[[ ZAWGYI / UNICODE ]]
နျူကလီးယား စက်ရုံတွေက စောင့်ကြည့်ကင်မရာတွေ အီရန်ဖယ်ရှား
အီရန်နိုင်ငံက နျူကလီးယားစက်ရုံတွေမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ ၂၇ ခုကို ဖယ်ရှားလိုက်တာကြောင့် နျူကလီးယား လုပ်ငန်းတွေကို စောင့်ကြည့်ဖို့ မလွယ်တော့ကြောင်း နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲက ပြောလိုက်ပါတယ်။
အီရန်ရဲ့ လုပ်ရပ်ဟာ စိုးရိမ်စရာ စိန်ခေါ်မှုဖြစ်ပြီး၊ မကြာခင်သီတင်းပတ်တွေမှာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ သိနိုင်တော့မှာ မဟုတ်ကြောင်းလည်း IAEA အတွင်းရေးမှူးချုပ် Rafael Mariano Grossi က ကြာသပတေးနေ့မှာ ပြောဆိုလိုက်တာပါ။ ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံနဲ့ ရရှိခဲ့တဲ့ အီရန်နျူကလီယားအရေး နိုင်ငံတကာ သဘောတူညီချက်ကို ပြန်လည်အသက်သွင်းနိုင်ဖို့ စေ့စပ်ညှိနှိုင်းမှုတွေကို အကြီးအကျယ် ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း ပြောပါတယ်။
တခြားနျူကလီးယားစက်ရုံတွေမှာရှိတဲ့ ကင်မရာ ၄၀ လောက်ကတော့ ရှိနေဆဲပဲလို့ ပြောပါတယ်။ ကင်မရာတွေ ဖယ်ရှားလိုက်တဲ့ စက်ရုံတွေထဲမှာတော့ နျူကလီးယားသန့်စင်တဲ့ Natanz မြေအောက်စက်ရုံနဲ့ Isfahan က စက်ရုံတွေ ပါဝင်ကြောင်းလည်း IAEA အကြီးအကဲက ပြောပါတယ်။ အီရန်နျူကလီးယားအရေး ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်ကို ပြန်လည်အသက်သွင်းနိုင်ဖို့ ကြိုးပမ်းမှုတွေကတော့ ဧပြီလကစ ရပ်ဆိုင်းနေတာပါ။
အမေရိကန် သမ္မတဟောင်း Donald Trump လက်ထက်က နုတ်ထွက်ခဲ့တဲ့ သဘောတူညီချက်မှာ ပြန်လည်ပါဝင်ဖို့ သမ္မတ Joe Biden အစိုးရက စေ့စပ်ညှိနှိုင်းတာတွေ ရှိပေမဲ့ အောင်မြင်မှုတော့ မရခဲ့ပါဘူး။ ကျွမ်းကျင်သူတွေကတော့ အီရန်ဟာ နျူကလီးယားဗုံး ထုတ်လုပ်နိုင်မယ့် သန့်စင်ပြီးသား ယူရေနီယံ ထုတ်လုပ်နိုင်ဖို့ နီးစပ်နေပြီလို့ ခန့်မှန်းနေကြပါတယ်။ အီရန်ကတော့ နျူကလီယား လုပ်ငန်းတွေဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့သာဖြစ်ကြောင်း ကာကွယ်ပြောဆိုထားပါတယ်။
=====================================
{{ UNICODE }}