သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင့်ဖလွိုက်ဒ် ယူကရိန်းရန်ပုံငွေ သီချင်းသစ်


ပင့်ဖလွိုက်ဒ် ယူကရိန်းရန်ပုံငွေ သီချင်းသစ်
please wait

No media source currently available

0:00 0:04:09 0:00

ဗြိတိသျှ ရော့ခ်ဂီတအဖွဲ့ ပင့်ဖလွိုက်ဒ်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ဆင်မှုကိုရင်ဆိုင်ရတဲ့ ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးရန်ပုံငွေရှာဖွေဖို့ သီချင်းတပုဒ်ထုတ်လိုက်ပါတယ်။ ရုရှားကို ခုခံတိုက်ခိုက်တဲ့ ယူကရိန်းအဆိုတော်ရဲ့ သီချင်းကို အသားပေးထည့်ထားတာပါ။ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။

နာမည်ကျော်ဗြိတိသျှ ရော့ခ်ဂီတအဖွဲ့ဖြစ်တဲ့ ပင့်ခ်ဖလွိုက်ဒ် Pink Floyd အဖွဲ့ဟာ ကျူးကျော်ခံရတဲ့ ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေရှာဖို့ သီချင်းသစ်တပုဒ် ဧပြီလ ၈ ရက်နေ့ကပဲ ထုတ်လိုက်ပါတယ်။ သူတို့သီချင်းထဲမှာ ယူကရိန်းအဆိုတော်တယောက်ရဲ့ သီချင်းကိုပါ ထည့်ထားတာပါ။ အဲဒီအဆိုတော်က သူ့နိုင်ငံကို ကာကွယ်ဖို့ နိုင်ငံတကာလှည့်သွားနေတဲ့ ဖျော်ဖြေရေးခရီးစဉ်ကိုရပ်ပြီး ရှေ့တန်းမှာ ထွက်တိုက်တာမို့ ဒဏ်ရာရထားတာပါ။

အခုထွက်လိုက်တဲ့ ဟေးဟေးရိုက်စ်အပ် Hey Hey Rise Up ဆိုတဲ့ သီချင်းက Pink Floyd အဖွဲ့ရဲ့ နှစ်ပေါင်း ၃၀ ကာလအတွင်း ပထမဆုံး အသစ်ထွက်တဲ့ သီချင်းဖြစ်ပြီးတော့ အဲ့သီချင်းကို မထုတ်ခင် တပတ်မှာပဲ အသံသွင်းခဲ့တာဖြစ်ပါတယ်။ ယူကရိန်းဂီတအဖွဲ့ Boombox အဖွဲ့ရဲ့ အဆိုတော် အန်ဒရေ ကလပ်ဖ်ညက်ဖ် Andriy Khlyvnyuk သီချင်းဆိုထားတာကို လူမှုကွန်ရက်စာမျက်နှာပေါ်က ယူပြီး သူတို့သီချင်းထဲမှာ အသားပေးထည့်ထားပါတယ်။ အဲဒီအဆိုတော်က ကီးယက်ဗ်မြို့တော်မှာရှိတဲ့ St. Sophia ဘုရားရှိခိုးကျောင်း ရှေ့မှာ ဇာတိသွေးဇာတိမာန်တက်စေတဲ့ ယူကရိန်းသီချင်းတပုဒ်ကို ဆိုထားတဲ့ ဗွီဒီယိုကို လူမှုကွန်ယက်ပေါ် တင်ထားတာဖြစ်ပါတယ်။

Pink Floyd အဖွဲ့ထဲက ဂီတာသမား ဒေးဗစ်ဂေးလ်မော David Gilmour က Khlyvnyuk နဲ့ အရင်က လန်ဒန်မှာ ၂၀၁၅ မှာ အတူတူ ပွဲတီးဖူးပြီး Andriy Khlyvnyuk အမေရိကန်ပြည်ထောင်စုမှာ Boombox နဲ့ ဖျော်ဖြေနေရာကနေ ယူကရိန်းကိုပြန်ပြီး နယ်မြေခုခံရေးတပ်ဖွဲ့တွေနဲ့ သွားပူးပေါင်းတယ်ဆိုတာ သိလိုက်ရတာပါ။

“နောက်တော့ ဒီသိပ်ကောင်းတဲ့ သီချင်းဗွီဒီယိုကို အင်စတာဂရမ် စာမျက်မှာပေါ်မှာ တွေ့လိုက်ရတယ်။ ကီးယက်ဗ်က ရင်ပြင်တခုမှာသီချင်းဆိုနေတာ။ အရမ်းလှတဲ့ ရွှေရောင်အမိုးခုံးကြီးနဲ့ ဘုရားကျောင်းရယ်၊ တိတ်ဆိတ်နေတဲ့ မြို့တော်ကြီး၊ စစ်ပွဲကြောင့် ကားသံလူသံတွေရောတိတ် ဘာဆူညံသံမှ နောက်ခံမပါပဲ သီချင်းဆိုထားတာ” လို့ Pink Floyd အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ ပြောထားပါတယ်။

မော်တာကျဉ်စမှန်လို့ ကီးယက်ဗ်မြို့တော်က ဆေးရုံတခုမှာ ဆေးကုသခံနေတဲ့ Khlyvnyuk နဲ့ David Gilmour ဒီသီချင်းသစ်အတွက် သီချင်းစပ်နေတုန်း စကားပြောခဲ့ရတာပါ။

“ကျွန်တော်သူ့ကို ဖုံးထဲကနေ သီချင်းနည်းနည်းဖွင့်ပြခဲ့တယ်။ သူအရမ်းသဘောကျပါတယ်။ အရမ်းလည်းကျေးဇူးတင်တယ်။ တချိန်သူနဲ့ အပြင်မှာ အတူတူပြန်ပြီး ဖျော်ဖြေနိုင်ဖို့ ကျွန်တော်တို့ နှစ်ယောက်လုံး မျှော်လင့်ပါတယ်” လို့လည်း သူက ပြောပါတယ်။

David Gilmor ကိုယ်တိုင်ကလည်း ယူကရိန်းနဲ့ ပုဂ္ဂိုလ်ရေးရာ အဆက်အစပ်ရှိတာပါ။ သူ့ချွေးမက ယူကရိန်းကဖြစ်ပြီး သူ့မြေးလေးတွေကလည်း ယူကရိန်းနဲ့ အင်္ဂလိပ် အစပ်လေးတွေ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ စစ်ရေးစွမ်းရည်ကို လျှော့ချဖို့နဲ့ အမျိုးသားရေးဝါဒီတွေကို အမြစ်ဖြုတ်ဖို့ အခုလို ယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ရတာပါလို့ ပြောတဲ့ ရုရှားကျူးကျော်စစ်ကို သူ အင်မတန်ဒေါသထွက်မိ၊ အကြံအိုက်မိတာ ဖြစ်ပါတယ်။

ယူကရိန်းအဆိုတော် သီဆိုထားတဲ့ ပထမကမ္ဘာစစ် ဆန့်ကျင်ရေးသီချင်းထည့်သွင်းထားတဲ့ Pink Floy သီချင်းသစ်ထဲမှာတော့ Pink Floyd အဖွဲ့ စတည်ထောင်သူ အဖွဲ့ဝင်ဖြစ်တဲ့ Nick Mason လည်းပါဝင်ထားပြီး တခြားအနုပညာရှင်တွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အခု သီချင်းကရတဲ့ ငွေကို ယူကရိန်းလူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးရန်ပုံငွေ အဖွဲ့ကို လှူဒါန်းမှာ ဖြစ်ပါတယ်။

XS
SM
MD
LG