[[ ZAWGYI / UNICODE ]]
ယူကရိန်း အရှေ့ပိုင်း Lysychansk မြို့ကို သိမ်းပိုက်ကြောင်း ရုရှား ကြေညာ
ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသက ယူကရိန်းတွေထိန်းချုပ်ထားဆဲဖြစ်တဲ့ နောက်ဆုံးမြို့ Lysychansk ကို သိမ်းပိုက်ခဲ့တယ်လို့ ရုရှားက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ Luhansk ပြည်သူ့သမ္မတနိုင်ငံ - LPR အဖြစ် ခွဲထွက်ရေးလိုလားသူတွေ အမည်ပေးထားတဲ့ ဒီဒေသကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က သမ္မတ Vladimir Putin ဆီကို အကြောင်းကြားခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တယ်လီဂရမ် ကွန်ယက်မှာ ပြောကြားခဲ့တာပါ။
ရုရှားတပ်တွေဟာ LPR ပြည်သူ့စစ်အဖွဲ့တွေနဲ့ အတူလက်တွဲ ထိုးစစ်ဆင်ခဲ့တဲ့ အတွက် စက်မှုထွန်းကားတဲ့ Lysychansk မြို့နဲ့ ဝန်းကျင်ဒေသ အများအပြားကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး Shoigu က သတင်းပို့ခဲ့ကြောင်း ဝန်ကြီးဌာနရဲ့ post မှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ရဲ့ BBC သတင်းဌာနနဲ့ မေးမြန်းခန်းမှာတော့ အဲဒီ Lysychansk ကို ရုရှားတပ်တွေနဲ့ သူတို့ရဲ့ မဟာမိတ်ခွဲထွက်ရေးတပ်ဖွဲ့တွေ အပြည့်အဝ ထိန်းချုပ်ထားတာ မဟုတ်ဖူးလို့ ပြောကြားထားတာပါ။ ဒါပေမယ့် ရုရှားက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေချိန်မှာပဲ အဲဒီမြို့က တချို့နေရာတွေကနေ ယူကရိန်းတပ်တွေဆုတ်ခွါပေးခဲ့ ရတယ်လို့ ပြောပါတယ်။ ယူကရိန်းက ဒေသအုပ်ချုပ်ရေးမှုး Serhiy Haidai ကတော့ ဒီမြို့ဟာ အပြင်းအထန်တိုက်ခိုက်တာ ခံနေရကြောင်း ပြောပါတယ်။ ယူူကရိန်းစစ်တပ်ပြောခွင့်ရ ကလည်း လူ့အသက်ကို ထိပ်တန်းဦးစားပေးအဖြစ် တန်ဖိုးထားတဲ့ ယူကရိန်းတွေ အတွက် တချို့ဒေသတွေဆို နောက်မှ ပြန်သိမ်းပိုက်နိုင်တဲ့အတွက် ဆုတ်ပေးလိုက်တာမျိုးရှိတယ်လို့ ပြောပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲှတာ ၄ လ ရှိနေပြီဖြစ်ပြီး အစောပိုင်းမှ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို ဖြုတ်ချဖို့ ဒါမှမဟုတ် မြို့တော် Kyiv ကို သိမ်းပိုက်ဖို့ မအောင်မြင်တဲ့ အတွက် ရုရှားက ယူကရိန်းအရှေ့ပိုင်း Donbas ဒေသကို ထိန်းချုပ်ဖို့ ဦးစားပေး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းတွေဟာ Luhansk ဒေသနဲ့ ကပ်ရက် Donetsk ဒေသက မြို့အများအပြားကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
==============
{{ UNICODE }}