဇွဲရှိနေရင် တော်တော်များများ အခက်အခဲတွေကို ကျော်လွှားနိုင်ပြီး ပန်းတိုင် ရောက်နိုင်တယ်ဆိုတာကို သူက ပြသွားတာလေ။ သူ ကျောင်းသွားခဲ့တဲ့အချိန်၊ ဟားဗက်တက္ကသိုလ် တက်ခဲ့တဲ့အချိန်တွေက တကယ်တော့ ခွဲခြားဆက်ဆံမှုတွေ ရှိနေသေးတာ။ အမည်း အမျိုးသမီးတယောက် ဒီလိုမျိုး ကျောင်းကို တက်နိုင်တယ်ဆိုတာ အရမ်းတော်မှ ရတာ။ ဆိုတော့ ဒါက တော်တော်ကို ချီးကျူးစရာကောင်းတယ်။ ဂုဏ်ယူစရာ ကောင်းတယ်။ နမူနာ ယူစရာ ကောင်းတယ်လို့ ပြောလို့ရတယ်။”

တရားသူကြီး ဂျက်ဆင်န် အနေနဲ့ ဇွန်လ ၃၀ ရက်၊ တရားဝင် တာဝန် စတင် ထမ်းဆောင်ချိန်ကနေ တာဝန်က အနားယူမယ့်ချိန်အထိ တသက်တာ တရားရုံးချုပ် တရားသူကြီးအဖြစ် တာဝန်ထမ်းသွားရမှာပါ။

၁၁၆ ယောက်မြောက် အမေရိကန် တရားရုံးချုပ် တရားသူကြီးလည်းဖြစ်၊ အမေရိကန်ရဲ့ ပထမဆုံး လူမည်း အမျိုးသမီး တရားရုံးချုပ် တရားသူကြီး လည်း ဖြစ်တဲ့ ဂျက်ဆင်န် ဟာ တရားရုံးချုပ်မှာ တာဝန်ထမ်းဆောင်တဲ့ တတိယမြောက် အာဖရိကနွယ်ဖွား ဖြစ်ပြီး အမျိုးသမီးတွေ ထဲမှာတော့ ဆဌမမြောက် ပါ။ သူ့အရင် တရားရုံးချုပ်မှာ ရှိနေကြတဲ့ တရားသူကြီး Sonia Sotomayor ၊ Elena Kagan နဲ့ Amy Coney Barrett တို့နဲ့အတူ တာဝန်ထမ်း ရမှာ ဖြစ်ပါတယ်။

ကျန်တဲ့ အမျိုးသမီး တရားသူကြီးနှစ်ဦး ကတော့ တာဝန်က အနားယူသွားပြီဖြစ်တဲ့ တရားသူကြီး Sandra Day O'Connor နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ တရားသူကြီး Ruth Bader Ginsburg တို့ဖြစ်တယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင့်။

===========================================================

[Unicode]



















XS
SM
MD
LG